Saturday, May 11, 2013

အမျိုးသမီး တစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့

Posted by drmyochit Saturday, May 11, 2013, under | No comments


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြိုကျသွားသည့် အဆောက်အအုံကြီး အောက်၌ (၁၇)ရက်ကြာ ပိတ်မိနေသည့် အမျိုးသမီး တစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်လက ဒါကာမြို့တော်တွင် ဖြစ်ပွားသည့် (၈)ထပ် အဆောက်အအုံ ပြိုကျမှုအတွင်း လူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့သော်လည်း အဆိုပါ အမျိုးသမီးမှာမူ ကံကောင်း ထောက်မစွာဖြင့် အပျက်အစီးများ အောက်တွင် မသေမပျောက် ဆက်လက် ရှင်သန်နေခဲ့သည်။ အဆောက်အအုံ နေရာဟောင်းမှ အပျက်အစီးများကို ဖယ်ရှားရင်း နေ့စဉ်နေ့တိုင်း အလောင်းများသာ သယ်ထုတ်နေရသည့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် အသက်ရှင်လျှက် လူတစ်ဦးကို ပြန်လည် တွေ့ရှိခဲ့သည့်နောက် တအံ့တဩ ဖြစ်ခဲ့ကြရသည်။
စစ်ဘက်ဆိုင်ရာ အရာရှိများက လူတစ်ဦး အသက်ရှင်လျှက် ရှိနေသေးသည့် အနေအထားကို တွေ့မြင် ရသည့် နောက် ဘူဒိုဇာများ၊ ကရိန်းများဖြင့် အပျက်အစီးများကို ရှင်းလင်းနေခြင်းအား ချက်ချင်း ရပ်ဆိုင်းရန် အမိန့် ပေး ခဲ့သည်။ အမျိုးသမီးသည် လက်ကျန် အားအင် ယဲ့ယဲ့ဖြင့် လက်ဝှေ့ယမ်းပြကာ ကယ်ဆယ်ရေး များကို သူမ အသက်ရှိနေဆဲ ဖြစ်ကြောင်း ပြသအသိပေးခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးများသည် သူမ ကို ပိတ်ဆို့ထားသည့် အနီးဝန်းကျင်မှ အပျက်အစီးများကို လွှများဖြင့် တိုက်ဖျက်ခဲ့သလို လွန်ပူများဖြင့် ဖောက် ထွင်းခဲ့ကြသည်။ ထို့အပြင် သံတန်းများကိုလည်း ဂဟေစက်ဖြင့် ဖြတ်တောက်ခဲ့ကြသည်။
ထိုအတောအတွင်း အမျိုးသမီးအတွက် အောက်စီဂျင်ဘူး အငယ်စား တစ်ခုကိုလည်း ယူဆောင်လာပေးပြီး ရှူရှိုက် စေခဲ့ကြောင်း သိရှိရသည်။ ကယ်ဆယ်ရေးများသည် အဆိုပါ နေရာမှ အပျက်အစီးများကို ဧပြီလ (၂၄) ရက်နေ့ ကတည်းက ရှင်းလင်းမှုများ ပြုလုပ်လာခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း အသေအပျောက် စာရင်း သည် (၁၀၀၀)ကျော်နေပြီ ဖြစ်သလို တဖြည်းဖြည်းလည်း ဆက်လက်မြင့်တက် လာနေကာ ဒဏ်ရာရသူ အရေ အတွက် လည်း (၂၅၀၀)ကျော် ရှိနေသည်။ ရှင်းလင်းမှုများ ဆောင်ရွက်နေစဉ် အတောအတွင်း ယခု အမျိုး သမီးမှ လွဲ၍ မည်သူ့ကိုမျှ အသက်ရှင်လျှက် မတွေ့ရှိခဲ့ကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်