Sunday, September 15, 2013

ကိုယ်စားပြုနိုင်ငံက အသိအမှတ်မပြုသည့် မယ်ကမ္ဘာပြိုင်ပွဲဝင် အလှမယ်

Posted by drmyochit Sunday, September 15, 2013, under | No comments

မယ်ကမ္ဘာ ပြိုင်ပွဲတွင် ဂါနီဗာ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း သူမသည် နိုင်ငံကို ကိုယ်စားမပြုကြောင်း ဥဇဘက် အစိုးရက ကြေညာသည်။

မယ်ကမ္ဘာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူတစ်ဦးသည် ကိုယ်စားပြုနိုင်ငံအတွက် ကိုယ်စားပြုလာသည့် အလှဆုံး၊ အထက်မြက်ဆုံး ဂုဏ်ယူစရာ မိန်းကလေးတစ်ယောက်အဖြစ် လူတိုင်း အသိအမှတ်ပြုကြမည်သာဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှား နိုင်ငံတွင် လက်ရှိ ကျင်းပနေသည့် မယ်ကမ္ဘာ ပြိုင်ပွဲတွင် ဥဇဘက်ကစ္စတန်အတွက် ကိုယ်စားပြု ယှဉ်ပြိုင်နေသည့် ရက်ခ်ဟီမာ ဂါနီဗာအတွက်မူ ယင်းကဲ့သို့ မော်ကြွားစရာ အခြေအနေမျိုးနှင့် အကျုံးဝင်ခွင့် ရမည်မဟုတ်ချေ။ အသက်(၁၈)နှစ်သာ ရှိသေးသည့် တက်ရှ်ကန့် ဒေသဖွား မိန်းမချောလေးသည် ယခုနှစ် ပြိုင်ပွဲတွင် ဥဇဘက် ကိုယ်စားပြု ပထမဆုံး အလှမယ်အဖြစ် မယ်ကမ္ဘာပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ သူမသည် အခြား ကမ္ဘာ့နိုင်ငံ (၁၃၀)မှ အလှမယ်များနှင့်အတူ စိတ်လှုပ်ရှားစွာ ပြိုင်ပွဲ ဝင်နေခြင်း ဖြစ်သည်။  အစပိုင်းတွင် ဂါနီဗာအတွက် အရာရာ အဆင်ပြေနေခဲ့သလို သူမ၏ အရည်အသွေးကောင်းများကိုလည်း ထုတ်ပြနိုင်ခဲ့သည်။ ဂါနီဗာသည် အင်္ဂလိပ်စကားကို ရေလည်ချောမွတ်စွာ ပြောနိုင်သည်။ တင်းနစ်ကစားသည်။ စန္ဒရား တီးတတ်သည်။ ထို့အပြင် ဥဇဘက် သမ္မတ၏ သမီးဖြစ်သူ အချောအလှလေး ဂူလ်နာရာ ကာရီမိုဗာနှင့်ပင် ဆင်တူကြောင်း ချီးကျူးခံရသည်။



အဆိုပါ အခြေအနေများသည် လက်ရှိတွင်မူ စိတ်အနှောင့်အယှက် ဖြစ်စရာ အနေအထားသို့ ကူးပြောင်းသွားသည်။ မယ်ကမ္ဘာ ပြိုင်ပွဲတွင် ဂါနီဗာ ဝင်ရောက် ယှဉ်ပြိုင်သော်လည်း သူမသည် နိုင်ငံကို ကိုယ်စားမပြုကြောင်း ဥဇဘက် အစိုးရက ကြေညာသည်။ ဥဇဘက် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာနနှင့် ဥဇဘက် အမျိုးသမီးများ ကော်မတီတို့က ဂါနီဗာကို ဥဇဘက် ကိုယ်စားပြု အလှမယ်အဖြစ် မိမိတို့ အသိအမှတ် လုံးဝမပြုကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ ထို့အပြင် ဂါနီဗာသည် နိုင်ငံအတွင်းတွင် အလှမယ် ရွေးချယ်မှု အဆင့်ဆင့်ကို ဖြတ်သန်း ယှဉ်ပြိုင်ခဲ့ခြင်း မရှိဟုလည်း ဆိုသည်။

"ဂါနီဗာဟာ ဘယ်တုန်းကမှ ဥဇဘက်ရဲ့ အထူးပြု အလှမယ် ရွေးချယ်ပွဲ တစ်ခုခုကနေ အောင်မြင် ဗိုလ်စွဲခဲ့တာ မရှိပါဘူး"ဟု တက်ရှ်ကန့် အခြေစိုက် Pro Models မော်ဒယ်လ် အေဂျင်စီကမှ ကိုယ်စားလှယ် ဇက်ဗ်လွန် ကိုမိုလော့ဗ်က ပြောကြားခဲ့သည်။ "တကယ်လို့သာ မယ်ကမ္ဘာ ပြိုင်ပွဲအတွက် နိုင်ငံမှာ လူရွေးမယ်ဆိုရင် ကျွန်တော် သေချာပေါက် ပြောရဲတာက ဂါနီဗာထက် ပိုချောပိုလှတဲ့ မော်ဒယ်လ် မိန်းကလေးတွေ အများကြီး ရွေးနိုင်ပါတယ်။ ဂါနီဗာဟာ သူ့ရဲ့ မော်ဒယ်လ်အလုပ်ကို လိမ်ညာမှု တစ်ခုနဲ့ တည်ဆောက်နေတာကတော့ စိတ်မကောင်းစရာပဲ"ဟု စွပ်စွဲခဲ့သည်။ မယ်ကမ္ဘာ ပြိုင်ပွဲကျင်းပရေး ကော်မတီကမူ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးမှု မရှိသေးချေ။

လတ်တလောတွင်မူ ဂါနီဗာ၏ အနေအထားသည် ဥဇဘက် နိုင်ငံအတွင်း အင်တာနက် သုံးစွဲသူ လူငယ် လူရွယ်များကြား၌ ကြီးကြီးမားမား အငြင်းပွားစရာ ဖြစ်နေခဲ့သည်။ ဂါနီဗာကို ဝေဖန်ပြစ်တင်သူများ ရှိသလို သူမကို ကြိုဆိုထောက်ခံ အားပေးသူ အများအပြားလည်း ရှိနေကြောင်း သတင်းများက ဆိုသည်။ ဂါနီဗာသည် တက်ရှ်ကန့်ရှိ ကမ္ဘာ့စီးပွားရေးနှင့် သံတမန်ရေးရာ တက္ကသိုလ်တွင် ကျောင်းစတက်ရန် စီစဉ်ထားကြောင်း ပြောဆိုသူများလည်း ရှိနေသည်။ မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူများ အနေဖြင့် ဂါနီဗာကို တရားဝင် ပြိုင်ပွဲဝင်အဖြစ် သတ်မှတ်နိုင်ခြင်း ရှိမရှိ ဝေခွဲမရ ဖြစ်နေဟန်တူကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျှက် ရှိသည်။ (၆၃)ကြိမ်မြောက် မယ်ကမ္ဘာ ပြိုင်ပွဲတွင် ကိုဆိုဗို၊ ကင်မရွန်း၊ ဂီနီရာ၊ ဂီနီရာဘစ်ဆူ နိုင်ငံများနည်းတူ ဥဇဘက်သည်လည်း ပထမဆုံးအကြိမ် အလှမယ်တစ်ဦး စေလွှတ်ပါဝင်ခြင်းဟု မယ်ကမ္ဘာ ပြိုင်ပွဲကျင်းပရေး ကော်မတီက ကြေညာထားခဲ့ကြောင်း သိရှိရသည်။


From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်