ရွှေတိဂုံစေတီပေါ်တွင် ပျောက်ဆုံးသွားသည့် ဘုရားဖူးတစ်ဦး၏ အလေးချိန် ငါးကျပ်သားခန့်ရှိသော ရွှေခွက်တစ်ခု ကို နေ့တွင်းချင်းပင် အဘိုးအိုတစ်ဦးထံမှ ဘုရားလုံခြုံရေးအဖွဲ့က ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ယင်းအဖြစ်အပျက်သည် သြဂုတ် ၁၇ ရက်က ရွှေတိဂုံစေတီရင်ပြင် အင်္ဂါထောင့်၊ ပအိုဝ် တန်ဆောင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ရွှေခွက်ပိုင်ရှင်သည် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်သင်းသင်းဖြစ်ပြီး သူမသည် ရွှေခွက်ဖြင့် ရေချမ်းကပ်ပြီး ဘုရားဝတ်ပြုနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုလည်း ရဲက မှတ်တမ်းတင်ထားသည်။
ဒေါ်သင်းသင်းက ဘုရား ၀တ်ပြုပြီးနောက် ရွှေခွက်ကို မတွေ့တော့သောအခါ ဘုရားလုံခြုံရေးအဖွဲ့ကို အကြောင်းကြားပြီး လိုက်လံ ရှာဖွေခဲ့ကြသည်ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ထိုသို့ လိုက်လံရှာဖွေရာ စေတီ၏ရာဟုထောင့် အောင်မြေနေရာတွင် အသက် ၇၅ နှစ်အရွယ်ရှိ အဖိုးအို တစ်ဦးထံမှ ပျောက်ဆုံးသွားသည့် ရွှေခွက်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းအဖိုးအိုကို ဘုရားလုံခြုံရေး ရုံးခန်းသို့ ခေါ်ဆောင်မေးမြန်းရာ သူ့ကို တန်ခိုးရှင် ဘိုးတော်တစ်ဦးက မ,စပြီး ပေးသည်ထင်သဖြင့် ယူဆောင်ထားခြင်းဖြစ်ကြောင်း ပြောဆို၍ ရွှေခွက်ကို မူလပိုင်ရှင်ထံသို့ ပြန်ပေးခဲ့သည်။
ရွှေခွက်ပိုင်ရှင် ဒေါ်သင်းသင်းကလည်း အမှုမဖွင့်လိုကြောင်းပြောသဖြင့် ဂေါပကအဖွဲ့က ရွှေခွက်ယူသွားသူ အဖိုးအိုကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source : Mizzima
Monday, August 19, 2013
ရွှေတိဂုံဘုရားက ပျောက်သွားသည့် ရွှေခွက် အဘိုးအိုထံတွင် ပြန်တွေ့
Posted by drmyochit
Monday, August 19, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment