Sunday, August 11, 2013

တကယ်မသေခင် အစမ်း သေကြည့်ကြရအောင်

Posted by drmyochit Sunday, August 11, 2013, under | No comments



တကယ်သေလွန်ခါနီး အချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့ အတွက် မသေခင် ကတည်က ကိုတင် ပြင်ဆင် ထားဖို့လိုအပ် ပါတယ်။

တကယ်သေမယ့်အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း နိမိတ်ကောင်းတွေ ထင်မြင်နေဖို့ အတွက် အသေလေးနဲ့သေခါနီး အချိန်ကို အာရုံကောင်း နိမိတ် ကောင်းတွေနဲ့ထုံမွှမ်းပေးထားရ ပါမယ်။

ညအိပ်စက်တာဟာ အသေလေး နဲ့သေတာပါ။ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့တပြိုင်နက် အာရုံကောင်းတွေ၊ကုသိုလ်အာရုံ တွေပဲ ထင်မြင်နေစေရပါမယ်။ကုသိုလ်အာရုံ ၄ မျိုးရှိပါတယ်။

ဒါနအာရုံ ။ သီလအာရုံ ။ သမထ အာရုံနဲ့ ဝိပဿနာအာရုံ တို့ဖြစ်ပါ တယ်။

တကယ်သေခါနီးအချိန်မှာ ဘယ် ကုသိုလ်အာရုံထင်လာမယ် ဘယ် ကုသိုလ်ကိုအာရုံယူလို့ရမယ်ဆို တာကြိုတင်မသိနိုင်တဲ့အတွက် အိပ်ခါနီးအချိန်မှာ ကုသိုလ်အာရုံ ၄မျိုးလုံးကိုယူထားရပါမယ်။

စနစ်တကျကြိုတင်လေ့ကျင့်ထား တာတောင်မှ တကယ့်တကယ် သေခါနီးကျတော့ ဘယ်ကုသိုလ် ကိုအာရုံ ယူရမှန်းမသိဖြစ်နေတတ် ပါတယ်။တကယ်လို့သိခဲ့ရင်တောင် မှအင်အားကြီးမားတဲ့ အစွဲလမ်း အာရုံတွေ အတွယ်တာအာရုံတွေ ရဲ့လွှမ်းမိုးမှုကြောင့် ကုသိုလ်အာရုံ ကို အာရုံယူဖို့ခက်ခဲနေတတ်ပါ တယ်။

ဒါ့ကြောင့် ညအိပ်ခါနီးအချိန်ကို တကယ်သေခါနီးအချိန်လို့သဘော ထားပြီး ကုသိုလ်အာရုံစွဲမြဲအောင် အလေးနက် ထားကြိုးစားကြရပါ မယ်။

၁။ ဒါနကုသိုလ်အနေနဲ့ ညအိပ်ရာ ဝင်ခါနီးတိုင်းဘုရားသောက်တော် ရေအသစ်လဲတဲ့အကျင့်စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး (အသေလေး နဲ့သေခါနီး)ရဲ့အနီးကပ်ဆုံးဒါနကု သိုလ်ဖြစ်လို့အာရုံယူရတာအလွန် လွယ်ကူပါတယ်။

၂။သီလကုသိုလ်အနေနဲ့ ညအိပ်ရာ ဝင်ခါနီးတိုင်း ငါးပါးသီလကိုအသစ် ခံယူဆောက်တည်ပါ။ဆောက်တည် ပြီးတဲ့အချိန်ကစပြီး မကျိုးပေါက် ပါစေနဲ့။ သီလယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလလုံခြုံနေပြီလို့ဝမ်း မြောက် ဝမ်းသာဖြစ်နိုင်ပါတယ်။

၃။ သမထကုသိုလ်အနေနဲ့ကိုယ် အနှစ်သက်ဆုံးဘုရားဂုဏ်တော် တခုခုကိုပွားများပါ။ဥပမာ- အရဟံ ဂုဏ်တော်ကိုနှစ် သက်ကြည်ညိုတယ်ဆိုရင် အရဟံ-ကိလေသာကင်းစင်တော် မူသောမြတ်စွာဘုရား။ အရဟံ-ဆိတ်ကွယ်ရာ အရပ်၌ပင်မကောင်း မှုကိုပြုတော်မမူသော မြတ်စွာဘုရား။ အရဟံ-ပူဇော်အထူး ကိုခံယူ တော်မူထိုက်သောမြတ်စွာဘုရား။'' လို့အရဟံဂုဏ်တော်ရဲ့အဓိပ္ပါယ် ကိုအာရုံထင်မြင်အောင် စိတ်ထဲက နေနှလုံးသွင်းပွားများရပါမယ်။

နောက်တစ်ခုသမထအနေနဲ့ 'သတ္တဝါအားလုံးချမ်းသာပါစေ'လို့အနည်းဆုံး ၃ ခေါက်လောက် မေတ္တာဘာဝ နာပွားများနေရပါ မယ်။

၎။ နောက်ဆုံးဝိပဿနာကုသိုလ် အနေနဲ့ နှာသီးဝလေထိရာအရပ် မှာ သတိကပ်ထားပြီး လေဝင်ရင် ဝင်တယ် လေထွက်ရင်ထွက်တယ် ရှုမှတ်ပြီးနေပါ။လေဝင်လေထွက်တိုင်းထိတွေ့ တွန်းကန်မှုတွေကို သိနေ မယ်ဆိုရင် လောဘ ဒေါသစတဲ့ကိလေ သာတွေလည်းဖြစ်ခွင့်မရတော့ပါ ဘူး။

သမာဓိဥာဏ်ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာလေဝင် လေထွက်မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန် ကိုမျက်မှောက်ပြုသွားနိုင်ပါ တယ်။

ညအိပ်တိုင်း ဒါနအာရုံ ။ သီလအာရုံ ။ သမထအာရုံ ။ ဝိပဿနာအာ ရုံတွေနဲ့အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီအာရုံ ၄မျိုး တမျိုးမျိုးနဲ့သေလွန်ရမှာသေ ချာပါတယ်။

ကုသိုလ်အာရုံနဲ့သေ လွန်သွားသူကို ကောင်းရာသုဂတိ ဘုံတွေက လက်ကမ်းကြိုဆိုနေကြ မှာပါ။ဒါ့ကြောင့် ညအိပ်ရာဝင် ခေါင်းအုံး ပေါ်ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တပြိုင်နက် 'ငါခဏ သေလိုက်အုံးမယ် 'လို့ ကိုယ့်ကိုယ်ကိုစိတ်ထဲက ပြောပြီး သေနည်းလေ့ကျင်ကြဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။

မသေခင်လုပ်ရမယ့်အလုပ်တွေ ထဲမှာ သေနည်းလေ့ကျင့်တဲ့အ လုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်း ထားရပါမယ် ။

ဆရာတော်အရှင် ဆန္ဒာဓိက
(ရွှေပါရမီတောရ)

credit to Su Thandar.
Dr Shwe Tun

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်