Tuesday, November 12, 2013

မြန်မာစံတော်ချိန်

Posted by drmyochit Tuesday, November 12, 2013, under | No comments


(ဆောင်းပါးရှင် - သူရိန်လှိုင်ဝင်း)

တနင်္ဂနွေနေ့ တစ်ရက်က မြို့ထဲမှာ ဆေးပညာဆိုင်ရာ သင်တန်းတစ်ခုရှိလို့ သွားခဲ့ရတယ်။ သင်တန်းချိန်က ၁၂ နာရီဆိုတော့ လမ်းမှာကားကျပ်မှာနဲ့တွက်ပြီး တစ်နာရီလောက် ကြိုထွက်လာခဲ့မှ သင်တန်းကို ၁၁ နာရီ မိနစ် ၅၀ အချိန်လောက်မှာ ရောက်သွားတယ်။ သင်တန်းမှာတော့ ဘယ်သူမှ မရောက်သေးဘူး။ စောသေးလို့ ထင်ပါတယ်ဆိုပြီး ဆက်စောင့်နေလိုက်တာ ၁၂ နာရီထိုးလောက်မှ သင်တဲ့ဆရာနဲ့အတူ နောက်ထပ်သင်တန်းသား နှစ်ယောက် ရောက်လာတယ်။ စုစုပေါင်း သင်တန်းသူ သင်တန်းသား ၁၂ ယောက်ရှိတဲ့ မွန်းတည့် ၁၂ နာရီစမယ့် သင်တန်းတစ်ခုဟာ ၁၂ နာရီ ၁၅ မိနစ်လောက် အချိန်ထိမှ တစ်ဝက်ပဲ ရှိသေးတယ်။ တကယ်တမ်း သင်တန်းစတဲ့ အချိန်မှာတော့ ၁၂ နာရီ ခွဲနေပါပြီ။ နောက်ကျမှ ရောက်လာတဲ့ သင်တန်းသားတွေက "ဆရာဆောရီးနော်" လို့ ပြောတော့ ဆရာကလည်း ရယ်ရယ်မောမောနဲ့ ပြန်ပြောတယ် "ကိစ္စမရှိပါဘူး မြန်မာစံတော်ချိန်ပေါ့" တဲ့။ အချိန်နောက်ကျတာကို ပြက်လုံးထုတ်လိုက်တဲ့ ဆရာ့စကားကြောင့် သင်တန်းတစ်ခုလုံး ရယ်မောသွားပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ မကောင်းလှဘူး။

တကယ်တော့ အချိန်နောက်ကျတာကို မြန်မာစံတော်ချိန်ပေါ့လို့ ပြက်လုံးတစ်ခုအဖြစ် ရောက်လာတယ် ဆိုကတည်းကိုက မြန်မာတွေ အချိန်နဲ့ပတ်သက်လို့ ဘယ်လောက်တန်ဖိုးထားမှု နည်းနေပြီလဲ ဆိုတာရဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်က ပြန်ပြောပြဖူးတယ်။ သူတို့ဆီမှာ အလုပ်ချိန်ကို နာရီနဲ့တောင် မဟုတ်ဘဲ မိနစ်နဲ့တွက်ပြီး ပေးသတဲ့။ မိနစ်နဲ့တွကပြီးပေးလို့ ပိုက်ဆံပိုရပေမယ့်လည်း အလုပ်ရှင်တွေက သူတို့အလုပ်ချိန်ကိုတော့ မိနစ်ကလေးတောင် အစွန်းမခံဘူးတဲ့။ တစ်မိနစ် နှစ်မိနစ်လောက် နောက်ကျပြီးမှ အလုပ်ဝင်ရင်တောင် အတော်နစ်နစ်နာနာ ဆူတယ်ဆိုပဲ။ ရွှေနဲ့ဆက်ဝယ်ရတဲ့ မိနစ်ကလေးများပေါ့။ စင်ကာပူ နိုင်ငံမှာလည်း အလုပ်ကို အချိန်နဲ့ လုလုပ်နေရလို့ တစ်နေရာနဲ့ တစ်နေရာကို အမြဲတမ်း ပြေးပြေးလွှားလွှား သွားလာနေရတယ်လို့ ကြားဖူးပါတယ်။ အချိန်ကို ရွှေနဲ့ဆက်ဝယ်နေတဲ့ စင်ကာပူတွေ၊ ဂျပန်တွေကိုတော့ ဒီကရွှေမြန်မာတွေနဲ့ ပေးတွေ့ချင်လိုက် တော့တာပဲ။ ကိုယ်တွေပဲ အချိန်လေးစား တတ်လာအောင်၊ အလုပ်ကြိုးစား တတ်လာအောင် သူတို့စွမ်းဆောင် နိုင်မလား။ ဒါမှမဟုတ် နောက်ဆုံးသူတို့ပဲ လက်မြှောက်အရှုံးပေး သွားမလား ဆိုတာကို ကြည့်စမ်းချင်သေးတယ်။

အထက်တန်း ကျောင်းသားဘ၀တုန်းကတော့ ဆရာပီမိုးနင်းရေးတဲ့ တန်ဖိုးရှိသော အချိန်လေးများဆိုတဲ့ ဆောင်းပါး သင်ခဲ့ရဖူးတယ်။ အဲဒီတုန်းကတော့ မရင့်ကျက်သေးတဲ့ ကလေးအတွေးနဲ့ ဆရာပီမိုးနင်းရေးတဲ့ တန်ဖိုးရှိတဲ့ အချိန်ဆိုတာကို မခံစားနိုင်ခဲ့ဘူး။ စိတ်ထဲမှာတော့ သူပြောသလောက်လည်း အချိန်က အဖိုးမတန်ပါဘူး။ ငါတို့ဆီမှာ အချိန်တွေ အများကြီးပါလို့ ထင်မိတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အချိန်ဆိုတာ အသုံးမလိုတဲ့ သူဆီမှာတော့ ပိုလျှံနေပေမယ့် တကယ့်ကို တန်ဖိုးရှိအောင် အသုံးချနေတဲ့ သူတွေအတွက်တော့ ရှားပါးပစ္စည်း ဖြစ်နေတာကိုး။ အိုင်းစတိုင်းလို သိပ္ပံပညာရှင်တွေ၊ ဘီသိုဗင်လို အနုပညာရှင်တွေကစလို့ ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံရေး သမားတွေအထိ တကယ်ထူးချွန် ပြောင်မြောက်သူတိုင်းဟာ အချိန်ကို လေးလေးစားစားနဲ့ တန်ဖိုးထား အသုံးချသွားသူတွေ ချည်းပါပဲ။ သူတို့အတွက်တော့ အနှစ် ၁၀၀ ဆိုတဲ့ လူ့သက်တမ်းဟာ နည်းလှတယ်လို့ ထင်မှတ်တတ်ကြ သူတွေပေါ့။ လူတွေဟာ နာမည်ကျော်ကြားသူတွေရဲ့ အောင်မြင်မှုတွေကိုသာ မြင်တတ်ကြတယ်။ အဲဒီ အောင်မြင်နေတဲ့ သူတွေဟာ နောက်ကွယ်မှာ အချိန်ကို လေးလေးစားစားနဲ့ ဘယ်လို အကျိုးရှိအောင် အသုံးပြုနေလဲ။ သူတို့ အချိန်တွေကို အလေအလွင့် မရှိအောင် ဘယ်လိုထိန်းသိမ်း နေလဲဆိုတာတွေကိုတော့ မျက်စိလျှမ်းနေ တတ်ကြတယ်။ 

ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်း၊ ဒီနေ့ ကမ္ဘာပေါ်မှာ ထိပ်တန်းဆိုတဲ့ နိုင်ငံတိုင်းရဲ့ နိုင်ငံသားတွေဟာ သူတို့အချိန်တွေကို အပွန်းပဲ့ မခံကြဘူး။ အလဟဿ အဖြစ်မခံကြဘူး။ အချိန်တိုင်း အချိန်တိုင်းကို ရသလောက်တော့ အကျိုးရှိအောင် အသုံးချနေကြတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာရော အဲဒီမေးခွန်းအတွက် ကျွန်တော့်ဆီမှာ အဖြေမရှိဘူး။ တကယ်လို့သာ နိုင်ငံခြားသား တစ်ယောက်က မင်းတို့လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ အမြဲတမ်းလိုလို လူငယ်တွေနဲ့ ဘာလို့ပြည့်နေတာလဲလို့များ မေးခဲ့ရင် ကျွန်တော်ဘယ်လို ဖြေရမလဲ။ ကျွန်တော်တို့ဆီက လူငယ်တွေမှာ အချိန်တွေ အများကြီး ပိုနေလို့ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ ထိုင်ဖြုန်းနေရပါတယ်လို့ ဖြေရလောက်အောင်တော့ ကျွန်တော်သတ္တိ မရှိတာ သေချာပါတယ်။ အဲဒီလို အချိန်ဖြုန်းနေတာအပြင် အဆိုးဆုံး အချက်ကတော့ "မြန်မာစံတော်ချိန်" ဆိုတဲ့ ခပ်ပေါ့ပေါ့စကားနဲ့ အချိန်တိကျမှုဆိုတဲ့ အချက်ကို ဥပက္ခော ပြုလာတာပါပဲ။

အချိန်ဖြုန်းတဲ့သူ၊ အချိန်မလေးစားတဲ့သူဟာ သူ့တစ်ယောက်တည်းကိုပဲ ထိခိုက်စေတယ်လို့ ထင်မြင်ယူဆစရာ ရှိတယ်။ ဒါပေမဲ့ လူအများနဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့ အခါမှာ အချိန်မလေးစား တတ်တဲ့သူတွေ ပါလာခဲ့ရင် သူတို့ဟာ အဖွဲ့အစည်းကိုပါ သူတို့နဲ့ တန်းတူဖြစ်အောင် ဆွဲချတဲ့ အတွက်ကြောင့် အဖွဲ့အစည်း တစ်ခုလုံးပါ နောက်ကျကျန်ရစ် ခဲ့တတ်ပါတယ်။ အချိန်နောက်ကျ တတ်သူကြောင့် အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ကသိကအောက် ဖြစ်ခဲ့ရတာ၊ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာတွေဟာ မြန်မာနိုင်ငံမှာတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အရာတစ်ခုပါ။ နိုင်ငံတစ်ခုကိုလည်း အဖွဲ့အစည်း အနေနဲ့ မြင်ကြည့်မယ်ဆိုရင် အချိန်ကို တန်ဖိုးထား လေးစားတတ်တဲ့သူတွေများတဲ့ ဂျပန်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေဟာ နိုင်ငံငယ်ပေမဲ့လည်း တိုးတက်ဖွံ့ဖြိုးတယ်။ ဒါပေမဲ့ အချိန်ကို မလေးစားတတ်တဲ့သူ အများစုဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံကျတော့ ဒီနေ့ထိ ဆင်းရဲတွင်းကနေ မထွက်နိုင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးရေး တစ်ခုကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါတယ်။ အနောက်တိုင်းသား ဆရာသင်တဲ့ သင်တန်းတစ်ခုမှာ ဆရာက သင်တန်းချိန်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်။ သင်တန်းချိန် အတိအကျ ရောက်ပြီဆိုတာနဲ့ ဘယ်သူ့ကိုမှ မစောင့်ဘဲ သင်လေ့ရှိတယ်။ ဒါပေမဲ့လည်း ဟောရင်းသာ ပျံတော်မူမယ်၊ ဆန်ဖြူဖြူ တစ်ခွက်လောက်မှ ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတိုင်းပဲ သင်တန်းသားတွေကတော့ နောက်ကျမြဲ။ ဆရာ စာသင်နေရင်း Excuse me ဆိုတဲ့ စကားနဲ့ အနှောင့်အယှက် ပေးမြဲပါပဲ။ နောက်တော့ ဆရာက ဘာပြောလဲဆိုတော့ "စိတ်မပူပါနဲ့ ငါမြန်မာနိုင်ငံကို ရောက်တာကြာပြီမို့ ဒါမျိုးတွေ ရိုးနေပါပြီ" တဲ့။ သူ့စိတ်ထဲမှာတော့ မြန်မာလူမျိုးတွေ အားလုံးဟာ အချိန်ကို မလေးစားတတ်တဲ့ သူတွေလို့များ မှတ်ချက်ပေးသွားမလား မသိဘူး။ နိုင်ငံခြားသား တစ်ယောက်က ကိုယ့်နိုင်ငံကို အချိန်မလေးစားကြောင်း ပြောတဲ့စကားကိုပဲ ချီးမွမ်းတဲ့ စကားလိုမျိုး ရယ်မောနေကြသူတွေက ရယ်မောနေလေရဲ့။ ဂုဏ်ယူစရာလို့များသာ ထင်နေရင်တော့ ကျွန်တော်တို့နိုင်ငံ ရေတိမ်နစ်ရချည်ရဲ့။

ဒီနိုင်ငံမှာ အချိန်မလေးစားမှုဟာ စိုးရိမ်ရေမှတ်တစ်ခုရောက်အောင် ဖြစ်နေပြီလို့ ကျွန်တော်ပြောရင် လွန်မယ်မထင်ဘူး။ သူငယ်ချင်း အချင်းချင်း ချိန်းဆိုကြတာက အစပြုလို့ နိုင်ငံတော် အခမ်းအနားတွေ အထိတောင် အချိန်နောက်ကျတာ အထူးအဆန်းတစ်ခု၊ ရှက်စရာ တစ်ခုအဖြစ် မသတ်မှတ်တော့ဘူး။ မနက် ၈ နာရီ စမယ်ဆိုတဲ့ အခမ်းအနား တစ်ခုဟာ ၉ နာရီထိ လူမစုံသေးလို့ အစမပျိုးနိုင်ဘူး။ တကယ်တမ်း အချိန်အတိအကျ စမယ်ဆိုတော့လည်း အချိန်တိတိကျကျ လာတတ်တဲ့ လူနှစ်ယောက် တစ်ပိုင်းလောက်နဲ့ စရတယ်။ ဤကိုကျွဲဖတ်နေကြတဲ့ သူတွေကြားမှာ အချိန်တိကျမှုဆိုတာ ပျောက်ကွယ်လာတဲ့အခါ အချိန်တိကျတဲ့ သူတွေဘက်ကလည်း စိတ်ပျက်လာကြတယ်။ နောက်ဆုံး သူတို့ကိုယ်တိုင်ပါ မိုးခါးရေသောက်ရတဲ့ အဖြစ်ကို ရောက်သွားတယ်။ ဒီလိုနဲ့ပဲ မြန်မာစံတော်ချိန်ဆိုတဲ့စကား တွင်တွင်ကျယ်ကျယ် ဟာသဖြစ်လာပါလေရော။ အချိန် မလေးစားတတ်သူဟာ တာဝန်ယူမှုဆိုတဲ့ အချက်ကိုပါ နားမလည်သူပါပဲ။ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေထဲမှာ နောက်ကျတတ်တဲ့ အချိန်မလေးစား တတ်တဲ့သူတွေရှိရင် သူ့ကိုစောင့်ရတဲ့ သူတွေအတွက် အလကားနေရင်း အချိန်တွေကုန် အလုပ်တွေပျက် ဖြစ်ရတယ်။

ဒီမြန်မာစံတော်ချိန်ဆိုတဲ့ အပြောင်အပြက် စကားဟာ ကိုယ့်နိုင်ငံ သိက္ခာကို ကိုယ့်ဘာသာ ချနေတာပါ။ မြန်မာစံတော်ချိန်ပေါ့လို့ ခပ်ပေါ့ပေါ့ ပြောလိုက်တဲ့ စကားနောက်မှာ အချိန်မလေးစားမှုဆိုတဲ့ အင်မတန် ရှက်စရာကောင်းတဲ့ အပြုအမူတစ်ခု ရှိတယ်ဆိုတဲ့ အချက်ကို မေ့မထားကြပါနဲ့။ အချိန်လေးစားမှုဆိုတာ ငွေကြေးနဲ့ အောင်မြင်ကျော်ကြားမှုတွေ အားလုံးရဲ့ လျှို့ဝှက်ချက် တစ်ခုပါ။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ကြရတာပါပဲ။ အချိန်ကို အကျိုးမဲ့ ဖြုန်းတီးတယ်ဆိုတာ ကိုယ့်ဘ၀ကို ကိုယ့်လက်နဲ့ ဖျက်ဆီးနေတာနဲ့ တူတယ်။ အချိန်လွန်မှရတဲ့ နောင်တဟာ ၀မ်းနည်းပူဆွေးရတာထက် မပိုပါဘူး။ အချိန် မလေးစားတတ်တဲ့သူဟာ အပေါင်းအသင်းတွေ ကြားမှာလည်း နာမည်ပျက်ရမယ်၊ အလုပ်အကိုင်လည်း အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး မြန်မာဆိုတဲ့ အမျိုးကိုက အချိန်မလေးစားတတ်တဲ့ မတိကျတဲ့ အမျိုးလားဆိုပြီး လူမျိုးခြားတွေကပါ အထင်သေးပါလိမ့်မယ်။ 

လူတိုင်းလူတိုင်းဟာ အထင်ကြီး ခံချင်ကြတယ်။ သူများ အထင်သေးမှာကို ကြောက်တတ်ကြတယ်။ ဒါပေမဲ့ အဲလို သူများအထင်သေးအောင် လုပ်နေတာလည်း ကိုယ်ပါလားဆိုတဲ့ အချက်ကိုတော့ မေ့ထားတတ်ကြတယ်။ ဒီလိုသာ အချိန်မလေးစားဘဲ မြန်မာစံတော်ချိန်ဆိုတဲ့ စကားနဲ့ပဲ အပြောင်အပြက် ရှေ့ဆက်နေကြဦးမယ် ဆိုရင်တော့ ကမ္ဘာမှာ မြန်မာဟေ့လို့ လက်မထောင်နိုင်မယ့် အချိန်ဆိုတာ အဝေးကြီး ဝေးနေရဦးမှာပါပဲ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်