Monday, December 02, 2013

(၂၇) ကြိမ်မြောက် ဆီးဂိမ်းအတွက် မြန်မာတို့၏ ရွှေရောင် မျှော်လင့်ချက်

Posted by drmyochit Monday, December 02, 2013, under | No comments


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီး ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ ထိုပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံသား အားလုံး၏ ရွှေရောင်မျှော်လင့် ချက်သည် ဘောလုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ ရေးပင်ဖြစ်သည်။ အခြားဆုတံဆိပ်များ မည်မျှပင် ဆွတ်ခူး ရရှိစေကာ မူ ဘောလုံး ရွှေတံဆိပ် မပါသော အောင်မြင်မှုသည် ပြည့်စုံသော အောင်မြင်မှုမဖြစ်နိုင်ပေ။

မြန်မာနိုင်ငံသားများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် မြန်မာ ယူ-၂၃ ဘောလုံးအသင်းသည် မလေးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသော မာဒေးကားဖလားဘောလုံး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် နေပြီဖြစ်သည်။ (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံ့ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ ၏ အောင်မြင်မှုသည် မာဒေးကားဖလားမှ တစ်ဆင့် ဆက်လက်ကူးစက် သွားနိုင်သည်ဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်းသည် မာဒေးကား ဖလားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိထားသော အသင်းဖြစ်သည်။ ပထမဆု (၄)ကြိမ်နှင့် ဒုတိယဆု (၄)ကြိမ် ရရှိထားပြီး အိမ်ရှင် မလေးရှားအသင်းနှင့် ပထမဆု (၄)ကြိမ် ရရှိဖူးသော စံချိန်ကိုလည်း တင်ထားခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်တွင် မြန်မာနှင့် မလေးရှားတို့အနက် တစ်သင်းဗိုလ်စွဲခဲ့လျှင် (၅)ကြိမ်မြောက် စံချိန်သစ်ကိုလည်း တင်နိုင်မည့် အခွင့်အရေးရှိနေသည်။

မာဒေးကားဖလား ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲသည် မလေးရှားနိုင်ငံ၏ အမျိုးသားနေ့ အထိမ်း အမှတ်အဖြစ် ကျင်းပပေးခြင်းဖြစ်သည်။ မြန်မာ ဘောလုံးအသင်းသည် (၃၈)ကြိမ်မြောက် မာဒေးကားဖလား ပြိုင်ပွဲတွင် ၂ဝဝ၆ ခုနှစ်က နောက်ဆုံးအကြိမ် ဗိုလ်စွဲထားခဲ့ခြင်းဖြစ်သည်။ ယခု အကြိမ်ဝင်ရောက် ယှဉ်ပြိုင်မှုသည် မြန်မာတို့အတွက် အဓိပ္ပာယ်များစွာ ပြည့်နှက်နေ သည်။ ဗိုလ်စွဲနိုင်မည့် မျှော်လင့်ချက်ကလည်း အပြည့်အဝ ရှင်သန်နေသည်ဟု ဆိုရချေမည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် ယခုပြိုင်ပွဲသည် မြန်မာ ဘောလုံးအသင်းအတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်သည်။ အစဉ်အလာနှင့် အောင်မြင်မှု ရရှိခဲ့ဖူးသော ပြိုင်ပွဲတွင် မြန်မာတို့ဗိုလ်စွဲရန် အခြေအနေနှင့် အချိန်အခါ တိုက်ဆိုင်နေသော ကာလဖြစ်သည်။ (၅)ကြိမ်မြောက် မာဒေးကားဖလား ချန်ပီယံအဖြစ် ဆီးဂိမ်းမှာ ယုံကြည်ချက် ရှိရှိ ပြိုင်ပွဲဝင်ခွင့်ရလျှင် ရွှေမြန်မာများ၏ မျှော်လင့်ချက် ဆန္ဒများလည်း ပြည့်ဝလိမ့်မည်ဟု ဆိုနိုင်သည်။ မြန်မာ ယူ-၂၃ ဘောလုံးအသင်းကို တောင်ကိုရီးယား နည်းပြ ပတ်ဆောင်ဟွာက နည်းပြအဖြစ် ကိုင်တွယ်ပြီး မြန်မာနေရှင်နယ်လိဂ်မှ အကောင်းဆုံး ဘောလုံးသမားများဖြင့် ရွေးချယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ မာဒေးကားဖလား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းနှင့် ယှဉ်ပြိုင်ရမည့် ဘောလုံး အသင်းများမှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ပွဲဦးထွက် ပွဲစဉ်အဖြစ် ထိုင်းအသင်းဖြင့် လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် မလေးရှား အသင်းဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၁ ရက်တွင် စင်ကာပူ အသင်းဖြင့် လည်းကောင်း ယှဉ်ပြိုင် ရမည်ဖြစ်သည်။ မာဒေးကား ဘောလုံးပြိုင်ပွဲ၏ ပုံစံမှာ လေးသင်းပတ်လည် စနစ်ဖြင့်ကစားပြီး အမှတ်အများဆုံး အသင်းနှစ်သင်းက ဗိုလ်စွဲကစားရမည် ဖြစ်သည်။ ထိုဗိုလ်လုပွဲတွင် မြန်မာ ယူ-၂၃ ဘောလုံးအသင်း ယှဉ်ပြိုင်ကစားရမည့် အခွင့်အရေးမှာ ပွဲစဉ်တိုင်းကို ကြိုးစားယှဉ်ပြိုင် ကစားမှသာ အခွင့်အရေး ရရှိနိုင်မည်ဖြစ်သည်။

မြန်မာဘောလုံးချစ် ပရိသတ်များ အတွက် မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပုံများကို Sky Net Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးနေပြီဖြစ်သည်။ မလေးရှား နိုင်ငံသို့ လိုက်ပါအားပေးခွင့် မရသော မြန်မာဘောလုံး ပရိသတ်အတွက် အားရပါးရ အော်ဟစ် အားပေးခွင့် ရရှိနေပြီဖြစ် သည်။ မြန်မာတို့ ၏ ရွှေရောင်မျှော်လင့်ချက်ကို မြန်မာ ယူ-၂၃ အသင်းက စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်လျက်ရှိကြသည်။ အဖွင့်ပွဲစဉ်တွင် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့သည် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

၂ဝဝ၆ ခုနှစ် (၃၈)ကြိမ်မြောက် မာဒေးကားဖလား ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မိနစ် ၉ဝ ပွဲချိန်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲကာ (၄)ကြိမ်မြောက် မာဒေးကားဖလားကို ကိုင်မြှောက်ခွင့် ရခဲ့သော ပုံရိပ်တို့က ယနေ့အချိန်ထိ မြန်မာဘောလုံး ပရိသတ်တို့၏ အမြင်အာရုံမှာ စွဲထင် နေဆဲဖြစ်သည်။

ယခုအကြိမ်တွင် ထိုကဲ့သို့ ပုံရိပ်မျိုးကို မြန်မာပရိသတ် အားလုံး မျှော်လင့်ရင်ခုန် နေကြရပြီ ဖြစ်သည်။ မာဒေးကား ဖလားပြိုင်ပွဲမှ အောင်မြင်မှုသည် ဆီးဂိမ်းအတွက် အားတစ်ရပ် ဖြစ်သည်။ ဆီးဂိမ်းအတွက် ဘောလုံး ရွှေတံဆိပ် ဆုကို ဆွတ်ခူးနိုင်ရေးသည် မာဒေးကား ပြိုင်ပွဲက အားစမ်းပွဲ၊ ကြိုတင် လေ့ကျင့်ပြင်ဆင်ပွဲ ဆိုလျှင်လည်း မှားအံ့မထင်ပေ။

မာဒေးကားဖလား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ ဘောလုံးအသင်း အနေဖြင့် ဆုတစ်ခုခုကို ရရှိစေချင်သည်။ သို့မှသာ နိုင်ငံ့ဂုဏ်သိက္ခာ ပွဲတော်ကြီးဖြစ်သော ဆီးဂိမ်းတွင်လည်း ဘောလုံး ရွှေတံဆိပ် ဆုကို မျှော်မှန်းနိုင်မည်ဖြစ် သည်။ အနှစ်နှစ် အလလက မြန်မာနိုင်ငံသား အားလုံး မျှော်လင့်စောင့်စား ခဲ့ရသော ဆီးဂိမ်းရွှေတံဆိပ် ဘောလုံးဆု အတွက် မာဒေးကား ဖလားပြိုင်ပွဲ မှာ မြန်မာ ယူ-၂၃ အသင်း ယှဉ်ပြိုင်ကစားပုံများကို အားပေးရင်း အတွေ့ အကြုံ ကောင်းများ ရယူ၍ ဆီးဂိမ်းတွင် ရွှေရရေး ဆုတောင်းနေကြမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် နှစ်ပေါင်း ၄၄ နှစ်ကြာမှ တတိယအကြိမ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာဘောလုံး အသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ရေးသည် မြန်မာနိုင်ငံ သူ၊ နိုင်ငံသားအားလုံး၏ ရွှေရောင် မျှော်လင့်ချက်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် မြန်မာ ယူ-၂၃ ဘောလုံးအသင်း အောင်မြင်မှုရရှိကာ ဂုဏ်ဆောင် နိုင်ပါစေဟု ဂုဏ်ပြုရေးသား အပ်ပါသည်။

Credit>>မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်