Friday, June 07, 2013

ဆက်သွယ်ရေး လိုင်စင်နှစ်ခုအတွက် ကုမ္ပဏီလေးခုအကြား ယှဉ်ပြိုင်မှု မြင့်တက်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီစာရင်းကို ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည်

Posted by drmyochit Friday, June 07, 2013, under | No comments

ဆက်သွယ်ရေး လိုင်စင်ရရှိရန် ကြိုးပမ်းနေသည့် KDDI ကုမ္ပဏီ၏ ရန်ကုန်ရုံးဖွင့်ပွဲကို တွေ့ရစဉ်

ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်နှစ်ခုအတွက် ကုမ္ပဏီလေးခုအကြား ယှဉ်ပြိုင်မှု မြင့်တက်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီစာရင်းကို ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း လိုင်စင်လျှောက်ထားခဲ့သော ကုမ္ပဏီများထံမှ သတင်းရရှိသည်။

အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခုကို လျှောက်ထားခဲ့သည့် ပဏာမရွေးချယ်ခံရသော ကုမ္ပဏီ ၁၂ ခု အနက် Vodafone နှင့်China Mobile ပူးပေါင်းလျှောက်ထားခဲ့သည့် ကုမ္ပဏီတစ်ခု လိုင်စင်လျောက်ထားမှု ပြန်လည်ရုပ်သိမ်းခဲ့သည်။

ကျန်ရှိသည့် ကုမ္ပဏီ ၁၁ ခုအနက် KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation(MICTDC) + A1 Construc-tion တို့ ပူးပေါင်းပါဝင်သည့် ကုမ္ပဏီ၊ Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited(M-Tel) တို့ ပူးပေါင်းလျှောက်ထားသည့် ကုမ္ပဏီ၊ တစ်ဦးတည်း လျှောက်ထားသည့် Digicel ကုမ္ပဏီနှင့် MTN Consortium (MTN Dubai + M1 Telecom + Amara Communication) တို့အကြား ယှဉ်ပြိုင်မှု မြင့်တက်နေကြောင်း သတင်းရရှိသည်။

''ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ခဲ့တာပါ။ တခြားကုမ္ပဏီတွေလည်း ဒီလိုပဲ ဖြစ်မှာဆိုတော့ အပြိုင်အဆိုင်ပေါ့။ အခု ဇွန် ၂၇ ရက်ထွက်မယ့် အဖြေကို စောင့်ရမှာ ဖြစ်ပါတယ်။ လိုင်စင်ရပြီးတာနဲ့ အလျင်မြန်ဆုံး လုပ်ငန်းစတင်နိုင်အောင် စီစဉ်ထားပါတယ်'' ဟု Amara Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း နိုင်ငံတကာ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် လိုင်စင်ရရှိသည့် ကုမ္ပဏီများသည် အနည်းဆုံး အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရန် ခန့်မှန်းထားပြီး ကုမ္ပဏီအချို့က အမေရိကန်ဒေါ်လာ ကိုးဘီလျံအထိ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း သိရသည်။

ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် နှစ်ခုသာ ချပေးမည် ဆိုသော်လည်း အဆိုပါ လိုင်စင်ရ ကုမ္ပဏီများကို ထောက်ကူနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ရန် အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီများအဖြစ် ကုမ္ပဏီအချို့ကို ခွင့်ပြုပေးသွားဖွယ်ရှိကြောင်း ဆက်သွယ်ရေးကုမ္ပဏီ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီနှစ်ခုနှင့်အတူ ယခုရွေးချယ်ခံရမည့် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုက၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမှာ နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှု နှုန်းမြင့်လာရန် လုပ်ဆောင်မည့် ဈေးကွက်အပေါ် သုံးသပ်ကာ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ ၀င်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်