Tuesday, November 19, 2013

တပ်မတော်နှင့် NLD ကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်နေသူများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

Posted by drmyochit Tuesday, November 19, 2013, under | No comments


NLD ပါတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုသဘောထား ရယူရေး ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ခိုက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်မတို့ ရှင်းရှင်း လင်းလင်း မြင်ရမယ်။ ကျွန်မတို့က တပ်မတော်ရဲ့အခွင့်အရေးတွေကို လျှော့ချချင်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်နေတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရှိ မြန်မာနိုင်ငံ၏ တပ်မတော်ကို ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်း၊ မြင့်မြတ်ခြင်းနှင့် အတူ ပြည်သူ၏ လေးစားချစ်ခင်မှုကို ရရှိစေချင်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းနေရခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။
“တပ်မတော်သားတွေဆိုတာ ကျွန်မတို့ အထဲက ပေါက်ဖွားလာတာပါ။ ပြည်သူ ပြည်သားတွေပါပဲ။ သိက္ခာရှိရှိနဲ့ ချမ်းချမ်းသာသာ နေစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။

ချမ်းသာသည့် တပ်မတော်များကို ဒီမိုကရေစီ နိုင်ငံကြီး များတွင်သာ တွေ့မြင်ရပြီး ယင်းတို့မှာ အရပ်သား အုပ်ချုပ်မှုအောက်တွင် တည်ရှိခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သော တပ်မတော်က နိုင်ငံရေးတွင် အသာစီးရခြင်းကို ပြင်ဆင် လိုခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည်။ 

NLD ပါတီ အခြေခံကို အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒကြောင့် နိုင်ငံရေး လေ့လာသုံးသပ်သူများ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲခြင်း ပြုလုပ်ပါက တပ်မတော် အာဏာသိမ်းနိုင်ကြောင်း ထောက်ပြခဲ့ပြီး NLD ပါတီက အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန် ရေးဆွဲရေးအတွက် လူထုဆန္ဒ ခံယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ထုတ်ပြန် ကြေညာခဲ့သည်။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း သွားရောက်ခဲ့သည့် ဥရောပ ခရီးစဉ် နှစ်ခုအတွင်း မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးတွင် အသာစီး ရယူထားခြင်းကို ပြင်ဆင်ရေး ဥရောပသမဂ္ဂ အနေနှင့် ဖိအားပေး သင့်ကြောင်း ပြောဆိုခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်