Monday, December 02, 2013

ရာသီခွင် အလိုက် လိုက်ဖက်ညီ အဆောင်ပန်းလေးများ

Posted by drmyochit Monday, December 02, 2013, under | No comments



ပန်းပေးတာ နဲ့ ပတ်သက်လာရင် ပန်း ဆိုတာ ဟာ အချစ်ရဲ့ သင်္ကေတလို့ အစဉ်အဆက် လက်ခံ ထားကြပါတယ်။ ဒါ့အပြင် ပန်းပေးတာဟာ တစ်ဖက်သား ကို အရှုံးပေး တဲ့ သင်္ကေတဖြစ်တာ ကြောင့် ငြိမ်းချမ်းမှု ရဲ့သင်္ကေတ သဘော ဆောင် နေပါတယ်။ ပန်းမကြိုက်တဲ့ အမျိုးသမီး ဆိုတာ လည်း မရှိသလောက် ရှားပါတယ်။ အမျိုးသမီး မှတင် မဟုတ်ပါဘူး။ အချို့ အမျိုးသားတွေက လည်း အမျိုးသမီးလောက် နီးနီး ပန်းကြိုက်တတ် ကြပါတယ်။ ထောင်၊ သောင်း၊ သန်း မကသော ပန်းမျိုးစုတွေ၊ ပန်းမျိုး စိတ်တွေ ထဲမှာ ဆယ့်နှစ်ရာသီခွင် (Zodiac Sign) အလိုက် ကိုယ့်ရဲ့မွေးလနဲ့ ကိုက်ညီတဲ့ အဆောင်ပန်း ကတော့ ၁၂ မျိုးပဲ ရှိပါတယ်။ ဒါကြောင့် ဒီလို အဆောင် ပန်းလေးတွေ ကို တစ်သက်တာ မှာ တစ်မင်္ဂလာ အဖြစ် ရည်ညွှန်းပြီး သတ်မှတ် ကျင်းပတဲ့ ကိုယ့်ရဲ့ မင်္ဂလာပွဲလေး ရဲ့ ပန်း အလှဆင်ခြင်း မှာ ထည့် သွင်း ပေးသွား မယ် ဆိုရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ကိစ္စတွေ ပြုလုပ်တဲ့ အခါ ဆောင်ထားမယ် ဆိုရင် သီးသန့် ကိုယ့်ဘာသာ စိတ်ကြည်နူးအောင် ပန်းထိုးမယ်၊ ပန်း အလှဆင်မယ် ဆိုရင်တော့ ရာသီခွင် ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရဲ့ ကူညီ ပံ့ပိုးမှုတွေ ကြောင့် ပိုပြီး အဆင်ပြေမှုကို တွေ့ရှိရမယ် လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် ယခု စက်တင်ဘာလ ထဲက ရာသီခွင် နှစ်ခုဖြစ်တဲ့ ကန်နဲ့ တူရာသီဖွားက နေ စပြီး ကြည့်ရအောင်ပါ။

ကန်ရာသီဖွား 
(သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၂၂ ရက်)

ကန်ရာသီဖွား များ ရဲ့ သဘောသဘာဝကို ပုံဖော်ပြရရင်တော့ ကန်ရာသီဖွား များဟာ စည်းကမ်း ရှိသူ၊ အချိန်တိကျမှု ရှိသူတွေဖြစ်ကြပြီး ချစ်ရေး စိတ်ခံစားမှု ကတော့ စိတ်နှလုံး နူးညံ့ သိမ်မွေ့ကာ ချစ်သူ အပေါ် နားလည်မှုပေးနိုင် သူပဲ ဖြစ်ပါတယ်။ ပညာရပ်ပိုင်း ဆိုင်ရာအနေနဲ့ နက္ခတ် ဗေဒင် ပညာကို စိတ်ဝင်စားကြပါတယ်။ Virgo ဆိုတဲ့ သူ့ဂြိုဟ်ခွင် သင်္ကေတ အပျိုစင် ရုပ် အတိုင်း နူးညံ့ သိမ်မွေ့တဲ့ ကန်ရာသီဖွားတွေ ရဲ့ အဆောင် ပန်းကတော့ ကျူးလစ်ပန်း ပဲဖြစ်ပါတယ်။ ကျူးလစ်ပန်း ဟာ မြန် မာပြည် မှာတော့ မရှိသေး ပေမယ့် ကမ္ဘာကြီး နဲ့ တစ်ပြေးညီ တိုးတက်နေတဲ့ ယနေ့အခါ မှာတော့ ကျူးလစ်ပန်း ကို မှာယူလို့ ရနေပါပြီ။ ဒါအပြင် ပန်းအတုလေးတွေ နဲ့လည်း အစားထိုး လို့ရပါတယ်။






တူရာသီဖွား
(စက်တင်ဘာ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်)

တူရာသီရဲ့ သင်္ကေတ ရုပ်ကတော့ ချိန်ခွင်ပဲ ဖြစ်ပြီး တူရာသီ ဖွားတွေဟာ တရား မျှတမှုကို အထူး လိုလားတဲ့သူတွေ ပဲ ဖြစ်ပါတယ်။ အတွင်း စိတ်အေးချမ်းမှု ရှိအောင် အမြဲ ကြိုးစားနေထိုင် သူ တူရာသီဖွား များဟာ ကိုးကွယ်ရာ ဘာသာ တရား အပေါ်မှာ လေးလေးနက်နက် ယုံကြည်သူလည်း ဖြစ်ပါတယ်။ ဒီအတွက် သူဟာ အတွေး အခေါ် ပိုင်းမှာလည်း ရိုးရှင်းစွာ တွေးခေါ်နိုင်သူ ပဲဖြစ်ပါတယ်။ ချစ်ရေး စိတ်ခံစားမှု အပိုင်း မှာလည်း စိတ် နှလုံးနူးညံ့ သိမ်မွေ့ပြီး ချစ်ခင် ဖွယ် ပြုမူ တတ်သူ လည်း ဖြစ်ပါ တယ်။ ဒါကြောင့် သူတို့ အနေနဲ့ သူတို့ ရာသီခွ င်စရိုက် နဲ့ ထပ်တူညီတဲ့ အဆောင်ပန်း အနေ နဲ့ နှင်းဆီပန်းကို ဆောင်သင့်ပါတယ်။

နှင်းဆီဟာ မြန်မာပြည် မှာလည်း ပေါများစွာ တွေ့နိုင်သလို ကမ္ဘာ တစ်ဝန်းလုံးက ချစ်ခြင်း သင်္ကေတပြပန်း အဖြစ် သတ်မှတ် ယုံကြည် ကြတဲ့ ပန်းလည်း jဖစ်ပါတယ်။ ဒါကြောင့် တူရာသီဖွား တို့ အနေ နဲ့ မင်္ဂလာဆောင်၊ မွေးနေ့ အထိမ်း အမှတ် ပွဲ စတာတွေမှာ နှင်းဆီနဲ့ ထုံမွှမ်းပြင်ဆင်ဖို့ အကြံပေး ပါရစေနော်။

ဗြိစ္ဆာရာသီဖွား
(အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်)

ဗြိစ္ဆာ ရာသီဖွား များဟာ လျှို့ဝှက် သိုသိပ်စွာ နေတတ် သူများဖြစ် ကြပြီး တစ်ခါတစ်ရံ များမှာ တော့ ရှေ့ဖြစ်မယ့် အနာ ဂတ် များကို ကြိုတင် သိစိတ်များ ရနေတတ် သူတွေပါ။ ဗြိစ္ဆာ ရာသီဖွား များရဲ့ ချစ်စိတ်ရေးရာ ခံစားမှု ကတော့ လက်တွေ့ သိပ် မဆန်ဘဲ စိတ်ကူးယဉ် ဆန်နေတတ်ပါတယ်။ အချို့သော အခါတွေ၊ အရာတွေ အပေါ် မှာ လျှို့ဝှက် သိုသိပ်တတ်သူ ဗြိစ္ဆာ ရာသီဖွားတွေ ဟာ အချစ်ရေး မှာတော့ စိတ်လှုပ်ရှား လွယ်ပြီး ခံစား ချက်ကို မထိန်းသိမ်းနိုင်ပါဘူး။

ဒီလိုထူးခြားတဲ့ စိတ်သဘာဝ ရှိတဲ့ ဗြိစ္ဆာ ရာသီ ဖွားတွေရဲ့ အဆောင်ပန်းက အခြား ရာသီခွင်တွေ ရဲ့ အဆောင်ပန်း နဲ့ မတူပါဘူး။ သူတို့ရဲ့ အဆောင် ပန်း ကတော့ အပူပိုင်း ဒေသများ မှာပေါက်တဲ့ ရှားစောင်းပင် အမျိုးအစားပဲ ဖြစ်ပါတယ်။ ရှားစောင်းပင် များကို အဆောင် ထားရတာ နည်း နည်းတော့ ခေါင်းစားနိုင်ပါတယ်။ ဒါပေမဲ့ လည်း လျှို့ဝှက် သိုသိပ်သလို ကြိုတင် သိစိတ်ရှိနေသူ ဗြိစ္ဆာရာသီဖွား များကတော့ အဆင်ပြေအောင် စီစဉ်နိုင်မယ် လို့ ယုံကြည်မိပါတယ်။

ဓနုရာသီဖွား
(နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်)

ဓနု ရာသီဖွားတွေ ကတော့ ဘယ် အရာကို မဆို အကောင်းမြင် ပေးစိတ် များပါတယ်။ ဒါ့အပြင် ဘယ် ကိစ္စကို မဆို စွန့်စား ရတာကိုလည်း ဓနုရာသီ ဖွားတွေဟာ နှစ်သက် တတ်ပါတယ်။ အချစ် ကိစ္စ နဲ့ ပတ် သက် ရင်တော့ စိတ်ကူးယဉ် ဆန်မှု များပြားသလို လျှို့ဝှက် အချစ် ဇာတ်လမ်းတွေ လည်း ရှိတတ်ပါ တယ်။

ဓနု ရာသီဖွားတွေ ရဲ့ပန်း ကတော့ ကြက်တူ ရွေးပန်းပဲ ဖြစ်ပါတယ်။ အရောင် စုံပြီး တောက်ပသလို အမြင် အာရုံကို ဆွဲဆောင်နိုင်တဲ့ ကြက်တူ ရွေးပန်းဟာ အခိုင် ပုံစံ ဖြစ်နေတာကြောင့် လက်ကိုင်ပန်း မှာ ထည့် သွင်းတာ၊ နံရံများမှာ ချိတ်ဆွဲ အလှဆင်တာ စသဖြင့် လှပစွာ ဆင်ပြင်လို့ ရပါတယ်။




မကာရရာသီဖွား
(ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၂၁ ရက်)

မကာရ ရာသီဖွားတွေ ဟာ ကရုဏာစိတ် ကြီးမားသူ ဖြစ်သလို ဦးနှောက် မှတ်ဥာဏ် စွမ်းရည် မြင့်မားသူပါ။ ငွေကြေးနဲ့ ပတ်သက် လာရင် စီမံ ခန့်ခွဲမှု စွမ်းရည် မြင့်မားတဲ့ မကာရ ဖွားတွေဟာ အနည်းငယ်တော့ ရှေးရိုးဆန်ကြ သူများ ပဲ ဖြစ် ပါတယ်။ ချစ်စိတ် ခံစားမှု အနေ နဲ့လည်း ရှေးရိုးဆန်တဲ့ သူ့စရိုက် နဲ့ ကိုက်ညီစွာ ချစ်သူကို လေးစား ချစ်ခင် ကြင်နာ တတ်သူ ပဲ ဖြစ်ပါတယ်။

ဒီလို ရှေးရိုး ဆန်ဆန် နေတတ်တဲ့ မကာရတို့ရဲ့ အဆောင်ပန်း ကတော့ ဂန္ဓမာပန်း ပဲ ဖြစ်ပါတယ်။ ဂန္ဓမာဟာ အခမ်း အနား နဲ့ ခွဲမရတဲ့ ပန်း အမျိုးအစား ထဲမှာ ပါဝင်နေတာ မို့ အရောင်စုံ ရှိသလို ဘယ်ပန်း၊ ဘယ် အရွက် နဲ့မဆို လိုက်ဖက် ညီ တင့်တယ်တာမို့ မကာရတို့ အတွက် အလှပဆုံး ပန်းအလှဆင်ခြင်း ကို ပြုလုပ်နိုင်မှာပါ။


ကုံရာသီဖွား
(ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၁၈)

ကုံရာသီဖွား တွေဟာ သဘာဝ ပတ်ဝန်းကျင် အလှကို နှစ်သက်ပြီး မြေကြီး နဲ့ နီးကပ်စွာ သဘာဝ ကျကျ အပိုအလို ဟန် မလုပ်ဘဲ နေတတ်သူပါ။ အများ အပေါ်မှာ လည်း ပေါင်းသင်း ဆက်ဆံရေး ပြေပြစ်ပြီး သဘောထား ကြီး သူတွေ ဖြစ်ကြပါ တယ်။ ဖြတ်ထိုး ဥာဏ် ကောင်းသလို သစ္စာ ရှိတဲ့ ပုဂ္ဂိုလ် အဖြစ် အမြဲတမ်း စာရင်းဝင်တဲ့ ကုံရာသီ ဖွား တွေ ရဲ့ အဆောင်ပန်း ကတော့ သစ်ခွပန်းပဲ ဖြစ်ပါတယ်။

သစ်ခွပန်းဟာ မြန်မာ အမျိုးသမီးတို့ အကြိုက်ဆုံး ပန်းတွေထဲက တစ်မျိုး ဖြစ်တာကြောင့် ကုံရာသီဖွားတွေ အနေနဲ့ အခြား ရာသီဖွားတွေ လောက် ပန်းက ရှာရ မခက် ပါဘူး။ သစ်ခွဟာ မင်္ဂလာ အခမ်း အနားတွေမှာ နေရာ အယူဆုံး ပန်း ဖြစ်နေတာမို့ ပန်း အလှ ဆင်ယင်သူတွေ နဲ့ တိုင်ပင်ပြီး အမျိုးစုံ ပြင်ဆင်လို့ ရသလို အရေးကြီး တဲ့ ကိစ္စ တွေ အတွက် အဆောင် အနေ နဲ့ ရင်ကပ်ပန်း လိုမျိုး အင်္ကျီမှာ ထိုးထားတာ၊ ခေါင်းမှာ ပန်တာ စသဖြင့် ပြင်ဆင်သွားလို့ ရပါ တယ်။


မိန်ရာသီဖွား
(ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂ဝ ရက်)

မိန် ရာသီဖွားတွေ ဟာ စိတ်ကူး စွမ်းအား ကောင်းကြ သူများ ဖြစ်ပါတယ်။ သူတို့တွေ ရဲ့ စိတ်နေ သဘောထား ကို အများက အလွယ် တကူ ခန့်မှန်းလို့ မရသလို သူ့ရဲ့ ချစ်စိတ် ခံစားမှု ကလည်း တိမ်တွေလိုပဲ မတည်မြဲ တတ်ပါဘူး။ လျှို့ဝှက် ဆန်းကြယ် မှု များ ပြည့်နှက်နေ တဲ့ မိန်ရာသီဖွား တွေဟာ အဆောင်ပန်း အနေ နဲ့ ကာနေးရှင်း ပန်း (မြန်မာ အခေါ် ဇော်မွှားပန်း) ကို ဆောင် ထားသင့် ပါတယ်။

ဇော်မွှားပန်းဟာ ရှာရခက်တဲ့ အမျိုးအစားထဲ မှာ မပါသလို အနံ့လည်း ခပ်သင်းသင်း ရှိတာ ကြောင့် ပန်းစိုက်အိုးတွေ နဲ့ အလှဆင် လို့ကောင်း တဲ့ ပန်းဖြစ်တာကြောင့် မိန်ရာသီဖွား တို့အတွက် မခက်ခဲတဲ့ အဆောင်ပန်း ပဲ ဖြစ်ပါတယ်။


မိဿရာသီဖွား
(မတ် ၂၁ ရက်နေ့မှ ဧပြီ ၂ဝ ရက်)

မိဿ ရာသီ ဖွားတွေ ဟာ မွေးရာပါ ခေါင်းဆောင်စိတ် ရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။ မိဿရာသီ ဖွားတွေ အတော် များများ ဟာ ခေါင်းဆောင် အဖြစ် လူ အများကြား ထင်ပေါ် သူတွေ ဖြစ်ကြပါတယ်။ မိဿ ရာသီဖွားတွေ ဟာ အနုပညာကို ချစ်မြတ်နိုး တတ်သူ၊ ဘာသာ တရား ကိုင်းရှိုင်းသူတွေ ဖြစ်ကြပါတယ်။ မိဿ ရာသီဖွားတွေ ဟာ ဆွတ်ပျံ့ ဖွယ် အချစ် ဇာတ်လမ်းလေးတွေ ကို ဖန်တီးတတ် သူတွေ ချည်း ဖြစ်ကြပါတယ်။ သူတို့တွေ ရဲ့ အဆောင်ပန်း ကတော့ နှင်းပန်း (သို့) မိုးကုပ်လီလီ ပဲ ဖြစ်ပါ တယ်။

လီလီပန်း ဟာ စကားပန်း အနံ့ နဲ့ တူပြီး သူ့အနံ့က မွှေးပျံ့ပါတယ်။ အရောင် ကလည်း အဖြူရောင် ဖြစ်တာကြောင့် ကမ္ဘာမှာ အခမ်း အနား၊ မင်္ဂလာပွဲတွေ မှာ နှင်းပန်း (သို့) လီလီ ကို မင်္ဂလာပန်း အဖြစ် ရည်ရွယ်ပြီး အသုံးပြု လာတာ နှစ်ပေါင်း အတော် ကြာနေပါပြီ။ အချို့ က ဘိသိတ်ပန်း တစ်နည်း လက်ထပ်ပန်း လို့ခေါ်ကြ တဲ့ လီလီ ပန်းလောက် မကြီးတဲ့ အဖြူရောင် ပန်း ပွင့် တွေ ဟာလည်း လီလီပန်း အမျိုးအစား ထဲမှာ ပါပါ တယ်။


ပြိဿရာသီဖွား
(ဧပြီ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်)

ပြိဿ ရာသီဖွားတွေ ဟာ ရာသီခွင် အားလုံး ထဲမှာ မှတ်ဥာဏ် စွမ်းရည် အထူး ကောင်းမွန်ဆုံး သူတွေပဲ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ဂေဟ စနစ်ကို လေး စား စောင့်ရှောက် သူတွေ ဖြစ်ကြပြီး စိတ်ရှည်တဲ့ သူတွေပဲ ဖြစ်ကြပါတယ်။ ချစ်စိတ် ရေးရာ အနေ နဲ့ ချစ်ခင်လွယ်၊ စောင့်ရှောက် လွယ်တဲ့ စိတ်နှလုံး ပိုင်ဆိုင်တဲ့ သူတွေ ဖြစ်ပြီး အချစ်ရေး မှာ သစ္စာ ရှိတဲ့ သူတွေ ဖြစ်တဲ့ ပြိဿ ရာသီ ဖွားတွေရဲ့ အဆောင်ပန်း ကတော့ တရုတ်စံကား ပန်းပဲ ဖြစ်ပါတယ်။

တရုတ် စံကားပန်းဟာ အဖြူ နဲ့ အနီမျိုးပဲ မြန်မာပြည် မှာတွေ့ရ များပါတယ်။ အနီရောင် ထက် အဖြူရောင် တရုတ်စံကားပန်း ကို ကမ်းခြေ မှာ ပြုလုပ်တဲ့ Beach Wedding မှာ အသုံးပြု ကြတာ များပါတယ်။ အင်ဒို၊ ဘာလီ၊ မလေး စတဲ့ နိုင်ငံ များမှာ စံကားပန်း ဟာ Spa များ၊ အလှ ဖျော်ဖြေပွဲများ အပြင် မင်္ဂလာပွဲ များမှာပါ အသုံး များဆုံး ပန်းပဲ ဖြစ်ပါတယ်။ ပန်းပဲ ထိုးထိုး၊ ပန်းပွင့် တွေကို ကြိုး နဲ့ သီကာ နံရံတွေ၊ တိုင်တွေမှာ ချိတ်ဆွဲ အလှ ဆင်တာ စသဖြင့် အမျိုးမျိုး ပြင်ဆင် လို့ ရတာကြောင့် သဘာဝ ပတ်ဝန်းကျင် ကို ချစ်မြတ်နိုး တဲ့ ပြိဿ ရာသီဖွား တို့အတွက် အကောင်းဆုံး ပြင်ဆင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။


မေထုန်ရာသီဖွား
(မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့)

မေထုန် ရာသီဖွား တွေ ဟာ စိတ်နှလုံး ပွင့်လင်းသူ ဖြစ်ပြီး စိတ်ခံစား လွယ်ကြ သူများ ဖြစ်ပါတယ်။ အမြဲ လှုပ်ရှား နေတဲ့ မေထုန် ရာသီ ဖွား တွေဟာ စိတ် လှုပ်ရှားဖွယ် အပြည့် ရှိတဲ့ အချစ်ရေး ကို မျှော်လင့် နေကြ သူများ ဖြစ်ကြပြီး ရင်ထဲက နှစ်ပြီး မချစ်တတ် သူတွေ လည်း ဖြစ်ကြပါတယ်။ ဒီ မေထုန် ရာသီဖွားတွေ ရဲ့ အဆောင်ပန်း ကတော့ ထားဝယ် မှိုင်းပန်း တစ်နည်း သင်္ကြန်ပန်း ပဲ ဖြစ် ပါ တယ်။

ထားဝယ် မှိုင်းပန်းဟာ ဆေးဖက်ဝင် အာနိသင် အပြည့်ရှိသလို မွှေးရနံ့ရော၊ အရောင်အဆင်း ကပါ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ပန်းပါ။ သူ့ရဲ့ နာမည် က တကယ့် ကို မြန်မာ ဆန်ပါတယ်။ Rangoon Creeper လို့ သူ့ကို ခေါ်ပါတယ်။ ဧပြီလ ရောက် ရင် လှိုင်လှိုင် ပွင့်တာ မို့ သင်္ကြန်ပန်း လို့ အချို့က ခေါ်ကြ ပါသေးတယ်။ ခြံစည်းရိုးမှာ စိုက် တဲ့ နွယ်ပင် အမျိုးအစား ဖြစ်တာကြောင့် မေထုန် တို့ အနေနဲ့ ရှာရ မခက်နိုင်ပါဘူး။


ကရကဋ်ရာသီဖွား
(ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင် ၂၂ ရက်နေ့)

အလွယ်တကူ မချစ်တတ်သူ၊ စိတ်ကူးယဉ် ဆန်သူ၊ သစ္စာရှိသူ၊ သူတစ်ပါး မပျော်ရွှင် ချိန် စိတ် ချမ်းမြေ့အောင် လုပ်ပေးတတ်သူ ကရကဋ် ရာသီဖွားတွေ ရဲ့ အဆောင် ပန်း ကတော့ ကြာပန်းပဲ ဖြစ်ပါတယ်။

မြန်မာ နဲ့ ကြာဟာ ခွဲမရပါဘူး။ ကြာမျိုး ငါးပါး ရှိတဲ့အတွက် ကရကဋ်တွေ အဖို့ ကြာပန်းဟာ အဆင်ပြေစွာ နဲ့ ပြင်ဆင်လို့ရတဲ့ ပန်းဖြစ် မှာ အသေအချာပါပဲ။

သိဟ်ရာသီဖွား
(ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့)

အမြဲတမ်း ပျော်ရွှင် စွာ နေတတ်သူ၊ သဘာဝ တရားကြီး ကို ချစ်ခင် နှစ်သက်သူ ပေါ့ပေါ့ ပါးပါး နေထိုင် တတ်လွန်း တာကြောင့် ပေါ့ ပျက်ပျက် လို့ တစ်ခါ တစ်ရံ သတ်မှတ် ခံရတဲ့ သိဟ်တွေရဲ့ အဆောင်ပန်း ကတော့ နေကြာပန်း ပဲ ဖြစ်ပါတယ်။

သိဟ်တွေရဲ့ အဆောင်ပန်း က အရွယ် အစား ကြီးမား လွန်းပေမယ့် ပျော်ရွှင်တတ်တဲ့ သိဟ်က ဒါကို အဆင်ပြေစွာ ဖြေရှင်းပြီး လှပအောင် ဆင်ယင်နိုင်မှာပါ။

လူသားတွေ ဟာ မွေးလာချိန် က စပြီး ကိုယ့် မွေးဂြိုဟ်ရဲ့ စိုးမိုးမှု စွမ်းအား ၅ဝ၊ ကိုယ့်ရဲ့ကိုယ်ပိုင် ကြိုးစားမှု ၅ဝ ရာခိုင်နှုန်း နဲ့ ဘဝကို တည်ဆောက်ကြ ရပါတယ်။ ဒါကြောင့် ကိုယ့် ရဲ့ ကောင်းတဲ့ စရိုက်တွေ ပိုပြီး တိုးတက် ကောင်းမွန်အောင် မွေးဂြိုဟ် က ဖော်ညွှန်း တဲ့ ရာသီခွင် အလိုက် ဆောင်ထား ရမယ့် ပန်းလေးတွေ ကို ဆောင် ထား ခြင်းနဲ့ ပြုပြင်လို့ ရပါတယ်။ ဒါကြောင့် ကိုယ့်ဘဝ ရဲ့ အရေးကြီးတဲ့ ကိစ္စတွေ၊ တစ်သက်တာမှာ တစ်မင်္ဂလာ ပဲ ရှိမယ့် မင်္ဂလာပွဲလေးမှာ ကိုယ့်ရဲ့ အဆောင် ပန်းလေးတွေ နဲ့ လိုအပ် တဲ့ နေရာ ကို အလှဆင် လိုက်မယ် ဆိုရင် မင်္ဂလာ အရှိဆုံး၊ အကောင်းဆုံး ဖြစ်သွားမှာ အသေအချာ ပါပဲလို့ ညွှန်းလိုက်ပါတယ်နော်။

ဒါယူ (Da You)

Ref : Bride Magazine

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်