Thursday, March 13, 2014

သက်လတ်ပိုင်းသာမက သက်ကြီးပိုင်း အိမ်ထောင်သည် အမျိုးသမီးများပါ အဆီချလာ

Posted by drmyochit Thursday, March 13, 2014, under | No comments


စားသောက်မှုနှင့် နေထိုင်မှု ပုံစံပြောင်းလဲလာမှုကြောင့် မြို့နေလူတန်းစားများ ခန္တာကိုယ်အလေးချိန်မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိသည် wellnesswasteland.com

သက်လတ်ပိုင်းအရွယ် အိမ်ထောင်သည် အမျိုးသမီးများ သာမက  သက်ကြီးပိုင်းအရွယ်များပါ အဆီချမှုရှိလာကြောင်း ရန်ကုန်မြို့တွင်းရှိ ကိုယ်ကာယလေ့ကျင့်ရေး စင်တာများမှ စုံစမ်းသိ
ရှိရသည်။

‘‘လာတာကတော့ လူလတ်ပိုင်းတွေများတယ်။ တစ်ခါတလေ ခြောက်ဆယ်၊ ခုနစ်ဆယ်တောင် အဆီလာချကြတယ်။ အများစုကတော့ အ၀လွန်တဲ့သူတွေပါ’’ ဟု Queen's Rose ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အဆီချလုပ်ငန်းမှ တာဝန်ရှိသူ ဒေါ်အေးအေးခိုင်က ပြောသည်။
သက်ကြီးပိုင်း အမျိုးသမီးအချို့ အဆီချမှုများရှိလာရခြင်းမှာ အ၀လွန်ခြင်းကြောင့်ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရန် အသက်အရွယ်အားဖြင့် အခက်အခဲရှိ၍ ဆရာဝန်၏ညွှန်ကြားချက်အရ လာကြကြောင်း Calories ကိုယ်ကာယသင်တန်းပိုင်ရှင် မချိုကရှင်းပြသည်။
         
‘‘ဆရာဝန်က ပြောတယ်။ ခင်ဗျားအသက်အရွယ်နဲ့ ဒီပုံစံအ သွားရင် ကြာရင်မလွယ်ဘူးနော်လို့ ပြောတာနဲ့ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်တော့ အဆီချဖို့ လုပ်လိုက်တာ’’ဟု အသက် (၅၀)ကျော်တွင် ကိုယ်အလေးချိန် ပေါင်၁၉၀ ရှိသူ တာမွေမြို့နယ်မှ အိမ်ရှင်မတစ်ဦးကပြောသည်။
         
အဆီချရာတွင် ဗိုက်၊ ခါး၊ ပေါင်၊ ကျော၊ တင် ဟူ၍ အမျိုးမျိုးရှိပြီး လာရောက်သူအများစုမှာ ဗိုက်နှင့်ခါးတို့ကို အဓိကထားချကြကြောင်း Ginger Beauty Land အဆီချလုပ်ငန်းပိုင်ရှင် ဒေါ်စွဲမြတ်ဟေသီက ပြောသည်။
         
အဆီချရာတွင် ကိုယ်အလေးချိန်နှင့်ခန္ဓာကိုယ်တွင်းရှိ အဆီများပေါ်မူတည်၍ ဈေးအမျိုးမျိုး ကွာခြားမှုရှိပြီး ချသည့်နေရာများပါက ငွေကြေးကုန်ကျနိုင်သည်။
         
အဆီချနည်းများတွင် သဘာဝသစ်ဥ၊ သစ်ဖုများနှင့် ဖော်စပ်ထားသည့် သောက်ဆေးများအပြင် စက်ဖြင့် အဆီချနည်းဟူ၍ အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိပြီး ယင်းတို့မှာ မည်သည့်ကိုယ်အလေးချိန်ရှိသူမဆို အသုံးပြုနိုင်သည့် နည်းများဖြစ်ကြကြောင်း အဆီချခန်းများ ဖွင့်လှစ်ထားသည့် ကိုယ်ကာယလေ့ကျင့်ရေးစင်တာများမှ တာဝန်ရှိသူများကဆိုသည်။
         
ယခုနောက်ပိုင်းတွင်မူ အမျိုးသားများလည်း အဆီချခြင်းများရှိလာပြီး ၎င်းတို့မှာလည်း သုံးဆယ်ကျော်မှ ငါးဆယ်ကျော်အသက်အရွယ်များဖြစ်ကြကြောင်း အမျိုးသားသီးသန့် အဆီချခန်း ဖွင့်ထားသည့် Queen's Rose မှ ဒေါ်အေးအေးခိုင်က ပြောသည်။
         
ကမ္ဘာပေါ်ရှိ အ၀လွန်ရောဂါခံစားနေသူများ၏ သုံးပုံတစ်ပုံမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး မြန်မာနိုင်ငံတွင် အ၀လွန်ခြင်း၏ နောက်ဆက်တွဲရောဂါဖြစ်ပွားသူမှာ လူတစ်ရာလျှင် ခြောက်ဦးခန့်ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာ အ၀လွန်တိုက်ဖျက်ရေးအဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။

Author:  ရှင်းရှင်း
7DAY DAILY

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်