Monday, July 08, 2013

ကျောက်မြောင်းတွင် ညသန်းခေါင်ယံ အနုကြမ်းစီး

Posted by drmyochit Monday, July 08, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်မြို့တော်တွင် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ် ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်းနှစ်ထပ် အိမ်တစ်လုံးတွင် ဇူလိုင်လ ၆ရက် ည ၁၂ နာရီကျော်ခန့်က အနုကြမ်း စီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါအိမ်မှ အိမ်ထောင်ဦးစီး အမျိုးသားက ပြောကြားသည်။

အနုကြမ်းစီးမှု ဖြစ်ပွားသောအိမ်တွင် ဖခင်ဖြစ်သူ အပြင်သို့ရောက်ရှိနေပြီး မိခင်ဖြစ်သူနှင့် အခြား သားသ မီးနှစ်ဦးက အပြင်သို့ ထမင်းကြော် သွားစားနေသဖြင့် ယင်းမိသားစုမှ အသက် ၂၂ နှစ်အရွယ် သမီး တစ်ဦးသာ ရှိချိန်၌ အိမ်ခြံဝင်းထဲသို့ လူငါးဦး ဝင်ရောက်ကြောင်း၊ ၎င်းတို့ထဲမှ တစ်ဦးက အဆိုပါ အမျိုးသမီး ကို ဆံပင်ကို ဆွဲလိမ်၍ မျက်နှာကို ထိုးကြိတ်ကာ ဝက်အူလှည့်ဖြင့် ထောက်ပြီး အိမ်မှငွေများကို ရှာဖွေ ယူဆောင် သွားကြောင်း အထက်ပါ အိမ်ထောင် ဦးစီးဖြစ်သူက ပြောကြားသည်။

ယင်းသို့ ကြုံတွေ့ခဲ့သူ ကာယကံရှင် အမျိုးသမီးက “သူ့ကိုတွေ့တော့ ညီမက သူခိုးလို့အော်လို့ သူက မအော်နဲ့ အော်ရင် သတ်ပစ်မယ်၊ ငါ့မှာ လက်နက်ပါတယ်လို့ ပြောတယ်၊ ညီမက အသက်ကို ချမ်းသာပေး ပါ၊ ရှိတဲ့ပစ္စည်းတွေ ပေးပါ့မယ်လို့ဆိုတော့ ညီမကို အောက်ထပ်ထိကို ဆံပင်ကို လိမ်ဆွဲ ပြီး ဝက်အူလှည့်နဲ့ လည်ပင်း ကို ထောက်ထားတာ” ဟု ပြောကြားသည်။

အမျိုးသမီး၏ အခန်းထဲသို့ လူတစ်ဦး ဝင်လာပြီး ခြံထဲတွင် လူလေးဦးက စောင့်နေကြောင်း၊ အိမ်ထဲ ဝင်လာ သူက အမျိုးသမီးငယ်ကို အိမ်အောက်ထပ်သို့ ခေါ်ဆောင်၍ နေအိမ်အောက်ထပ် ဗီရိုထဲမှ ရွှေထည် ပစ္စည်းများနှင့် ငွေများကို ရှာဖွေခိုင်းကြောင်း၊ အမျိုးသမီးငယ်က မိသားစုဝင်များ ပြန်လာချိန်ကို မီစေရန် အချိန်စောင့် ၍ ဗီရိုထဲမှ အဝတ်များကိုဖွခြင်း၊ အပေါ်ထပ်သို့သော့များကို နှစ်ကြိမ်ခန့် တက်ရောက် ရှာဖွေခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ပြောကြားသည်။

ဝက်အူလှည့် ထောက်ထားသူ လူငယ်က ဓားထပ်မံတောင်းသောအခါ အိမ်ဘေးမှ ပတ်ယူမည် ဆိုသည်ကို ယင်းအမျိုးသားက ခွင့်မပြုဘဲ အိမ်တွင်းသို့ ခေါ်ဆောင်ရာ ရုန်းကန်သည့် အရှိန်ဖြင့် အမျိုးသမီးငယ် လက်ထဲတွင် ဝက်အူလှည့် ပါလာပြီးနောက် အိမ်ထဲမှ ခြံဝင်းထဲသို့ ထွက်ကာ ဆွေမျိုးများထံ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ဆိုသည်။

“သမီးက သူ့ဦးလေးတွေကို ပြောပြီးပြီးချင်း မေ့သွားတယ်” အဆိုပါ အမျိုးသမီး၏ ဖခင်ကပြောကြားသည်။

အဆိုပါ လုယက်သည့်အဖွဲ့သည် ကျပ်သုံးသိန်းနှင့်ကိုးသောင်းကို ယူဆောင်ကာ အိမ်ဝင်းတွင်းရှိ ဒန်းပေါ်မှ သံတံတိုင်း ခြံစည်းရိုးကို ခုန်ကျော်ကာ အောင်မင်္ဂလာလမ်းမပေါ်သို့ ထွက်ပြေးသွားကြောင်း အထက်ပါလုယက်ခံရသူ အမျိုးသမီးငယ်က ပြောကြားသည်။

အဆိုပါ ဓားထောက်လုယက်ခဲ့သည့် လှခိုင်ဆိုသည့်လူငယ် အပါအဝင် လူငယ်ငါးဦးသည် ဒလမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း လှခိုင်ကို တစ်နာရီအကြာတွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် ယူဆောင်သွားသော ငွေများနှင့် စတားဝက်အူလှည့် တစ်ချောင်းနှင့်အတူ ဖမ်းမိခဲ့ပြီး ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် ပါဝင်သည်ဟု ယူဆရသူ ကျန်လေးဦးကို ကွမ်းခြံကုန်းမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ယင်းအနုကြမ်းစီးမှု မတိုင်ခင်က အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်းရှိ ခြောက်ထပ်တိုက်၏ တိုက်ခန်းတစ်ခုတွင် ဇူလိုင်လ ၁ ရက် ည ၈ နာရီခန့်က အိမ်ရှင်၏ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၄၀ ကျော် အိမ်ဖော် အမျိုးသမီးကြီး နှစ်ဦးသာရှိနေသည့် အချိန်တွင် လူငါးဦးပါအဖွဲ့မှ လူနှစ်ဦးက နေအိမ်ထဲသို့ဝင်လာပြီး မဲဖိုးငွေသိန်း ၃၀ ကို တောင်းခံရာ အမျိုးသမီးငယ်က မရှိကြောင်းပြောသဖြင့် အိမ်တွင်းရှိ ရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ငွေများအပါအဝင် ကျပ် ၁၈သိန်း ကို လုယူထွက်ပြေးခဲ့ပြီး အိမ်ဖော်အမျိုးသမီး၏ နောက်ကျောတွင် ဓားဒဏ်ရာ တစ်ချက် အပေါ်သွားနှစ်ချောင်းကျိုး ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်