Thursday, September 06, 2012

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး ဆောင်ရွက်နေဟု နိုင်ငံတော် သမ္မတပြောကြား

Posted by drmyochit Thursday, September 06, 2012, under | No comments

 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၁ နာရီတွင် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E.Mrs.Maite Nkoana-Mashabane ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သ မ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုပါကြောင်း။ မြန်မာနိုင်ငံနှင့် တောင်အာဖရိကနို င်ငံတို့သည် ၁၉၉၅ ခုနှစ်တွင် သံတမန်ဆက်သွယ်မှု စတင်ထူထောင်ခဲ့ပါကြောင်း။ တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့၌ မြန်မာသံရုံးဖွင့်ပြီးဖြစ်၍ မြန်မာနိုင်ငံတွင်လည်း တောင်အာဖရိက သံရုံး ဖွင့်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ တောင်အာဖရိကနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွက် ဂုဏ်ယူဝမ်းသာမိပါကြောင်း၊ နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပဏာမပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် လူမျိုးစုအများအပြားရှိ၍ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံရေး တည်ငြိမ်ရန်၊ ငြိမ်းချမ်းရေးရရှိရန်၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရန် ဦးတည်ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အချို့နိုင်ငံများက ဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး မြန်မာနိုင်ငံကို ကမ္ဘာက အထင်အမြင်မှားအောင် လုပ်ဆောင်နေမှုများ ရှိနေပါကြောင်း။ အချို့နိုင်ငံများက ဘာသာရေး အကြောင်းပြ၍ ဖြစ်ပွားခဲ့သည့် ကိစ္စများကို ပုံကြီးချဲ့ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ နယ်ပယ်တွင် အဆွေတော်တို့ အနေဖြင့် မှန်ကန်သည့်ဘက်က ရပ်တည်ပြောကြားပေးစေ လိုပါကြောင်း၊ အဆွေတော် လာရောက်ခြင်းဖြင့် အဆိုပါကိစ္စများကို မှန်ကန်စွာ သိရှိနိုင်၍ ကျေးဇူးတင်ရှိပါကြောင်း။ ဒုတိယ ဦးတည်ဆောင်ရွက်မှု အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာနိုင်ရန် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက် ဆက်နွှယ်နေပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ မရှိမှသာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှသာလျှင် စီးပွားရေး တိုးတက်မည် ဖြစ်ပါကြောင်း၊ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့တွင် ဦးဆောင်သည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုများ အပြီးအပိုင် ဖယ်ရှားပေးရေးအတွက် အခါအခွင့်သင့်လျှင် အဆွေတော်က အခြားနိုင်ငံများအား တိုက်တွန်းပြောကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးက မိမိတို့အား နွေးထွေစွာ ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုမှုကြောင့် ဝမ်းမြောက်မိပါကြောင်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ မီဒီယာများမှ ဖော်ပြချက်များကို အနီးကပ်လေ့လာလျက်ရှိပါကြောင်း၊ သမ္မတကြီးက ယင်းဖြစ်စဉ်ကို သေသေချာချာ အသေးစိတ် ရှင်းလင်းပြောကြား၍ ကျေးဇူးတင်ပါကြောင်း။ ဘက်မလိုက် လှုပ်ရှားမှုနိုင်ငံများတွင် သြဇာတိက္ကမရှိသည့် OIC အဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် လွန်စွာသင့်တော်ပြီး အပြုသဘောဆောင်သည့် လှုပ်ရှားမှုများ ဖြစ်ပါကြောင်း၊ဤလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တောင်အာဖရိကနိုင်ငံ၏ ထောက်ခံမှုအား စိတ်ချစေလိုကြောင်း၊ တောင်အာဖရိကနိုင်ငံသည် အသွင်ကူးပြောင်းရေး အတွေ့အကြုံရှိသော နိုင်ငံဖြစ်၍ မိမိတို့၏ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွေ့အကြုံများကို မျှဝေပေးရန် အသင့်ရှိပါကြောင်း။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုကိစ္စ လုံးဝရုပ်သိမ်းရေးအတွက် တောင်အာဖရိကအနေဖြင့် ဆက်လက်တောင်းဆိုရန် ရှိသည်များကို ဆက်လက်တောင်းဆိုပေးသွားမည် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံတွင် အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများ အများအပြားရှိနေ၍ ထိုကန့်သတ်ပိတ်ဆို့မှုများ ရုပ်သိမ်းသွားသင့်ပါကြောင်း၊ တောင်အာဖရိကနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ဆို့မှုများ လုံးဝရုပ်သိမ်းရေးကို ဆက်လက်ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊ ထို့ပြင် တောင်အာဖရိက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် မိမိတို့နိုင်ငံရှိ မြန်မာ့ သံရုံးမှတစ်ဆင့် သတင်းအချက်အလက်များ ရယူပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ တောင်အာဖရိကနိုင်ငံသည် သတ္တုထုတ်လုပ်ရေး ကဏ္ဍ၌ နှစ်ပေါင်း တစ်ရာကျော်ခန့် အတွေ့အကြုံရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ တောင်အာဖရိက ကုမ္ပဏီများအနေဖြင့် သတ္တုကဏ္ဍတွင် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိပါကြောင်း။ မြန်မာနိုင်ငံသည် လွန်စွာလှပ တိုးတက်ပြောင်းလဲနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အထူးသဖြင့် နေပြည်တော်မြို့တော်၏ အခြေခံ အဆောက်အအုံများကို လွန်စွာချီးကျူးမိပါကြောင်း၊ မိမိတို့နိုင်ငံ အချင်းချင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အတွေ့အကြုံများ ဖလှယ်သွားနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မြို့တော်သစ် တည်ထောင်သည့် အတွေ့အကြုံများကိုလည်း မိမိတို့ ရယူသွားလိုကြောင်းနှင့် ခရီးစဉ်အပေါ် နှစ်ထောင်း အားရ ကျေနပ်မိပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်