Friday, March 28, 2014

''မီတာခတိုးမြှင့်ခြင်းကြောင့် မန္တလေးမြို့၌ ဆန္ဒပြသူလေးဦး ထိန်းသိမ်းခံရ ရန်ကုန်မြို့တွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ် ''

Posted by drmyochit Friday, March 28, 2014, under | No comments

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ ဧပြီ ၁ ရက် မှစတင်ပြီး လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံ ထားသော မီတာခနှုန်းထား များပြန်လည်လျှော့ချရေးအတွက် မတ် ၂၇ ရက် ညပိုင်းတွင် မန္တလေးမြို့ ၃၃ လမ်းနှင့် ၇၈ လမ်းထောင့် ရှိ ဒိုင်းမွန်းပလာဇာရှေ့၌ မီတာခတိုးမြှင့် ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ လေးဦးကို ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာတွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၂၇ ရက် ည ၇ နာရီခန့်က ယင်းသို့ ဆန္ဒထုတ်ဖော်သူများမှာ ဖယောင်းတိုင်အား စတင်မီးညှိပြီး ကြွေးကြော်သံများ ရွတ်ဆိုစဉ် ရဲတပ်ဖွဲ့ဝင်များက ချက်ချင်းတားဆီးခဲ့ခြင်းကို လက်မခံခဲ့ဘဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှတ် ၈ ရဲ စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူ လေးဦးမှာ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့မှ ကိုသိန်းအောင်မြင့်ပါဝင်ပြီး ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနှင့် မတင်တင်ခက်တို့ ဖြစ်ကြောင်းသိရပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်ထွန်းက “စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်တဲ့အတွက် ဖမ်းဆီးတာပါ။ ဒါကြောင့် ပုဒ်မ ၁၈ နဲ့ တည်ဆဲဥပဒေအရ အရေးယူသွားဖို့ ရှိပါတယ်။ နောက်မှအာမခံ ပေးတာတွေ ယူတာတွေရှိမှာပါ။ ဖမ်းဆီးတာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးပါ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌လည်းည ၇ နာရီခန့်တွင် လူဘောင်သစ်အဖွဲ့မှ လူငယ်များ၊ Generation Youth အဖွဲ့မှလူငယ်များ၊ ပြည်သူလူထုများ အပါအ၀င် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ခန့်က စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ လောကနတ် လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်ကာ အလုံမြို့နယ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးအထိ ဒုတိယမြောက်နေ့အဖြစ် လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် “ပြည်သူ့ဆန္ဒ လျစ်လျူရှုသော အစိုးရအလိုမရှိ၊ မီတာခတိုးမြှင့် ကောက်ခံမှုအလိုမရှိ၊ တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ်ထားရှိရေး၊ လျှပ်စစ်မီတာခ လျှော့ချပေးရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး” စသည့်တို့ကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

“ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတာကြီးက စာသားကြီးအတိုင်း ဖြစ်နေတယ်။ အဲဒီဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ ပြည်သူတွေဆန္ဒပြတယ်။ ကျွန်တော်တို့ ပြည်သူတွေက တောင်းဆိုနေပါပြီ။ ပြည်သူ့ဆန္ဒကို အလေးထားပါ။ အခုလိုတောင်းဆိုခဲ့တဲ့ ပြည်သူ့တွေအတွက် ဆုလာဘ်က ထောင်ဒဏ်၊ ငွေဒဏ်မဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။ ပြည်သူလူထုဆန္ဒကို မလိုက်လျောဘူး ဆိုလို့ရှိရင်တော့ ဒီထက်ကြီးမားတဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုတင်ထွဋ်ပိုင်က အလုံလျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့၌ ပြောကြားသည်။

ယင်းကဲ့သို့ပင် ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် လူဘောင်သစ်အဖွဲ့မှ ကိုထက်က “အခု အစိုးရက ဒီမိုကရေစီ အစိုးရဆိုလို့ရှိရင် For the People၊ By the People ဖြစ်ရပါလိမ့်မယ်။ လက်ရှိအစိုးရကို ကျွန်တော်တို့ ပြောချင်တာကတော့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေနဲ့ အုပ်ချုပ်နေတဲ့အစိုးရ ဖြစ်တဲ့အတွက် ဖိနှိပ်ခံ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ပင် မတ် ၂၆ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်မြို့မြို့တော်ခန်းမရှေ့၌ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ကန့်ကွက်ဆန္ဒပြပွဲတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူပြည်သူ စုစုပေါင်း ၁၀၀ ခန့်ပါဝင် ဆန္ဒပြခဲ့ကြပြီး အဆိုပါဆန္ဒပြမှုမှာ ကြိုတင်ခွင့်ပြုချက်မယူ ထားသဖြင့် ဦးဝင်ချိုနှင့် ကိုဝေဠုတို့နှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ရှိသူများ ရဲစခန်းအတွင်းသို့ ခေါ်ဆောင်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အစိုးရကလက်ရှိ ကောက်ခံနေသည့် လျှပ်စစ်မီတာများဖြစ်သော အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် USD ၀ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက်မှစ၍ အိမ် သုံးမီတာ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိကို ၄၀ ကျပ်၊ ယူနစ် ၂၀၁ မှအထက်ကို ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး အနေဖြင့် ယူနစ် ၅၀၀ အထိ ၇၅ကျပ်၊ ယူနစ် ၅၀၁ မှ ၁၀၀၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၀၀၀ ယူနစ်မှ ၅၀၀၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၃၀၀၀၀၁ မှ အထက်ကို ၁၀၀ ကျပ်ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်