Saturday, December 07, 2013

တောဘုရင်တို့၏ ဂုဏ်သိက္ခာတိုက်ပွဲ

Posted by drmyochit Saturday, December 07, 2013, under | No comments

အလွန်စိတ်လှုပ်ရှားစရာကောင်းသော၊ အားမာန်တက်ကြွဖွယ်ကောင်းသော သဘာဝ တိုက်ပွဲတစ်ခုကို ဂျာမန်သူ ဓာတ်ပုံဆရာမ မာရီယွန် ဗိုလ်ဘွန်က လက်ရ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မျက်ဝန်းနှစ်စုံက အပြန်အလှန် စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ထက်မြေ့နေသည့် လက်သည်းချွန်တို့က ခွန်နှင့်အားနှင့် လွန်းထိုးပြေးလွှားနေသည်။ သွေးစများနှင့် ချွေးရည်တို့က ရွှံ့စက်များနှင့် ရောယှက်ကာ ညစ်ပတ်ပေပွလျှက် ရှိသည်။ နှစ်ကောင်လုံး မောဟိုက်နေပြီ ဖြစ်သည့်တိုင် ကျားကြီးနှစ်ကောင်လုံး မာန်မလျှော့သေး။ အလွန်စိတ်လှုပ်ရှားစရာကောင်းသော၊ အားမာန်တက်ကြွဖွယ်ကောင်းသော သဘာဝ တိုက်ပွဲတစ်ခုကို ဂျာမန်သူ ဓာတ်ပုံဆရာမ မာရီယွန် ဗိုလ်ဘွန်က လက်ရ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တောင်အာဖရိကနိုင်ငံ၊ ပရီတိုရီးယားရှိ လွန်ဒိုလိုဇီ ကျားထိန်းသိမ်းရေး ဧရိယာတွင် နယ်မြေလုကြသည့် ကျားကြီးနှစ်ကောင်၏ ဂုဏ်သိက္ခာ တိုက်ပွဲကို မာရီယွန်က ရှားရှားပါးပါး မှတ်တမ်းတင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ အနာတရများစွာနှင့် မလျှော့တမ်း တိုက်ခိုက်ခဲ့ပြီးနောက် (၄၅)မိနစ် အကြာတွင် ကျားကြီးတစ်ကောင်က အသာစီး ရသွားပြီးမှ တိုက်ပွဲပြီးသွားခဲ့သည်။

ကျားတစ်ကောင်က ၎င်း၏ မျိုးနွယ်တူ သတ္တဝါကြီး၏ လည်ပင်းကို လှမ်းကိုက်လိုက်သည့်နောက်တွင်မူ တိုက်ပွဲ၏ အရှုံးအနိုင် အဖြေပေါ်သွားခဲ့သည်။ လည်မြိုကို ခဲထားသည့် ကျားကြီးက ၎င်း၏ပြိုင်ဘက် သေဆုံးပြီ အထင်ဖြင့် လွှတ်ချလိုက်ချိန်တွင် ကျန်တစ်ကောင်က ထွက်ပြေးသွားသဖြင့် နှစ်ကောင်လုံး အသက်မသေခဲ့ချေ။ မာရီယွန်က "ကျွန်မ ဒီဓာတ်ပုံတွေ မရိုက်ခင် တစ်နေ့က အဲဒီနား တစ်ဝိုက်မှာ ကျားထီးနှစ်ကောင် သွားလာနေတာကို မြင်ခဲ့တယ်။ ကျားတွေက ကိုယ့်နယ်မြေ ကိုယ်သတ်မှတ်လေ့ ရှိပါတယ်။ ဒီကြားထဲ ကျားမတစ်ကောင်က အဲဒီကျားနှစ်ကောင်လုံးနဲ့ မိတ်ဖက်ဖြစ်နေတယ်။ ဒီလို အပြန်အလှန် မသတ်ပုတ်ခင် ကတည်းက ကျားထီးနှစ်ကောင်ကြားမှာ အခြေအနေက တော်တော် တင်းမာနေမှန်း ကျွန်မတို့ သဘောပေါက်ထားပါတယ်"ဟုလည်း ရှင်းပြခဲ့သည်။

ဆက်လက်၍ သူမက "နောက်တစ်နေ့ မနက်ကျတော့ ကျားဟိန်းသံတွေ ကြားရတော့တာပဲ။ ကျွန်မတို့ ချက်ချင်းပဲ ဆူညံနေတဲ့ နေရာဆီ ကားမောင်းသွားတယ်။ ထင်တဲ့အတိုင်းပဲ ကျားနှစ်ကောင် သတ်ကြတာပါပဲ။ မြင်ကွင်းက သွေးအလူးလူးနဲ့ ခြောက်ခြားစရာပါ။ နှစ်ကောင်လုံးက ခက်ခက်ခဲခဲ အသက်ရှူနေရပုံပဲ။ ရာသီဥတုက အရမ်းအေးတယ်လေ။ ပြီးတော့ ရွှံ့ရည်တွေကလည်း စိုနေသေးတယ်။ နောက်ဆုံး ကျားတစ်ကောင်က လည်ပင်းကို အခဲခံလိုက်ရတယ်။ မိနစ်နည်းနည်းကြာတော့မှ ကိုက်ထားတဲ့ကောင်က လွှတ်ပေးလိုက်ပါတယ်။ ကျွန်မတို့က အဲဒီကျား သေပြီထင်နေပေမယ့် ပြန်ထပြီး ထွက်ပြေးသွားတာ တွေ့လိုက်တယ်"ဟုလည်း ပြောကြားခဲ့သည်။


မာရီယွန်က "(၄၅)မိနစ်လောက် ကြာတော့မှ ဘယ်သူနိုင်တယ်ဆိုတာ အဖြေပေါ်လာတာပါ။ ပိုပြီးလည်း အသက်ငယ်၊ ပိုပြီးလည်း အားကောင်းပုံရတဲ့ ကျားက အနိုင်တိုက်နိုင်ခဲ့တယ်။ ကျေးဇူးတင်ရမှာက ဒီတိုက်ပွဲမှာ နှစ်ကောင်လုံး အသက်ရှင်ခဲ့တာပါပဲ။ ခုဆို သူတို့ရဲ့ ဒဏ်ရာတွေလည်း ပြန်ကျက်နေပါပြီ။ ဓာတ်ပုံသမား တစ်ယောက်အနေနဲ့ အံ့မခမ်း ပုံကောင်းတွေကို ရလိုက်တာပါ။ ဒါပေမဲ့ တိရစ္ဆာန်ချစ်သူ တစ်ယောက် အနေနဲ့ ကျပြန်တော့ သူတို့နှစ်ကောင် သတ်ပုတ်နေတာကို မြင်ရတာ တော်တော်ကြီး စိတ်မချမ်းသာစရာ ကောင်းပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်