Sunday, May 25, 2014

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်အားထိန်းသိမ်းထား

Posted by drmyochit Sunday, May 25, 2014, under | No comments



ဗန်ကောက် မေ ၂၄

ထိုင်းနိုင်ငံ၌ ရာထူးမှဖယ်ရှားခံခဲ့ရသော ဝန်ကြီးချုပ်ယင်လပ်ရှင်နာဝါထရာ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ခေါင်းဆောင်များအား ရက်သတ္တတစ်ပတ်ကြာမျှ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် စဉ်းစားရန်အချိန်ရရှိနိုင်စေရန် ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်များက မေ ၂၄ ရက်တွင် ပြောကြားကြသည်။

ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုတတ်သော တက္ကသိုလ် ပညာရှင်များကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီသို့ သတင်းပို့ရန် ဆင့်ခေါ်ထားသည်။
မေ ၂၂ ရက်က စစ်တပ်ကအာဏာသိမ်းယူလိုက်ခြင်း အတွက် စုဝေးဆန္ဒပြနိုင်ခြင်းမရှိစေရန် ရည်ရွယ်ချက်ဖြင့် အထင်ကရပုဂ္ဂိုလ်များအား ခေါ်ယူထိန်းသိမ်းထားသည်ဟု ယူဆရကြောင်း ဝေဖန်ချက်များ ပေါ်ထွက်လာသည်။ ထိုင်းနိုင်ငံ၌ လူတန်းစားအခြေခံသော အုပ်စုနှစ်စုအကြား နိုင်ငံရေးအားပြိုင်ရာမှ လပေါင်းအတန်ကြာမျှ လမ်းပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်အာဏာသိမ်းပွဲ ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်အတွင်း စစ်အုပ်ချုပ်ရေးကောင်စီ၏ တားမြစ် ပိတ်ပင်ချက်ကိုအာခံလျက် အာဏာသိမ်းမှုကို ကန့်ကွက် သည့် ဆန္ဒပြသူ ရာပေါင်းများစွာက မြို့တော် ဗန်ကောက် တွင် ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ များသည် မေ ၂၄ ရက်က ရုပ်ရှင်ရုံတစ်ရုံအနီး ဆန္ဒပြခဲ့ပြီး နောက် ၉ ကီလိုမီတာ(၅ ဒသမ ၆ မိုင်)အကွာရှိ ဒီမိုကရေစီ အောင်ပွဲ အထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ထွက်ခွာသွား ခဲ့ကြသည်။

ထိုင်းနိုင်ငံ၌ စစ်ဘက်ကအာဏာသိမ်းခဲ့ခြင်းကို ပြစ်တင်ရှုတ်ချလျက် အမေရိကန်ပြည်ထောင်စုက ယင်းနိုင်ငံသို့ စစ်ရေးအကူအညီပေးမှုကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အမေရိကန် ကြည်းတပ်အကြီးအကဲသည် ထိုင်း စစ်အရာရှိအား ဆင့်ခေါ်ခဲ့ပြီး ¤င်း၏နိုင်ငံ၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည်ကျင့်သုံးရန်တိုက်တွန်းခဲ့သည်။

နိုင်ငံခြားစစ်ရေးအကူအညီနှင့် နိုင်ငံတကာစစ်ပညာ နှင့် စစ်သင်တန်းအစီအစဉ်တို့အတွက် နှစ်စဉ်ဒေါ်လာ ၃ ဒသမ ၅ သန်းခန့် ထောက်ပံ့ပေးမှုကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြား သည်။
ရိုက်တာ။
The Mirror Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်