Monday, December 02, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းနှင့် မြန်မာ့ရိုးရာ ခြင်းလုံး အားကစား

Posted by drmyochit Monday, December 02, 2013, under | No comments


၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့ သည် မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ရက်အဖြစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံ အနေဖြင့် လက်ခံ ကျင်းပသွားမှာ ဖြစ်ပြီး ထပ်မံထူးခြားမှု ကတော့ ''မြန်မာ့ရိုးရာ ခြင်းလုံး'' အားကစားနည်းကို ထည့်သွင်းကျင်းပ ယှဉ်ပြိုင်စေ ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း ထည့်သွင်း ကျင်းပနိုင်ရေး အတွက် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်ထောင် ဦးစီးသော မြန်မာခြင်းလုံး အားကစား အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်၍ အပြည်ပြည် ဆိုင်ရာ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် အာရှ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း ထည့်သွင်း ကျင်းပနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ် များကို ညှိနှိုင်း ဆွေးနွေး ၍ အမျိုးသား ခြင်းလုံး အားကစားနည်း ငါးမျိုး၊ အမျိုးသမီးခြင်းလုံး အားကစားနည်း သုံးမျိုး ထည့်သွင်း ကျင်းပရန် ညှိနှိုင်းထားခဲ့သည်။

အမျိုးသား ပြိုင်ပွဲတွင် အခြေခံ ထိချက်(၆)ချက် ဘယ်၊ ညာစုံ မျိုးတူမျိုးကွဲ အတွဲ ဒုတိယအဆင့် မျိုးတူ ပြိုင်ပွဲများ၊ အမျိုးသမီး ပြိုင်ပွဲတွင် အခြေခံ ထိချက် (၆)ချက် ဘယ်၊ ညာစုံ မျိုးတူမျိုးကွဲ ပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း အားကစား တာဝန် ရှိသူများထံမှ သိရသည်။ ဤသို့ မြန်မာ့ရိုးရာ အမွေအနှစ် အစစ်အမှန်ဖြစ်သော မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ထုတ်ဖော် ကျင်းပခြင်းသည် ''အာရှနိုင်ငံ''များတွင် ဂုဏ်ယူ ဝမ်းမြောက်စရာဖြစ်သည်။

မြန်မာ့ရိုးရာ ခြင်းလုံးသမိုင်းသည် အစဉ်အလာ ကြီးမားခဲ့သည်။ ''ကမ္ဘာပေါ်တွင် ခြင်းလုံးခတ် ကစားခြင်း အလေ့အထသည် မည်သည့်နိုင်ငံ၌ စတင် ပေါ်ပေါက်ခဲ့သနည်း''ဟု ဆိုသော် မြန်မာနိုင်ငံ သုတေသန အသင်း၏ နှစ် (၅ဝ)မြောက် အခမ်းအနားကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့စဉ် သတိုးသီရိ သုဓမ္မ J.S ဖာနီဗယ်သည် မြန်မာတို့ ရှေ့က ပျူလူ မျိုးတို့သည်လည်း ခြင်းခတ်ကစားသည့် အလေ့အထ ရှိကြောင်း ပြောကြားခဲ့သည်။

အဲဒီနောက် ခရစ်နှစ် ၁၉ဝဝ ပြည့်နှစ် မန္တလေး မြို့ အိမ်တော်ရာ ဘုရား ပရဝဏ် အတွင်း နေ့စဉ် ညနေတိုင်း အညောင်း အညာပြေ အပျော်တမ်း ခြင်းခတ် ကစားရာမှ မြန်မာသက္ကရာဇ် ၁၂၇၂-၁၂၇၃ ခုနှစ်တွင် အိမ်တော်ရာ ခြင်းဝိုင်းအဖြစ် ပေါ်ပေါက်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ခုနှစ်တွင် ဖျော်ဖြေမှုမှ အားကစားသို့ ပြောင်းလဲလာခဲ့သည်။

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် မြန်မာပြည် အိုလံပစ် အားကစားအသင်းကို တည်ထောင်ခဲ့ကြရာ၌ အပျော်တမ်း ခြင်းလုံး အဖွဲ့ကိုလည်း ပါဝင်ဖွဲ့စည်းခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှစ၍ ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ် အားကစား ပွဲတော်ကြီးတွင် ခြင်းလုံးခတ် ပြိုင်ပွဲလည်း ပါဝင်ခဲ့သည်။ ယှဉ်ပြိုင်သော အဖွဲ့များမှာ အင်းစိန်-ရန်ကုန်- ဥက္ကံ-ပြည်-မြင်းခြံ- မန္တလေး-ရွှေဘို ခြင်းအဖွဲ့တို့ ဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် မြန်မာနိုင်ငံတော် အစိုးရက ခြင်းလုံးခတ် ပြိုင်ပွဲ ဥပဒေ စည်းမျဉ်းစည်းကမ်း တစ်ရပ် တည်ရှိစေရန် ခြင်းလုံးဥပဒေ ရေးဆွဲရေး ညီလာခံကြီး တစ်ရပ်ကို ၁၉၅၃ ခုနှစ် ဇွန် ၃ဝ ရက်မှ ဇူလိုင် ၆ ရက် အထိ ရက်သတ္တပတ်ကြာမျှ ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။

၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ပထမဦးဆုံး အကြိမ် ကျင်းပသော အရှေ့တောင်အာရှ မိသားစု အိုလံပစ် ပွဲတော်ကို မြန်မာပြည် ခြင်းလုံးအဖွဲ့ချုပ်မှ ခြင်းယိုင်ခတ် အဖွဲ့တစ်ဖွဲ့ကို စေလွှတ် သရုပ်ပြခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် အောက်တိုဘာတွင် ဒုတိယ ဗိုလ်မှူးကြီး မောင်ဝင်း ခေါင်းဆောင်သော မြန်မာ့ လက်ရွေးစင် ခြင်းလုံးအဖွဲ့သည် ပီကင်းမြို့၌ ခြင်းခတ် ကစားပြခဲ့ သည်။

ဤသို့မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း တိုးတက် မြင့်မားလာမှုတွင် စွမ်းစွမ်းတမံ ဦးဆောင် လမ်းပြခဲ့သော ပုဂ္ဂိုလ်များမှာ ဦးကရင်၊ ဦကံ၊ ဦးဗိုလ်ကြီး၊ ဦးစိုးတင့်၊ ဦးအရိန်၊ ဦးအောင်ကိုး၊ ဦးဘသိန်းတို့ဖြစ်ကြောင်း ပီကင်းပြန် ဦးဘသိန်း ရေးသား ထုတ်ဝေခဲ့သော မြန်မာခြင်းလုံး သမိုင်းစာအုပ် တွင် လေ့လာ သိရှိခဲ့ရ သည်။

ဤသို့ အစဉ်အလာကြီးသော မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းသည် ယခင် ယခင်ကတည်းက ကမ္ဘာမှ သိနေခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်၌ ကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံခြားသား အသင်းများကို မြန်မာ့ရိုးရာ ခြင်းလုံး အားကစား နည်းပညာ၊ ခတ်ကစားသည့် နည်းစနစ်များ ကျွမ်းကျင် ပိုင်နိုင်စေရေး နေပြည်တော် Gold Camp တွင် လာရောက်လေ့ကျင့်ရန် မြန်မာနိုင်ငံ ဆိုင်ရာ ခြင်းလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းခွင့်ပြု ထားခြင်းကြောင့် အာရှနိုင်ငံများ မှ မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းကို ကျယ်ပြန့် စွာ စိတ်ဝင်စားမှု ပမာဏမြင့်မားလာကြောင်း ထိုင်းနိုင်ငံ အမျိုးသမီး ခြင်းလုံးနည်းပြ Mr. Atiyut Kimthong က ပြောကြားခဲ့သလို ကမ္ဘောဒီးယား ခြင်းလုံး အဖွဲ့ချုပ်မှလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့၍ စာရေးသူသည် မိမိနိုင်ငံအတွက် ဂုဏ်ယူခဲ့ရပါသည်။

ရွှေရောင်လွှမ်းမည့် မြန်မာ့ လက်ရွေးစင် ခြင်းလုံးအဖွဲ့ အတွက်လည်း အပြီးသတ် လူရွေးချယ်ရေးကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပခဲ့သည်။ ခြင်းလုံး ကစားနည်းတွင် ခြင်းသေ၊ ခြင်းရှင်ဟူ၍ နှစ်မျိုး ပိုင်းခြားထားပြီး ခြင်းသေခတ် ကစားခြင်းကို ညှပ်ခြင်းဟု ခေါ်ဆိုပြီး တစ်ယောက်တည်း ကစားရသောကြောင့် တစ်ကိုယ်ကောင်း ဆန်မှုရှိ၍ အသုံးပြု ခတ်ကစားခြင်း နည်းပါးလာသည်။

ခြင်းရှင်ခတ် ကစားနည်းကို ခြင်းယိုင်ခတ် ကစားနည်း ဟူ၍လည်း ခေါ်ဆိုသည်။ ခြင်းယိုင်ခတ်မှာ လူငါးယောက်၊ ခြောက်ယောက် ဝိုင်းဖွဲ့၍ ခြင်းလုံးမြေသို့ မကျစေဘဲ လေထဲတွင် ပျံဝဲနေအောင် စုပေါင်း ခေါင်းဆောင်မှု တစ်ဦးချင်း တာဝန်ယူမှုများဖြင့် အပေးအယူ သဘောတို့ ပါဝင်သောကြောင့် ခြင်းယိုင် ခတ် ကစားနည်းက တစ်ခေတ်ဆန်းလာသည်။

ယခင်က ခြေထောက်အပြင် ခေါင်းဖြင့်တိုက်ခြင်း၊ ပခုံးဖြင့် တော့ခြင်း၊ တံတောင်ဆစ်တို့ဖြင့်တိုက်ခြင်း၊ တံကောက်ကွေးဖြင့် ခတ်ခြင်းများ ပြုလုပ်ကြသော် လည်း ယခုအခါ ခြေထောက် တစ်ခုတည်းကိုသာ လုံးလုံးလျားလျား အသုံးပြု လာကြသည်။

ခြင်းခတ်နည်းများ အနက်မှ ခြင်းယိုင်ခတ်ခြင်း ပြိုင်ခတ်တို့သည် သိပ္ပံနည်းကျကျ တီထွင်ခတ် ကစားလာကြသည်။ ယနေ့မျက်မှောက်တွင် ခြင်းခတ်ကစား နည်းကို ရိုးရာပြိုင်ပွဲများ အဖြစ်မှ နိုင်ငံတကာအဆင့်မီ 27th SEA GAMES အားကစားပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပတော့မည် ဖြစ်၍ မြန်မာ့ရိုးရာ အမွေအနှစ် အစစ်အမှန်တို့ကို အာရှနိုင်ငံများ အတွင်း၌ ထုတ်ဖော်ပြခွင့် ရရှိကာ နိုင်ငံတကာတွင် မြန်မာဟေ့လို့ ဟစ်ကြွေး၍ နိုင်ငံ့ ဂုဏ်ဆောင် နိုင်ကြတော့မည် ဖြစ်ကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်း အောင်နိုင်ရေး အတွက် ဂုဏ်ပြုရေးသား လိုက်ပါသည်။ ။

Credit>.မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်