Tuesday, June 10, 2014

ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရှားပုဂ္ဂိုလ် (၁၀)ဦး


ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ထင်ရှားကျော်ကြားသူများ၊ အောင်မြင်နေသူများ၊ လူသိထင်ရှား Celebrity အများစုသည် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ဖန်တီးမှုများအပေါ် ထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာ စိတ်ဝင်တစား မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြသည်။

ထို့အပြင် အနုပညာ၊ စီးပွားရေး၊ နည်းပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့အမြောက်အမြား ရရှိထားသူများ၊ ဘာသာစကား အမျိုးမျိုးကို ကျင်လည်စွာ တတ်မြောက် ပြောဆိုနိုင်သူများ၊ ဇာတ်ညွှန်းတစ်ခုမျှကို ခေတ္တမျှ ဖတ်ရှုရုံဖြင့် စွဲမြဲစွာမှတ်မိနေတတ်သူများ အစရှိသဖြင့် ဉာဏ်ရည်နှင့် ပတ်သက်သော ထူးခြားသည့် စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် နာမည်ကျော်များလည်း ရှိနေသည်။ ယင်းသို့သော Celebrity များ၏ ဉာဏ်ရည်ထက်မြက်မှု အတိုင်းအတာ (IQ)ကိန်းဂဏန်းများသည် ပါရမီရှင်အဆင့်မျှထိ မြင့်မားနေလေ့ရှိသည်။

ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦး၏ IQ ပမာဏကို (၁၀၀)ဝန်းကျင်ဟု သတ်မှတ်လေ့ရှိပြီး ယင်းထက်မြင့်မားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုအပိုင်းတွင် ပိုမိုပြည့်ဝထူးချွန်လေဖြစ်သည်။ (၁၄၀)အထက်ကိုမူ ပါရမီရှင်ဟု သတ်မှတ်လေ့ရှိသည်။

နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ နစ်ကိုးလ်ကစ်ဒ်မန်း
ကစ်ဒ်မန်း၏ ဉာဏ်ရည်ထက်မြက်မှုသည် မိဘများထံမှ အမွေဆက်ခံ ရရှိခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ မိဘနှစ်ပါးသည် သုတေသန ပရောဂျက်တစ်ခုအတွက် အမေရိကန်သို့ ပြောင်းရွှေ့လာသည့် သုတေသီများ ဖြစ်ကြပြီး ကစ်ဒ်မန်းကို ဟာဝိုင်ယီရှိ ဟိုနိုလူလူတွင် မွေးဖွားခဲ့သည်။
ကစ်ဒ်မန်း၏ ဖခင်သည် ဇီဝဓာတုသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကစ်ဒ်မန်းကမူ ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ အနုပညာနယ်ပယ်တွင် အောင်မြင်မှုများ ရှာဖွေရယူနိုင်ခဲ့သည်။ လက်ရှိတွင် မင်းသားကိတ်သ်အာဘန်နှင့် လက်ထပ်ထားသည့် ဟောလိဝုဒ်ကြယ်ပွင့်သည် ကလေးဘဝငယ်ရွယ်စဉ်ကတည်းက အနုပညာလောကသို့ စတင်ခြေချ ဝင်ရောက်လာသူလည်း ဖြစ်သည်။

သူမ၏ IQ အဆင့်မှာ (၁၃၂)အထိရှိပြီး ဗစ်တိုရီးယား အနုပညာကောလိပ်နှင့် ဩစတြေးလျလူငယ်များ ပြဇာတ်ရုံတို့တွင် ပညာသင်ယူ ဆည်းပူးခဲ့ဖူးသည်။
ကစ်ဒ်မန်းသည် အကောင်းဆုံး မင်းသမီးဆုအတွက် အော်စကာဆုရရှိခဲ့ဖူးပြီး ဖြစ်သလို UNICEF ၏ နှလုံးလှသံတမန်တစ်ဦးအနေဖြင့် ပရဟိတလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်သည်။ ကစ်ဒ်မန်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာအောင် တက်တက်ကြွကြွ နှိုးဆော်စည်းရုံးနေသူ တစ်ဦးလည်း ဖြစ်သည်။

၉။ ကီဗင်စပေဆီ
IQ အဆင့် (၁၃၇)အထိ ရှိနေသည့် စပေဆီ အနေဖြင့် ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရည်ထူးချွန်ပြီး ကျောင်းအတွက် ကိုယ်စားပြုရသည့် အဆင့်မျိုး သတ်မှတ်ခံခဲ့ရခြင်းမှာ မဆန်းကြယ်လှချေ။

ဟောလိဝုဒ်၌ တော်လှန်ဆန်းသစ်သော အမြင်ရှိသည့် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သလို ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။
ဟောလိဝုဒ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ ဖြတ်သန်းခဲ့ပြီးနောက် လန်ဒန်အခြေစိုက် Old Vic ပြဇာတ်ကုမ္ပဏီ၌ အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာအဖြစ် စာချုပ်ခဲ့သည်။

စပေဆီသည် ၎င်း၏ ဉာဏ်ရည်မြင့်မားမှုကို သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာနှင့် စာရေးဆရာနယ်ပယ်များ၌ ရပ်တည်ရင်း လက်တွေ့ပြသခဲ့သူဖြစ်သည်။

၈။ နာတာလီပို့တ်မန်း

ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးကို ရုပ်ရှင်ရိုက်ကွင်းများတွင် အခြေချရပ်တည်ပြီး ထူးထူးခြားခြား အောင်မြင်နေသည့် အခြေအနေမျိုး များများစားစား မျှော်လင့်နိုင်မည် မဟုတ်ချေ။

ပို့တ်မန်းသည် ယင်းကဲ့သို့ ရှားပါးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်ပြီး (၂၀၀၃)ခုနှစ်က ဟားဗတ်မှ စိတ်ပညာအထူးပြုဘွဲ့ကို ရရှိထားခဲ့သည်။ ထို့အပြင် Black Swan ဇာတ်ကားတွင် အကောင်းဆုံး ဦးဆောင်သရုပ်ဆောင်ရင်း အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုများကို သိမ်းကျုံးရရှိထားခဲ့သည်။

ဆရာဝန်တစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် အစ္စရေးသူ၏ IQ အဆင့်သတ်မှတ်ချက်သည် (၁၄၀)အထိ ရှိနေသည်။

ပို့တ်မန်းသည် ဟီးဘရူးနှင့် အင်္ဂလိပ်စကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး စပိန်၊ ဂျပန်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုပါ လက်ပွန်းတတီး လေ့လာသင်ယူထားသူ ဖြစ်သည်။

“ကျွန်မက ရုပ်ရှင်စတားတစ်ယောက် ဆိုတာထက် ပိုပြီးတော့ စမတ်ကျချင်ပါတယ်”ဟု ပြောဆိုဖူးသည့် ပို့တ်မန်းအနေဖြင့် ပညာရေးတွင်လည်း အမှန်တကယ် ထူးချွန်သူတစ်ဦးဆိုသည်မှာ ယုံမှားစရာမရှိချေ။

၇။ မက်ဒေါနား
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အယ်လ်ဘမ်ချပ်ရေ ကော်ပီပေါင်း သန်း(၃၀၀)ကျော် ရောင်းချပြီးသည့်နောက် Material Girl စတားအဆိုတော်သည် အထင်ကရ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

သူမ၏အသံနှင့် သူမ၏အလှအပတို့ကို ဘေးဖယ်လိုက်လျှင်ပင် မက်ဒေါနား၌ အထူးတလည် အသိအမှတ်ပြုရမည့် အရည်အသွေးကောင်းတစ်ခု ကျန်ရှိနေသေးသည်။ ယင်းမှာ သူမ၏ IQ အဆင့်ဖြစ်သည်။

မက်ဒေါနားသည် IQ အဆင့် (၁၄၀)အထိ ရှိနေသူဖြစ်ပြီး ငယ်စဉ်က မစ်ချီဂန်တက္ကသိုလ်တွင် အကပညာကို ဆည်းပူးသင်ယူနေရာမှ တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ရပြီးနောက် မျှော်လင့်ချက်အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နယူးယောက်သို့ စွန့်စားထွက်ခွာလာခဲ့သည်။

မက်ဒေါနားသည် သီချင်းအယ်လ်ဘမ် (၁၂)ခုထိ ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သလို ဖက်ရှင်အမှတ်တံဆိပ်များ၊ ရေမွှေးအမှတ်တံဆိပ် အမျိုးမျိုးတို့ကို ထုတ်လုပ်ခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကိုပါ စီမံကိုင်တွယ်ပြီး အောင်မြင်မှုများ ရရှိနေသည်။

၆။ ဟီလာရီကလင်တန်
ပါရမီရှင်အဆင့် IQ သတ်မှတ်ချက်မျိုး ပိုင်ဆိုင်သူများထဲတွင် အမေရိကန်သမ္မတကတော်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

လွှတ်တော်အမတ်ဘဝမှသည် သမ္မတလောင်းနေရာထိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ကလင်တန်သည် IQ အဆင့် (၁၄၀)အထိ ရှိနေသူ တစ်ဦးဖြစ်သည်။

ချီကာဂိုတွင် မွေးဖွားသည့် ကလင်တန်သည် ကျောင်းသူ မိန်းကလေးငယ် ဘဝကတည်းက ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။

နိုင်ငံရေးနယ်ပယ်ကို သူမဘဝ၏ တက်လမ်းအဖြစ် အခိုင်အမာ မရွေးချယ်မီက ကလင်တန်သည် အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာရန်အတွက် NASA တွင် အလေးအနက် ချိတ်ဆက်ကြိုးစားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီးအာကာသယာဉ်မှူးများ ရွေးချယ်ရန် အစီအစဉ်မရှိသေးဟု NASA က ပြန်ကြားခဲ့၍သာ ကလင်တန်တစ်ယောက် အာကာသဟင်းလင်းပြင်ထဲ ရောက်မနေဘဲ လွှတ်တော်အဆောက်အအုံထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။

၅။ စတိဗ်မာတင်

Father of the Bride နှင့် Pink Panther ကဲ့သို့ ရုပ်ရှင်များတွင် ဆံပင်ဖြူဖြူနှင့် သရုပ်ဆောင် မာတင်၏ ရယ်ရွှင်ဖွယ်ဇာတ်ရုပ်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ မာတင်သည် ရုပ်ရှင်ပိတ်ကားပေါ်တွင် ပရိသတ်များ တွေ့မြင်ရသည့် ပုံရိပ်မျိုးထက် ပိုမိုနက်နဲသော နောက်ခံဖြတ်သန်းမှုများ ရှိနေသူဖြစ်သည်။

၎င်းသည် လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုအဖြစ် ပညာသင်ယူခဲ့ပြီး ထို့နောက်တွင်မူ ပရိသတ်များကို ပျော်တော်ဆက်သည့် ဟာသဇာတ်ဆောင်တစ်ဦး၏ ဘဝကို ခံယူခဲ့သည်။

ထူးခြားချက်မှာ မာတင်သည် MENSA ခေါ် နိုင်ငံတကာမှ IQ အဆင့်အတန်း အလွန်မြင့်မားသူများ စုဖွဲ့ထားသည့် အစည်းအရုံးမှ အသင်းဝင်တစ်ဦး ဖြစ်နေခြင်းပင်။ ၎င်း၏ IQ အဆင့်သည် (၁၄၂)အထိ ရှိနေကြောင်း သိရသည်။

မာတင်သည် အောင်မြင်သည့် ဟာသဇာတ်ဆောင်တစ်ဦးအပြင် ပြဇာတ်ရေးဆရာ၊ စာရေးဆရာဘဝများကိုပါ ခံယူထားပြီး ကမ္ဘာ့အဆင့် ဘင်ဂျိုတူရိယာပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။

၎။ ရှရွန်စတုန်း
IQ အဆင့် မယုံနိုင်လောက်စရာ မြင့်မားနေသည့် နောက်ထပ် ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးအဖြစ် စတုန်းကို ညွှန်းဆိုရမည် ဖြစ်သည်။ သူမ၏ IQ အဆင့်မှာ (၁၅၄)ဖြစ်သည်။

မျက်လုံးပြာပြာများနှင့် မင်းသမီးသည် စက်ရုံအလုပ်သမားတစ်ဦး၏ သမီးအဖြစ် ဘဝကို အစပြုခဲ့သော်လည်း အသက်(၁၅)နှစ်အရွယ်တွင် ပင်ဆယ်လ်ဗေးနီးယားရှိ အီဒင်ဘိုရိုတက္ကသိုလ်မှ စကောလားရှစ် ရရှိသည်အထိ ပညာရေးတွင် ထူးချွန်ခဲ့သည်။

တက္ကသိုလ်တွင် ဖန်တီးရေးသားမှု အတတ်ပညာနှင့် ပန်းချီအနုပညာ ဘာသာရပ်များကို သင်ယူခဲ့ပြီး ဇွဲနပဲကြီးသည့် ကျောင်းသူလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ထို့နောက်တွင်မူ ပင်ဆယ်လ်ဗေးနီးယား အလှမယ်ပြိုင်ပွဲ၌ သရဖူဆောင်းခဲ့ပြီးနောက် မော်ဒယ်လောကသို့ ခြေချဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ဟောလိဝုဒ်ကြယ်တစ်ပွင့် မွေးဖွားလာခဲ့သည်။

Total Recall နှင့် Basic Instinct ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသမီးသည် အီတလီစကားကိုလည်း လည်လည်ပတ်ပတ် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။

၃။ ကွန်တင်တာရန်တီနို
အထက်တန်းပညာရေးမျှ သင်ယူပြီး ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သော်လည်း တာရန်တီနိုသည် ဉာဏ်ရည်အရ IQ အဆင့် (၁၆၀)အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေး သတ်မှတ်ချက် အမြင့်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအဖြစ် ယူဆနိုင်သည်။

တစ်ချိန်က သရုပ်ဆောင်သင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း မိမိ၏ စိတ်အာရုံကို နှစ်နှစ်ကာကာ ဖမ်းစားနိုင်သော နယ်ပယ်သည် စာရေးခြင်းနှင့် ရုပ်ရှင်ဒါရိုက်တာ အလုပ်များသာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိလာခဲ့သည်။

စိတ်ကူးစိတ်သန်း ကောင်းမွန်သော်လည်း မိခင်ကို ကြောက်ရွံ့နေရလေ့ရှိသည့် လူငယ်လေးတစ်ဦးသည် ယခုအခါ ရုပ်ရှင်လောက၏ ထူးချွန်သော ပဲ့ကိုင်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ၎င်း၏ Pulp Fiction ဇာတ်ကားသည် အကောင်းဆုံး ဖန်တီးမှုလက်ရာတစ်ခုအဖြစ် ဟောလိဝုဒ် ရုပ်ရှင်ဝေဖန်ရေး ပညာရှင်များနှင့် ပရိသတ်များက သတ်မှတ်ထားကြသည်။

၂။ ဘီလ်ဂိတ်စ်


ယနေ့အချိန် ဂိတ်စ်၏ ရပ်တည်နေမှုအရ ၎င်း၏ IQ အဆင့် (၁၆၀)အထိ ရှိနေသည်ဆိုသော အချက်သည် အံ့ဩစရာ အခြေအနေမျိုး မဟုတ်တော့ချေ။

Microsoft ၏ ပဲ့ကိုင်ရှင်ကြီးသည် ခေတ်သစ် ကွန်ပျူတာနည်းပညာလောကတွင် ဖန်တီးဆန်းသစ်မှု အမျိုးမျိုးဖြင့် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

အချို့သော အထင်ကရပုဂ္ဂိုလ်ကြီး အချို့ကဲ့သို့ပင် ဂိတ်စ်သည်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ ဟားဗတ်တက္ကသိုလ်မှ ကျောင်းထွက်လာကာ Microsoft အတွက် ထဲထဲဝင်ဝင် မြှုပ်နှံခဲ့သည်။

ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည့် ပေါလ်အလန်နှင့်အတူ (၁၉၇၅)ခုနှစ်တွင် ဂိတ်စ်က အစပြုတည်ထောင်ခဲ့သည့် Microsoft သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး Software ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။

Microsoft၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဂိတ်စ်သည်လည်း ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာသည့် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် အသက်(၃၁)နှစ်အရွယ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

၁။ ဂျိမ်းစ်ဝုဒ်စ်


ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့ရသည့် အခြားသော IQ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဝုဒ်စ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ယခုဆောင်းပါးပါ (၁၀)ဦးတွင် အဆင့်အမြင့်ဆုံး IQ ပိုင်ရှင် အနေဖြင့်ပါ ညွှန်းဆိုရမည် ဖြစ်သည်။

ဝုဒ်စ်၏ IQ အဆင့်သည် (၁၈၄)အထိရှိပြီး အထက်တန်းကျောင်းသား ဘဝကတည်းက လော့စ်အန်ဂျလိစ်ရှိ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သင်ရိုးတစ်ခုကို ဆည်းပူးနေခဲ့သည်။

အဲလ်ဘတ်အိုင်းစတိုင်း၏ IQ အဆင့် (၁၆၀)ထက် ပိုမိုမြင့်မားသော IQ အရည်အသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရင်း သမားရိုးကျ သင်ကြားမှုများကို ငြီးငွေ့လာသည်မှာ မဆန်းချေ။ ထို့ကြောင့်လည်း ၎င်းသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုသင်ယူနေရာမှ ကျောင်းထွက်ပြီး သရုပ်ဆောင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။

Ghost of Mississippi နှင့် Any Given Sunday ဇာတ်ကားများသည် ဝုဒ်စ်၏ လူသိများသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပြီး ၎င်း၏ ဉာဏ်ရည်ထက်မြက်မှုများက ဇာတ်ရုပ်အမျိုးမျိုးတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ပြီး ပရိသတ်များကို လွှမ်းမိုးနိုင်သည့် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်စေခဲ့သည်။

_THE RICHEST
7 Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်