Tuesday, March 25, 2014

တီဘီရောဂါသည် ကမ္ဘာ့ကျန်းမာရေး ပြဿနာဖြစ်လာနိုင်ကြောင်း WHO သတိပေး

Posted by drmyochit Tuesday, March 25, 2014, under | No comments

တီဘီရောဂါ၏ ကမ္ဘာ့လူသားများအပေါ် ဖိစီးနှိပ်စက်မှု လျော့ကျသွားသည့် နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကုသမှု အခွင့်အရေး မရရှိသူများကို ယင်းရောဂါက နှိပ်စက်နေဆဲဟု WHOက ဆိုသည်



အဆုတ်နာ တီဘီရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးကို ခြိမ်းခြောက်နိုင်သည့် ကျန်းမာရေး ပြဿနာတစ်ခုသဖွယ် ပြန်လည် ရပ်တည်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ပြောကြားလိုက်သည်။ တီဘီရောဂါ၏ ကမ္ဘာ့လူသားများအပေါ် ဖိစီးနှိပ်စက်မှု လျော့ကျသွားသည့် နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကုသမှု အခွင့်အရေး မရရှိသူများကို ယင်းရောဂါက နှိပ်စက်နေဆဲဟု WHOက ဆိုသည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားခဲ့သော်လည်း ကုသမှု ခံယူနိုင်ခြင်း မရှိသူ (၃)သန်းမျှ ရှိနေကြောင်း သိရသည်။
ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပွားသော အဆိုပါ ရောဂါသည် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်များ ထွက်ပေါ်လာစေသည်။ ယင်းဘက်တီးရီးယားသည် အဆုတ်ကို ဦးစွာတိုက်ခိုက်ပြီး ထို့နောက်ပိုင်းတွင် ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများကိုပါ ထိခိုက်စေတတ်သည်။ တီဘီရောဂါကို ကုသနိုင်သော်လည်း ထိရောက်သည့် ကုသမှု မရှိလျှင် အသက်ဆုံးရှုံးသည်အထိ အခြေအနေ ဆိုးနိုင်သော ကျန်းမာရေး ပြဿနာ တစ်ခုလည်း ဖြစ်သည်။ (၂၀၁၂)ခုနှစ်က တီဘီရောဂါ ကုသဆေး မတိုးသည့် စူပါအဆင့် တီဘီရောဂါ ကူးစက်မှုကြောင့် ကမ္ဘာ့လူဦးရေ သန်းဝက်မျှ ဖျားနာခဲ့ရဖူးသည်။

WHOမှ အထွေထွေ ဒါရိုက်တာ တစ်ဦးဖြစ်သော မာဂရက်ချန်းက “တီဘီရောဂါက ပုံစံကွဲအမျိုးမျိုး ရှိနိုင်တယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ရောဂါဖြစ်တာကို စောစောစီးစီး သိရှိဖို့နဲ့ မြန်မြန်ဆန်ဆန် ကုသဖို့က သိပ်ကို အရေးပါတဲ့ လိုအပ်ချက်တွေပါပဲ။ ရောဂါရှာဖွေမှုမှာ မှန်ကန်တဲ့ နည်းလမ်းက ချဉ်းကပ်နိုင်ခြင်းဟာ ဒီရောဂါကို ဟန့်တားဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ WHOသည် မျိုးကွဲ တီဘီရောဂါပိုးများအတွက် ကုသဆေး ပုံစံအမျိုးမျိုးကို ထုတ်လုပ်ခဲ့သည်။
ယခုအခါတွင် တီဘီရောဂါသည် ကမ္ဘာ့ကျန်းမာရေးအတွက် ပြဿနာတစ်ခုသဖွယ် တည်ရှိနေကြောင်း WHOမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ တီဘီရောဂါသည် လူ့သမိုင်း အစောပိုင်း အီဂျစ်ဖာရိုး ဘုရင်များ လက်ထက်ကတည်းက တည်ရှိခဲ့သော ရောဂါတစ်မျိုးဖြစ်ပြီး အီဂျစ်မာမီ ရုပ်အလောင်း အချို့တွင် ယင်းရောဂါပိုး စွဲကပ်ခဲ့သည့် အထောက်အထားများကို သုတေသီများက ဖော်ထုတ်တွေ့ရှိထားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်