Thursday, June 06, 2013

မြန်မာ နယ်စပ် အနီးတွင် နယ်ခြားစောင့် တပ်ချရန် မြေသိမ်း၍ လူနည်းစုများ ဆန္ဒပြ

Posted by drmyochit Thursday, June 06, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ကျေးရွာ (၃) ရွာမှ ရွာသားများသည် သူတို့ပိုင် မြေများအား နယ်ခြားစောင့်တပ်ချရန် သိမ်းယူသွားသဖြင့် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

ဒေသခံ မာရမာ အမျိုသမီးများ ရိုးရာပွဲတော် တစ်ခုတွင် ကပြနေကြစဉ်။

ဆန္ဒဖေါ်ထုတ်ပွဲကို ဘင်ဒရိုဘင် (ရွာတော်) ခရိုင် အပိုင် ရုံမော်မြို့တွင် ကျေးရွာ (၃) ရွာမှ ရခိုင် မျိုးနွယ်စုဝင် မာရမာ ရွာသားများက တစ်ယောက်နှင့် တစ်ယောက် လက်ချင်းချက်ကာ ပြုလုပ်ခဲ့ကြသည်။ သူတို့ထံမှ ဘီဂျီဘီ နယ်ခြား စောင့် တပ်ချရန် သိမ်းယူရန် စီစဉ်နေသည့်  မြေ (၂၅) ဧကကို စာရင်းထဲမှ ပယ်ဖျက်ပေးရန် တောင်းဆို ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ မြေဧက (၂၅) ဧကမှာ ပိန်းဒူ မိုဇာ ( Paindu mouza) နှင့် ပိုလီ မိုဇာ ( Poli mouza) တို့မှ မြေများ ဖြစ်ကြပြီး မိုဇာဆိုသော ဝေါဟာရမှာ ဒေသ အခေါ် မြေဧရိယာ အကျယ်အ၀န်းကို ပြောဆိုခြင်း ဖြစ်သည်။ ၎င်းမြေများသည် ဒေသခံများက ကိုယ်အားကိုယ်ကိုးပြီး ခုတ်ထွင်ရှင်းလင်း လုပ်ကိုင် စားသောက်နေကြသော မြေများ ဖြစ်ကြသည်ဟု ရွာသားများက ဆိုသည်။

ဆန္ဒ ဖေါ်ထုတ်ကြသူများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ အစိုးရအား အဆိုပါ သိမ်းယူမည့် မြေပေါ်တွင်  မာရမာ လူမျိုး ၅၀၀ ခန့် နေထိုင်ကြသဖြင့် ကင်းလွှတ်ခွင့်ပြု တောင်းဆိုခဲ့ကြသည်။

၎င်းပြင် ဆန္ဒပြသူများသည် အသံချဲ့စက်ကို အသုံးပြုပြီး သူတို့ပိုင် မြေပေါ်တွင် နယ်ခြားစောင့်တပ် ချလိုက်ခြင်း အားဖြင့် ဒေသခံများမှာ မြေမဲ့ ယာမဲ့ဘ၀သို့ ကျရောက်သွားကြရတော့မည် ဖြစ်သဖြင့် မြေများကို မသိမ်းယူကြရန် ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

ဆန္ဒ ဖေါ်ထုတ်ကြသူများ အထဲမှ ခေါင်းပချေ (မာရမာ)၊ မောင်ပု (မာရမာ)၊ မင်းအောင်ဖြူ (မာရမာ)၊ ကျန်သာအောင် (မာရမာ)တို့ မှ မိန်းခွန်းများ ပြောကြားခဲ့သည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်ပွဲ အပြီးတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ထံသို့ စာတစ်စောင်အားလည်း ရုံမော်မြို့ အာဏာပိုင် မူဟာမတ် မာရုဖာ ရော်ချစ်ထံမှ တဆင့် ပေးပို့ခဲ့ကြောင်း ဆိုသည်။

ဘင်ဒရိုင်ဘင် ခရိုင် နယ်ခြားစောင့်တပ် ဘီဂျီဘီ အကြီးအကဲ ချာဖိ အာဆန်က အဆိုပါ မြေပေါ်တွင် နယ်ခြားစောင့် တပ်ရင်း တစ်ရင်း ချရန် စီစဉ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း အဆိုပါ မြေပေါ်တွင် လူများ နေထိုင်ခြင်း မရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် ရန်ဂါမတီ၊ ခါကာဆိုရီနှင့် ဘင်ဒရိုဘင်ဟု ခရိုင် (၃) ခု ရှိပြီး အဆိုပါ ခရိုင်များတွင် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော သက်၊ မာရမာ၊ ဒိုင်းနက်၊ မြို လူမျိုးတို့ အဓိက နေထိုင်ကြသည်ဟု သိရသည်။

From: နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်