Saturday, November 09, 2013

............ လောကကို နွေးထွေးစေတဲ့ လက်အစုံများ .....

Posted by drmyochit Saturday, November 09, 2013, under | No comments





မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသော ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရား တည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်-ဟု အချို့ ပြောဆိုထားကြပါတယ်။


အချို့ အလျင်စလို ဝေဖန်တတ်သူများကတော့ “ဗုဒ္ဓ၀ါဒဟာ မိန်းမသားများအား ရန်လိုသောဝါဒ ဖြစ်တယ်” လို့ ပြောဆိုမှုများ ရှိခဲ့ဘူးတယ်။ အိန္ဒိယစာရေးဆရာ Hemacandra က အမျိုးသမီးများကို အထင်သေးစွာ “The torch lighting the way to hell, Narakamærgadværasya døpikæ” ဟု ရေးသားခဲ့ပြန်တယ်။ 


ဒါနဲ့စပ်ဆပ်လို့ မဃဒေ၀ လင်္ကာမှာဖော်ပြထားတဲ့ အမျိုးသမီးများ ဆိုင်ရာလေးတွေကို အနည်းငယ်မျှ ဖော်ပြလိုပါတယ်။
(၁) ဌာနာဌာန၊ ညဏ်ချင့်ဆလော့၊ ကိစ္စနှစ်ပါး၊ အရာအားဖြင့်၊ ယောကျာင်္းမပြီး၊ မိန်းမပြီး၏။
(၂) လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ (၃) အမရာဒေ၀ီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ်ထိုသို့၊ မိန်းမတို့လည်း၊ မချို့ပညာ၊ ယှိတတ်စွာ၏။
(၄) ညဏ်လစ် ယောင်္ကျား၊ ယှိခဲ့ငြားသော်၊ ယောင်္ကျားတို့ထက်၊ ရုတ်တရက်ညဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန်မချွတ်၊ ကြံစည် တတ်၏။
(၅) ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်းလာ၏။
မဃဒေ၀လင်္ကာသစ် ကျမ်းပြုဆရာတော်ဘုရားကြီး အသျှင်ဇ၀န၏ ပုံတော်( စာအုပ်ပါပုံကို ဓာတ်ပုံရိုက်ထားပါသည် ) 


ဒီတော့ စာပေများမှာ အမျိုးသမီးများနဲ့ ပတ်သက်လို့ အဆိုးအကောင်း ဝေဖန်သုံးသပ်ထားကြတာ အမျိုးမျိုးပါ။ ကျမ်းဂန်များမှာတော့ မိန်းမသားများကို ဖော်ညွှန်းရာမှာ“မာတုဂါမ”ဖြစ်ပါတယ်။ ဒါက ပါဠိဝေါဟာရပါ။ ဒီဝေါ ဟာရအဓိပ္ပါယ်က “မိခင်မျိုးနွယ်” ဒါမှမဟုတ် “ မိခင်အဖွဲ့အစည်း” လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒမှာ မိန်းမသားတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိတဲ့နေရာကို ရရှိထားပါတယ်။ မိခင် တစ်ယောက်ကို နိဗ္ဗာန်သို့ တက်ရောက်ဖို့ ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာကို တက်လှမ်းဖို့ သင့်လျော်တဲ့ လှေကား တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ဇနီးမယားကိုလည်း လင်ယောင်္ကျားရဲ့အကောင်းဆုံးမိတ်ဆွေ ( ပရမာသခါ ) တစ်ဦးအဖြစ် ယူဆထားတာပါမြင့်မြတ်တဲ့အမျိုးသမီးများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဘိက္ခုနီသာသနာကို တည်ထောင် ခွင့်ပြုခြင်းဟာ မဟာပဇာပတိ ဂေါတမီ၏ စွမ်းဆောင်မှုကြောင့်လို့ ဆိုရပါမယ်။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်း တည်ထောင် ခွင့်ရခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဆိုယင်လည်း မှားမယ် မဟုတ်ဘူး။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများကို နှိမ့်ချမထားဘဲ သဘာဝရဲ့ အာနွဲ့သူများအဖြစ် အသိအမှတ်ပြုထား သလို အမျိုးသားနဲ့အမျို့သမီးတို့ရဲ့ အတွင်း ဓာတ်ခံသဘော မွေးရာပါ ကောင်းတဲ့စိတ် ကိုလည်း ကောင်းစွာ သိတော်မူ ပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင် ရာကွဲပြားမှုဟာ လွတ်မြောက်မှု အတွက် တားမြစ်ချက် မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များကို ကြည့်ရှု့ လေ့လာမယ် ဆိုလျင် အမျိုးသမီးများကို သင့်တော် တဲ့နေရာ ပေးထားတာ တွေ့မြင်နိုင်ပါတယ်။

အရှင် သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ကို ဘိက္ခုသံဃာရဲ့အကြီးအကဲအမြတ်ဆုံးသာဝကများအဖြစ် သတ် မှတ်ခန့်အပ်ထားသလို ဘိက္ခုနီသံဃာမှာလည်း ရှင်မခေမာနှင့် ရှင်မဥပ္ပလ၀ဏ် ထေရီနှစ်ပါးတို့ကို အကြီးမြတ် ဆုံး ဘိက္ခုနီသာဝကများအဖြစ် သတ်မှတ်ခန့်အပ်ထားခဲ့တယ်။ ဘိက္ခုနီသံဃာ့အဖွဲ့အစည်းနဲ့ ဥပါသိကာ သာဝိ ကာမများမှာ မိဖုရားများ၊ မင်းသမီးများ၊ မြင့်မြတ်တဲ့အမျိုးသမီးများ၊ မုဆိုးမများ၊ သောကရောက်နေတဲ့ အမေများ၊ အကူအညီကင်းမဲ့နေတဲ့ အမျိုးသမီးများ၊ အဆုံးစွန်အားဖြင့် ပြည်တန်ဆာမများထိပါ အဆင့်အတန်း အမျိုးမျိုးမှ သာသနာ့ဘောင်ကို ၀င်ရောက်လာကြတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ အဲဒီအထဲကမှ ပဋာစာရီ၊ ဓမ္မဒိန္နာ၊ ဘဒ္ဒါကာပိလာနိ၊ ၀ိသာခါ၊ သုပ္ပိယ၊ နကုလမာတာ၊ သာမာဝတီ၊ မလ္လိကာ၊ ခုဇ္ဇုတ္တရာ၊ သီရိမာ၊ အမ္ဗပါလီ၊ သုမနနဲ့ သုဘဒ္ဒါ စသူတို့ ဟာ ထင်ရှားသူများ ဖြစ်ပါတယ်။
ကျမ်းဂန်များမှာတော့ ရဟန်းတော်ပေါင်း ၂၆၄-ပါးကို အကြောင်းပြုထားတဲ့ ထေရဂါထာပေါင်း ၁၂၈၈-ခုရှိတာကို တွေ့ရပြီး ထေရီပေါင်း ၇၃-ပါးကို အကြောင်းပြုထားတဲ့ ထေရီဂါထာပေါင်း က ၅၃၄-ခု ရှိတာကို သိရှိရပါတယ်။ 

ကြီးကျယ်ကောင်းမွန်တဲ့ မိန်းမသားမရှိလျင် ဗုဒ္ဓ၀ါဒဆိုင်ရာဘာသာတရား မရှိနိုင်ပါဘူး။ မြတ်ဗုဒ္ဓရဲ့မယ်တော် ဖြစ် တဲ့ မိဖုရား မဟာမာယာဒေ၀ီဟာ သူမရဲ့သားဘုရားလောင်းတော်အတွက် သူမဘ၀ကို ပေးအပ်ခဲ့ရတယ်။ သူမ ဟာ မင်းသားငယ်ကို မွေးဖွါးပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ သူမဘ၀ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမယ့် အခြားကောင်းမွန်မြင့်မြတ်တဲ့ မိန်းမသားတစ်ဦးဖြစ်သူ သူ့ရဲ့အဒေါ် မဟာပဇာပတိဂေါတမီက အမေ တစ်ယောက်ရဲ့နေရာကို ၀င်ယူပြီး နုးညံ့စွာ ဂရုတစိုက်ချစ်ခြင်းဖြင့် သူ့ကို မွေးမြူခဲ့ရပြန်တယ်။ ဒါ့ကြောင့် မြင့်မြတ် ကောင်းမွန်တဲ့ မိန်းမသားများသာမရှိလျင် မြတ်ဗုဒ္ဓဟာ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့နဲ့ မြတ်ဗုဒ္ဓ (သဗ္ဗညုတညဏ်ရှင်)အဖြစ် ပေါ်ပေါက်လာဖို့မှာ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်ရမှာပါ။ ဒါကပဲ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲပေါ့။ 

ဒါနဲ့စပ်ဆပ်လို့ မိခင်ရင်းနဲ့ မွေးစားမိခင်တို့ကို ဥပမာတင်စားထားတဲ့ စာလေးကို သတိရမိတယ်။ အဲဒါကတော့ မိခင်ရင်းဟာ သူ့အမြစ်ကပေါက်လာတဲ့ သစ်ပင်ကို ရှင်သန်ဖွံ့ဖြိုးလာအောင် အာဟာရဖြစ်စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူပါတယ်။ မွေးစားမိခင်ကတော့ ဟို--အမြင့်တိမ်တိုက်ထဲအရောက် ထိုးတက် သွား ပြီး အဝေးကြီးရောက်သည့်အထိ ခရီးဆန့်၊ ကန္တာရထဲက အထီးကျန်သစ်ပင်လေး ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ် စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူတယ်-တဲ့။
(A mother is likened unto a mountain spring that nourishes the tree at its root, but one who mothers another’s child is likened unto a water that rises into a cloud and goes a long distance to nourish a lone-tree in the desert.) 

“ကောင်းမွန်မြင့်မြတ်သော အမေများမရှိလျင် ထိုနိုင်ငံ(ထိုအမျိုး)သည် ကြီးကျယ်သောနိုင်ငံ (ကြီးကျယ်သော အမျိုး)ဖြစ်မလာနိုင်ဘူး” ဆိုတဲ့အရာဟာ မှန်ကန်ဆဲပါ။ ပုံမှန်အားဖြင့်တော့ အလုပ်သို့သွားရခြင်း၊ သူ၏မိသားစု အတွက် စားစရာနဲ့ အခြားလိုအပ်ချက်များ ထောက်ပံ့ရခြင်းဟာ ဖခင်ရဲ့တာဝန်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်း ရခြင်းတို့ကတော့ မိခင်များသာ ဖြစ်ပါတယ်။ မိခင်များကပဲ သူတို့ရဲ့မိခင်ဘာသာစကားကို ပြောဆိုဖို့ သူတို့ရဲ့ ကလေးငယ်များကို သင်ကြားပေးရတာပါ။ ဒီတော့ လူသားတိုင်းဟာ အမေ့လျှာ-ကြောင့် ပြောဆိုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ကလေးငယ်ရဲ့ ပထမဆုံးဖြစ်တဲ့ စကားဟာ မိခင်ဖြစ်သူထံမှ သင်ယူရ ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိမိလူမျိုးရဲ့ပင်ရင်းစကားကို မိခင်ဘာသာစကားလို့ ပြောဆိုကြခြင်း ဖြစ်ပါလိမ့်မယ်။ 

လူသားလောကကြီးမှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ပြုလုပ်နိုင်သူ၊ မြင့်မားတဲ့ရိုသေလေးစားမှုကို ရရှိသူ အချို့ မိန်းမယောကျာင်္းများကို ဘယ်အချိန်မှာပဲကြည့်ကြည့် သူတို့ရဲ့မိခင်ဖြစ်သူဟာ အဲဒီအောင်မြင်မှုတွေအတွက် ယုံကြည်မှုအချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူသားတိုင်းဟာ ကလေးဘ၀က ရရှိခဲ့တဲ့ အယူအဆအတွေး အခေါ်များဟာ ဘ၀တစ်လျောက်လုံး သူတို့နဲ့အတူတကွပါသွားတာမျိုးပါ။ ဒါကို စိတ်ပညာရှင်များက ပြောပြခြင်း ဖြစ်ပါတယ်။ မိခင်များထံမှ ကောင်းမွန်မြင့်မြတ်တဲ့ ညွန်ကြားချက်များ ရရှိလျင်၊ အမှားအမှန်ကြားမှာ ခြားနားမှုကို ပြောကြားလျင်၊ မိသားစုများ၊ သူငယ်ချင်းများ၊ ကလေးငယ်ကိုယ်တိုင်အတွက် တာဝန်များကို ပြောကြားလျင် လူသားတိုင်း ဘ၀ရဲ့ဆုံးရှုံးမှုများကို ပြုလုပ်ခဲ့ကြမှာ မဟုတ်ဘူး တဲ့။ 

ကမ္ဘာလောကကြီးရဲ့အစိတ်အပိုင်းတော်တော်များမှား ဆိုးသွမ်းတဲ့သူငယ်များက ဖြစ်ပေါ်စေတဲ့ ဆင်းရဲ့ဒုက္ခများ စွာကို ကြားနေကြရတာပါ။ တိုင်းပြည်များစွာမှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်များ ဆိုးသွမ်းရခြင်းအကြောင်းမှာ -
ဒီငယ်ရွယ်တဲ့လူငယ်များဟာ သူတို့ရဲ့မိဘများထံမှ သင့်လျော်တဲ့ ညွန်ကြားချက်ကို မရရှိခဲ့ဘူး-ဆိုတဲ့ အချက် ကြောင့် ဖြစ်တယ်လို့ တရားသူကြီးများနှင့်ရဲအရာရှိကြီးများက ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့ကြောင့် အချို့သူ များက “ဆိုးသွမ်းတဲ့ကလေးတွေ-လို့ ပြောဆိုဖို့ မသင့်ဘူး၊ ဆိုးသွမ်းတဲ့မိဘများ-လို့ ပြောဆိုသင့်တယ်”လို့ ယူဆ လာကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိစ္စအားလုံးမဟုတ်လျင်တောင် အချို့ကိစ္စများမှာ မှန်ကန်နေပါတယ်။ 

ငယ်ရွယ်နုပျိုမှုကြောင့်ဖြစ်တဲ့ ကြမ်းတမ်းဆိုးရွားမှုများစွာမှာ ဆိုးသွမ်းတဲ့မိဘများက အမှားအယွင်းအားလုံးကို ဖြစ်စေခဲ့တာတော့ မဟုတ်ပါ။ ဒါပေမယ့် ကလေးဟာ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ကောင်းတဲ့လမ်း ညွန်မှုကို ရရှိဖို့ အမေအဖေမရှိ ဆိုတဲ့ အချက်က မှားယွင်းစေခြင်း ဖြစ်ပါတယ်။ အားလုံးသော လူသားသတ္တ၀ါ များကို ညီအကိုမောင်နှမများအဖြစ် သတ်မှတ်ရမယ်ဆိုတာကို ဗုဒ္ဓဘာသာဆိုင်ရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် မိဘမဲ့ကလေးများကို သူတို့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာအတွက် ကောင်းတဲ့သတင်း အချက်အလက် များ၊ ကောင်းတဲ့အကူအညီဖြစ်စေမယ့် လမ်းညွန်ချက်များကို ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ 

မျက်မှောက်ကမ္ဘာမှာ စစ်ပွဲနှင့်ပတ်သက်တဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ကြောက်လန့်မှုများရှိနေတယ်ဆိုတာ အား လုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ များစွာသောအစိတ်အပိုင်းများမှာ ဘာသာတရားကို မေ့လျော့ နေခဲ့ခြင်းကပဲ ဒီအခြေအနေအတွက် တစ်ခုသောအကြောင်းဖြစ်နိုင်ပါတယ်။ အမေများဟာ ဘာသာတရားမှာ တွေ့ရှိရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမှန်တရားများကို သူတို့၏ကလေးများသို့ သင်ကြားမပေးတဲ့အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် မျော်လင့်ရန် ခက်ခဲပါလိမ့်မယ်။ 

လူသားအားလုံးနဲ့ပတ်သက်တဲ့ အကောင်းဆုံးဘာသာတရားရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒီများက ယုံကြည်ကြပြီးသား ပါ။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒယုံကြည်မှုကို ရိုသေဖို့ ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အိမ်၊ သန်မာတဲ့ကိုယ်ကျင့်တရား ရှိပုံပေါ်တဲ့ ကလေးရှိတဲ့အိမ်၊ ဘ၀နေထိုင်မှုပုံစံ အောင်မြင်မှုရရှိတဲ့အိမ်များဟာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အဖြစ် တွေ့မြင်နေရတာပါ။ 

ယောကျာ်းများဟာ အလုပ်ကိစ္စများ၊ ငွေရအောင်ပြုလုပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်ခြင်း၊ စစ်ပွဲကို ဖန်တီး ခြင်း၊ စစ်ပွဲပြီးတဲ့နောက် တစ်ဖန်ကမ္ဘာကြီးကို ဖြောင့်မတ်အောင် ကြိုးစားခြင်းဖြင့် ပုံမှန်အားဖြင့် ဦးဆောင်မှုကို ယူလေ့ရှိတယ်ဆိုတာကို ဘယ်အချိန်မဆို ကမ္ဘာကြီးမှာ ဒီအတိုင်းတွေ့နေရတာပါ။

ဒါပေမယ့် မိန်းမသားအုပ်စု တစ်စုက စစ်ပွဲတစ်ပွဲကို စတင်ဖန်တီးခဲ့တယ်ဆိုတာကိုတော့ သံသယရှိစရာကောင်းတဲ့ ဝေါဟာရတစ်ခုပါ။ တကယ်တော့ ယောင်္ကျားသားတိုင်းဟာ မိခင်ဖြစ်သူက ချမှတ်ပေးထားတဲ့ ဥပမာများကို သတိရသင့်ပြီး ဖျက်ဆီး ကြမယ့်အစား ငြိမ်းချမ်းမှုအတွက် ကြိုးစားသင့်ကြတယ်။ 
ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းကို ကူညီသူ၊ လှုမှုရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုများကို ပြုလုပ်စေသူ၊ လူသားမျိုးနွယ်ကို စောင့်ရှောက်တဲ့သူ၊ နုးညံ့ပြီးကူညီမှုကို ပေးတဲ့သူများဟာ မိန်းမသားများသာ ဖြစ်ပါတယ်။ ဆေးရုံအတွက်၊ မိဘမဲ့ကလေးများဂေဟာအတွက်၊ ဒါမှမဟုတ် မျက်မမြင် နားမကြားဂေဟာများအတွက် လိုအပ်တဲ့ မည်သည့်အချိန်ဖြစ်ဖြစ် ပုံမှန်အားဖြင့် အဲဒီအရာကို ဖြည့်ဆည်းပေးနေသူများမှာ လိုအပ်ချက်များကို ဂရုစိုက်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မိန်းမသားများသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသောဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အသက်ကြီးသူများနှင့်ဆင်းရဲသူများအတွက် လိုအပ်ချက်များ၊ ဘုရားကျောင်းကန်များအတွက် အသုံးအဆောင် များ အဲဒီအရာများအတွက် ထောက်ပံ့မှုအားလုံးဟာ မိန်းမသားများရဲ့ လုံးလစွမ်းပကားကြောင့် ဖြစ်တယ်ဆိုယင် လွန်လွန်းရာကျမယ့် အဆိုမဟုတ်ပါဘူး။ ဒါ့ကြောင့် “မိန်းမသားများသာ မရှိလျှင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။ 

တိုင်းပြည်အသီးသီးမှာ ကလေးများနှင့်တိရိစ္ဆာန်များကို ကြမ်းတမ်းစွာပြုမူခြင်းမှ တားမြစ်ရန် ဥပဒေများကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် မိန်းမသားများဟာ အချို့သောဥပဒေများကို ချမှတ်ရန် လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ ဆရာများဟာ မိန်းမသားများ ဖြစ်ပါတယ်။ ကလေးများရဲ့ ကောင်းမွန်မှန်ကန် တဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်းရာမှာ အမေဖြစ်သူများကို ကူညီဖို့ဟာ သူတို့ရဲ့ တာဝန်အဖြစ် ခံယူထားကြတာပါ။ 

ကြက်ခြေနီအလုပ်ဆိုတာ သိတဲ့အတိုင်း ဘေးဒုက္ခရှိတဲ့ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ် ရပါတယ်။
ဒီမြင့်မြတ်တဲ့ အဖွဲ့အစည်းတွေဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်စီ၏ တာဝန်သိစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ရဲ့အကျိုးဆက် များ အသီးသီး ဖြစ်ပါတယ်။
သူတို့ထဲက ပထမတယောက်က Florence Nightingle ပါ။ ကင်ဆာခံစားနေရတဲ့ လူနာထောင်ပေါင်း များစွာဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ အချို့သောသက်သာမှုကို ရရှိခဲ့ပါတယ်။
အဲဒီရေဒီယမ်ကို ရှာဖွေသူ ကတော့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Madame Curie ဖြစ်ပါတယ်။
လူသားကျွန် ဘ၀စနစ်ကို ဖြတ်သိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သူများထဲမှာ မိန်းမသားတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ Harrief Beechar Stow ဖြစ်ပါတယ်။ အိုမဲအိမ်မဲ့ ဖြစ်နေသူကလေးများကို ပြုစုစောင့်လျှောက်သူ မိန်းမသားတစ်ဦး ရှိပါတယ်။
သူက တော့ Mother teresa ဖြစ်ပါတယ်။ အခြားသော တိုင်းနိုင်ငံအသီးသီးမှာလည်း သူ့အစွမ်းနဲ့သူ ရှိနေကြတဲ့ မိန်းမသားများ များစွာရှိနေတာပါ။ 

ဒီတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အကြောင်းတခုကတော့ ကမ္ဘာလောကမှာ မိန်းမသားများရဲ့ လွှမ်းမိုး မှုဟာ များစွာအရေးကြီးတဲ့ လွှမ်းမိုးမှုဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခွန်အားဖြစ်စေခဲ့တယ် ဆိုတာ သမိုင်းဆိုင်ရာ အချက်အလက်တွေက ပြောပြပေးနေပါတယ်။ အချုပ်အားဖြင့်တော့ ယနေ့ ဆိုးသွမ်း ပေတေ ရမ်းကားနေတဲ့ လူငယ်တွေ တော်တော်များများဟာ မိဘ သို့မဟုတ် မိခင်ရဲ့ ရင်ခွင် ကနေ ကင်းကွာပြီး ဆိုဆုံးမမှု့ မေတ္တာကို မရရှိ မခံစားခဲ့ရတဲ့အတွက်ဆိုတာ သေချာပါတယ်။ 

“ လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ ”
“ ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်လာ၏ ” 

စသည်ဖြင့် မိခင် မိန်းမသားများ၏ ပညာရှိပုံ အထင်မသေးသင့်ပုံ၊ ကိစ္စကြီးငယ် ကြုံလာခဲ့သော် မဖြေရှင်းနိုင်က ဖြတ်ထိုးဥာဏ် ပင်ကိုယ်ဥာဏ် ကောင်းမွန်သော မိန်းမသားများကို တိုင်ပင်သင့်ပုံတွေကို မန်လည်ဆရာတော်ဘုရားကြီးက ဘုရားဟော ကျမ်းဂန်တွေကို ထောက်ဆကာ မဃဒေ၀ လင်္ကာသစ်မှာ မှတ်တမ်းတင်တော်မူထားခဲ့ဖူးတယ်။
ကိုယ်မွေးထားတဲ့ သား သမီးကို စွန့်ပစ်တဲ့ မိခင် ဆိုတာ အယောက်တစ်ရာမှာ တစ်ယောက်မရှိနိုင်ပါဘူး၊ မိခင်ဆိုတာ နွေးထွေးတဲ့ မေတ္တာတွေကို ပေးနေတဲ့ ကိုယ့်ဘ၀တလျောက်လုံးကို ပြောင်းလဲပေးနိုင်တဲ့ လက်တစ်စုံပဲ ဖြစ်တယ် ဆိုတာ ယုံကြည် လက်ခံလျင်တော့ အဲဒီနွေးထွေးတဲ့ လက်တစ်စုံကို မပစ်ပယ်ကြပဲ နွေးထွေးစွာ ကြိုဆိုကြပါစို့လို့ တိုက်တွန်းစကား ဆိုပါရစေ။ 

မိခင်ရဲ့ မေတ္တာကို ရရှိပြီး ပညာဖြင့် လောက ကို အလှဆင်နိုင်ကြပါစေ -- 

အရှင်သုနန္ဒာလင်္ကာရ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်