Wednesday, February 05, 2014

ချိန်ကိုက်မိုင်း ပေါက်ကွဲမှု၊ မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှုနှင့် မိုးမိတ်နယ်စပ် နယ်ခြားစောင့်တပ် ပစ်ခတ်မီးရှို့ခံရမှုတို့ ဆက်စပ်မှုရှိ မရှိ စစ်ဆေး

Posted by drmyochit Wednesday, February 05, 2014, under | No comments


Wednesday, February 5, 2014

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းတွင် ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ယာဉ်တန်းရှေ့တွင် ချိန်ကိုက်မိုင်း ပေါက်ကွဲမှု၊ မိုးကုတ်မြို့နယ်ရှိ ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုနှင့် မိုးကုတ်-မိုးမိတ်နယ်စပ်ရှိ နယ်ခြားစောင့် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့ ဝင်ရောက် ပစ်ခတ် မီးရှို့မှုတို့တွင် ကျူးလွန်သူများ ဆက်စပ်မှုရှိ မရှိ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်၊ ပလောင်၊ ရှမ်း လက်နက်ကိုင်အဖွဲ့များ ဟုတ်မဟုတ်ကို စစ်ဆေးနေ ဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း မိုးကုတ်-မိုးမိတ် နယ်စပ်ရှိ မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံ လွယ်ဆာ တပ်စခန်း (KF -573446) ကို အင်အား ၈၀ ဦးခန့် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့ သည် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းအနီးရှိ ရွှေသာယာ ကျေးရွာတွင် အင်အား ၃၀ ဦးခန့် ဝိုင်းရံထားပြီး တပ်စခန်းကို လက်နက်ကြီး နှစ်လုံးဖြင့် စတင်ပစ်ခတ်ခဲ့ရာ တပ်ကြပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ ရွှေသာယာ ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ လက်နက်ကိုင် အဖွဲ့သည် အရှေ့ဘက်အရပ်သို့ ထွက်ခွာသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာ အုပ်စု၊ ရွှေသာယာ ကျေးရွာနှင့် ပန်ထီလာ ကျေးရွာတို့မှ ဒေသခံများသည် မိုးကုတ်မြို့နယ် ပိန်းမြစ် ကျေးရွာအုပ်စု အတွင်းရှိ ကိုးမိုင်ရွာ၊ ပိန်းမြစ် အထက်ရွာ၊ ပိန်းမြစ်အောက်ရွာနှင့် မိုးကုတ်မြို့ပေါ် လယ်ဦးရပ်ကွက်၊ ပိတ်ဆွယ် ရပ်ကွက်များရှိ ၎င်းတို့၏ ဆွေမျိုးနေအိမ်များသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
“အခုဖြစ်ပွားတဲ့ နေရာကို သွားရောက် စစ်ဆေးမှုတွေ၊ စုံစမ်းမှု လုပ်နေပါတယ်။ အခုချိန်မှာတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ပြောလို့ မရသေးပါဘူး” ဟု မိုးမိတ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

မိုးကုတ်မြို့၊ ရှောလီဝိုင်းအုပ်စု၊ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေး အတွင်းရှိ ‘မီလျံ’ ရွှေဆိုင်နှင့် ‘နဂါး’ ရွှေဆိုင်သို့ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျူးလွန်သည့် တရားခံများထဲမှ နှစ်ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖမ်းဆီးရမိပြီး ဖော်ထုတ် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ ကျူးလွန်သူ ခြောက်ဦးထဲမှ နှစ်ဦးသည် ရှမ်းတိုင်းသားများ ဖြစ်ပြီး အဆိုပါ နှစ်ဦးထံမှ လက်နက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျူးလွန်သူတစ်ဦး၏ ထွက်ဆိုချက်ကို တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နှစ်ဦး မိထားတဲ့အထဲမှာ တစ်ဦး ကျူးလွန်တယ်လို့ ဝန်ခံတယ်။ တစ်ဦး ဝန်မခံဘူး။ ဝန်ခံတဲ့ တစ်ယောက်က ဓားပြတိုက်တဲ့နေ့မှ လူလေးဦးကို တွေ့ရှိတာ ဖြစ်တယ်။ ကျူးလွန်တယ်လို့ ဝန်မခံတဲ့သူက အဲဒီလူတွေကို ခေါ်လာတာ။ ဝန်ခံတဲ့သူကနေ သူမြင်ဖူးတဲ့ ရုပ်ပုံကို ခန့်မှန်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ကို ပို့ထားပါတယ်။ အဲဒီကနေ နယ်မြေ ရဲစခန်းတွေကိုလည်း ပေးထားပါတယ်” ဟု မိုးကုတ် ရဲစခန်းမှ တာဝန်ရှိသူက ရှင်းပြသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ ကြားအရောက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဉ်တန်းသည် လက်ဆွဲမိုင်း ချိန်ကိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ ဒိုးပင် ရဲစခန်းတွင် (ပ) ၈/၂၀၁၄ ပြစ်မှု ဥပဒေပုဒ်မ ၃ အရ အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာနှင့် နောင်ချို မြို့နယ် တစ်ဝိုက်တွင် စစ်ကြောင်းများ ချမှတ်ထားကြောင်း နောင်ချို ရဲစခန်းထံမှ စုံစမ်းသိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်