Wednesday, August 29, 2012

ကလေးစစ်သား ပပျောက်ရေး ကုလနှင့် တပ်မတော်တို့ ပူးတွဲ၍ ၁၈ လအတွင်း အပြီးသတ် ဆောင်ရွက်မည်

Posted by drmyochit Wednesday, August 29, 2012, under | No comments




ကလေးစစ်သား ပပျောက်ရေးအတွက် ကုလသမဂ္ဂ စောင့်ကြည့်ရေးနှင့် အစီရင်ခံစာတင်ပြရေး လုပ်ငန်းအဖွဲ့ (UNCP FMR) နှင့် မြန်မာ့တပ်မတော်တို့ ပူးတွဲစီမံချက်ဖြင့် ၁၈ လတာ ကာလအတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ရေးချုပ်ရုံးမှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းက ထုတ်ဖော် ပြောကြားလိုက်သည်။ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့နှင့် စာရင်းပြုစုတင်ပြရေးအဖွဲ့၏ စာရင်းများအရ ၂၀၀၇ ခုနှစ်မှ စတင်ကာ ယခုအချိန်အထိ ကလေးစစ်သားဦးရေ ၅၀၀ ကျော်အား တပ်မှ ပြန်လည်ထွက်ခွင့် ပြုထားပြီးဖြစ်ကာ ကလေးစစ်သားအဖြစ် အတည်ပြုနိုင်ပြီး တပ်မှ ထပ်မံထွက်ခွင့်ပြုရန် ၄၂ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ “လက်ရှိအနေအထားအရ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရွယ်မရောက် စစ်မှုထမ်း ၄၂ ဦးကို စိစစ်တွေ့ရှိထားပြီးပါပြီ။ ဒါကိုလဲ ဒီလိုအကောင်အထည် စဖော်ချိန်မှာပဲ တပ်က ထွက်ခွင့်ပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု သြဂုတ် ၂၀ ရက်က အမှတ်(၁) စစ်သားစုဆောင်းရေး တပ်ရင်းတွင် ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်း၊ အကောင်အထည်ဖော်လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောကြားခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်အား အရွယ်မရောက်သေးသူ ကလေးငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ယခုနှစ် စက်တင်ဘာ ၃ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် စစ်သားစုဆောင်းရေး တပ်ရင်းများနှင့် သက်ဆိုင်ရာ တပ်ရင်းများတွင် အကောင်အထည်ဖော်ခြင်း ဆိုင်ရာ လုပ်ငန်းလမ်းညွှန် သင်တန်းများ ပို့ချလျက်ရှိကြောင်း ယင်းက ပြောသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၁ ခုနှစ် ဇွန် ၂၇ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် UNICEF, ILO, UNHCR, Save The Children, World Vision အဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ကုလသမဂ္ဂ စောင့်ကြည့်ရေးနှင့် အစီရင်ခံစာတင်ပြရေး လုပ်ငန်းအဖွဲ့ UNCPFMR တို့အကြား လုပ်ငန်းဆောင်ရွက် သဘောတူညီမှု တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ UNICEF မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr Ramesh Shrestha က “ခုလို ပူးတွဲစီမံချက်နဲ့ ဆောင်ရွက်တဲ့အပေါ်မှာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက မြန်မာ့တပ်မတော်အပေါ်မှာ စမ်းသပ်မှုတစ်ခုလို အောင်မြင်မှုရှိမရှိ နီးနီးကပ်ကပ် လေ့လာကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ တပ်မတော်ထဲမှာ ရောက်နေတဲ့ ကလေးစစ်သားတွေ အားလုံးကုန်အောင် စစ်ထုတ်နိုင်မယ့် တစ်ကြိမ်တည်းသော အခွင့်အရေးလဲ ဖြစ်ပါတယ်” ဟု ပြောသည်။ သဘောတူညီမှုလက်မှတ် ရေးထိုးချက်အရ ၁၈ နှစ်အောက် ကလေးများကိုသာ အရွယ်မရောက်သေးသူများအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး စိစစ်ဖော်ထုတ်တွေ့ရှိသည့် အရွယ်မရောက် စစ်မှုထမ်းများကိုလည်း တာဝန်ထမ်းဆောင်ခြင်းမှ ထွက်ခွင့်ပြုသွားရမည်ဖြစ်ပြီး ထွက်ခွင့်ရရှိပြီးသူများကိုလည်း မိသားစုများနှင့် ပြန်လည်တွေ့ဆုံနိုင်သည်အထိ ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်