Thursday, November 07, 2013

မိုးပျံကား တီထွင်မှု နယ်ပယ်တွင် ဦးဆောင်နေသည့် AEROMOBIL 2.5

Posted by drmyochit Thursday, November 07, 2013, under | No comments

ကမ္ဘာအရပ်ရပ်တွင် ယာဉ်ကြောပိတ်ဆို့လွန်းသည့် အခြေအနေများအား ဖြေရှင်းရှောင်လွှဲမှုအဖြစ် မိုးပျံကား စီမံကိန်းများ အပြိုင်အဆိုင် ဖန်တီးတီထွင်နေရာ AeroMobil 2.5သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မိုးပျံကားများ အပြိုင်အဆိုင် တီထွင်နေမှု နယ်ပယ်မှ အအောင်မြင်ဆုံး မှတ်တိုင်တစ်ခုအဖြစ် AeroMobil 2.5က ဦးဆောင်နေပြီဟု ဆိုရပေမည်။ ကမ္ဘာအရပ်ရပ်တွင် ယာဉ်ကြောပိတ်ဆို့လွန်းသည့် အခြေအနေများ အား ဖြေရှင်းရှောင်လွှဲမှုအဖြစ် မိုးပျံကား စီမံကိန်းများ အပြိုင်အဆိုင် ဖန်တီးတီထွင်နေရာ AeroMobil 2.5သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မော်တော်ကား တစ်စင်းအဖြစ်မှ လေယာဉ်ငယ် တစ်စင်း အသွင် အလွယ်တကူ ကူးပြောင်းနိုင်သည့် AeroMobil 2.5သည် လတ်တလော စမ်းသပ်မှုများအရ အထင် ကြီး လောက်ဖွယ် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ AeroMobil 2.5သည် လမ်းပေါ်တွင် မော်တော်ကားတစ်စင်းအဖြစ် အမြင့်ဆုံး မြန်နှုန်း တစ်နာရီ (၉၉)မိုင်ထိ မောင်းနှင်နိုင်သည်။
သို့သော်လည်း အတောင်ပံများကို ဆန့်ထုတ်လိုက်ပြီး လေယာဉ်ငယ် တစ်စင်းအနေဖြင့် ပျံသန်းသည့်အခါ တစ်နာရီလျှင် (၁၂၄)မိုင်နှုန်းထိ မောင်းနှင်နိုင်ကြောင်း တွေ့ရှိရသည်။ ဒီဇိုင်းပညာရှင် နှစ်ဦးဖြစ်သည့် စတီဖန်ကလိန်းနှင့် ဂျူရက်ခ်ဗာကူလစ်ခ်တို့ ပူးပေါင်းတီထွင်သော မော်တော်ကားလေးကို ယခုအခါ ဝေဟင်နှင့် မြေပြင် စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်သည်။ အဆိုပါ ပညာရှင် နှစ်ဦးလုံးသည် ဆလိုဗက်ကီးယားရှိ ဘရာတီဆလာဗာ ဒေသတွင် နေထိုင်သူများ ဖြစ်ကြသည်။
"လမ်းပေါ်မောင်းနေတဲ့ အချိန်မှာတော့ အတောင်ပံတွေကို ခေါက်ထားဖို့ လိုပါတယ်"ဟု စတီဖန်က မှတ်ချက်ပြုခဲ့သည်။ ယခုမော်တော်ကားလေးကို မွန်ထရယ်လ်တွင် ကျင်းပသည့် AeroTech လေကြောင်း ပြပွဲ၌ စွမ်းရည်ပြ ပျံသန်းပြခဲ့သည်။ "တကယ်တော့ မိုးပေါ်ပျံနိုင်တဲ့ မော်တော်ကားမျိုးကို တီထွင်နိုင်ဖို့ (၁၉၉၀)လောက်ကတည်းက ကျွန်တော်တို့ ကြိုးစားခဲ့ကြတာပါ။ ပထမဆုံး မော်ဒယ်လ်က တော်တော့်ကို အချိုးမကျဖြစ်ခဲ့ပြီး ပြဿနာတွေလည်း တော်တော်များခဲ့တယ်။ အဲဒီကတည်းက ကျွန်တော်တို့ ပိုကောင်း အောင်၊ အမှားပိုနည်းအောင် ပြင်ဆင်လာခဲ့တယ်။ လက်ရှိ မော်ဒယ်လ်ကတော့ လေကြောင်းပျံသန်းမှု ဆိုင်ရာ သုတေသီတွေက မှတ်ချက်ကောင်းကောင်း ပေးထားတဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ"ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တာတီရာနာ ဗီဘာက ပြောကြားခဲ့သည်။ AeroMobil ကုမ္ပဏီသည် ၎င်းတို့၏ မော်တော်ကားလေးကို နည်းပညာပိုင်း ဆက်လက်မြှင့်တင်ရန် သုတေသနပြုနေဆဲဖြစ်သည်။
ယခုမော်တော်ကားသည် သာမန်ဓာတ်ဆီဆိုင်လေး တစ်ခုတွင်ပင် ဆီဖြည့်နိုင်သည့် လောင်စာမျိုးကိုပင် အသုံးပြုမည် ဖြစ်သည်။ "ကြိုက်တဲ့ဓာတ်ဆီဆိုင် ထိုးရပ်ပြီး ဆီဖြည့်လို့ရပါတယ်။ လေယာဉ်ဆီ မလိုပါဘူး။ အင်ဂျင်ကတော့ Rotax 9212 ULSကို သုံးထားပါတယ်"ဟုလည်း တာတီရာနာက ရှင်းပြခဲ့သည်။ အပေါ့စား သံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် ယင်းမော်တော်ကားလေးသည် ဆီအပြည့်ဖြည့်ထားပြီးပါက မိုင်ပေါင်း(၃၁၀)ထိ ခရီးပေါက်အောင် မောင်းနှင်နိုင်သည်။ ထိုအချိန်တွင် ကားလေး၏ အကျယ်မှာ (၁)မီတာခွဲမျှသာ ရှိသည်။ အကယ်၍ တောင်ပံများကို ဆန့်ထုတ်လိုက်လျှင်မူ (၈)မီတာကျယ်သည့် နှစ်ယောက် စီး လေယာဉ်ငယ်လေးအသွင် ပြောင်းလဲသွားမည် ဖြစ်သည်။ လေယာဉ်အနေဖြင့်မူ ဆီအပြည့် ဖြည့်ပြီး ချိန်၌ မိုင်ပေါင်း(၄၃၀)ထိ မရပ်မနား ဆက်တိုက်ပျံသန်းနိုင်ကြောင်းလည်း သိရှိရသည်။

Source: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်