တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှု အရိုးစွဲနေခြင်းကို တိုက်ဖျက်ကာ တစ်ကမ္ဘာလုံး၏ လေးစားကြည်ညိုခြင်း အခံရဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ မန်ဒဲလားသည် ဒီဇင်ဘာလ (၅)ရက်နေ့က ကျန်းမာရေး အခြေအနေ ပိုမိုဖောက်ပြန်လာပြီးနောက် အသက်(၉၅)နှစ် အရွယ်တွင် အနိစ္စ ရောက်ခဲ့သည်
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်သွားသည့်နောက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြေကွဲကြောင်း အလေးအနက် ပြောဆိုခဲ့ကြသည်။ တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှု အရိုးစွဲနေခြင်းကို တိုက်ဖျက်ကာ တစ်ကမ္ဘာလုံး၏ လေးစားကြည်ညိုခြင်း အခံရဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ မန်ဒဲလားသည် ဒီဇင်ဘာလ (၅)ရက်နေ့က ကျန်းမာရေး အခြေအနေ ပိုမိုဖောက်ပြန်လာပြီးနောက် အသက်(၉၅)နှစ် အရွယ်တွင် အနိစ္စ ရောက်ခဲ့သည်။ ၎င်းသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှုကို ကာလရှည်ကြာ ခံစားနေရသူဖြစ်ပြီး မိသားစုဝင် အစုံအလင် ရှိနေသော အချိန်၌ လူ့လောကကြီးကို ကျောခိုင်းသွားခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး ခေါင်းဆောင်ကောင်းတစ်ဦး ဆုံးရှုံးသွားသည့် သတင်းကို တောင်အာဖရိက လက်ရှိသမ္မတ ဂျက်ကော့ဘ်ဇူးမား ကိုယ်တိုင်က ဝမ်းနည်းစွာဖြင့် အတည်ပြု ကြေညာခဲ့သည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက "တစ်ကမ္ဘာလုံးက လူတော်တော်များများလိုပါပဲ။ ကျွန်တော့်ဘဝဟာ မန်ဒဲလားကို အားကျ နမူနာယူခဲ့ရတဲ့ အခြေအနေတွေ မပါဘဲ ဖော်ပြလို့ မပြည့်စုံနိုင်ပါဘူး။ ခုတော့ သူ့ကိုကျွန်တော်တို့ ပိုင်ဆိုင်ခွင့် မရှိတော့ပါဘူး။ ဇရာမရဏက သူ့ကို ပိုင်ဆိုင်သွားပါပြီ"ဟု ပြောကြားခဲ့သည်။ သမ္မတ ဇူးမားက မန်ဒဲလား ကွယ်လွန်ကြောင်း သတင်းကို ကြေညာရာတွင် "ကျွန်တော်တို့ နိုင်ငံဟာ အခမ်းနား အကြီးကျယ်ဆုံး နိုင်ငံ့သားကောင်းကို လက်လွတ်ခံလိုက်ရပါပြီ"ဟု ပြောဆိုသွားသည်။ ၎င်းက ဆက်လက်၍ "တစ်နေ့နေ့မှာ ဒီအခြေအနေ ကြုံလာမယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်လာတဲ့ အချိန်မှာတော့ ဆုံးရှုံးမှုအတွက် နာကျင်ကြေကွဲမှုအတွက် ဖြေနိုင်စရာ မရှိပါဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။
မန်ဒဲလား သမ္မတမဖြစ်မီ တောင်အာဖရိက၏ နောက်ဆုံး လူဖြူသမ္မတအဖြစ် တာဝန်ယူခဲ့သည့် အက်ဖ်ဒဗလျူ ဒီကလာ့ခ်က "သူဟာ တောင်အာဖရိကကို ပေါင်းစည်းစေခဲ့သူပါ။ သူ့ကိုကျွန်တော် အမြဲတမ်း လေးစားခဲ့တာ ဖြစ်ပါတယ်"ဟု ဂုဏ်ပြုခဲ့သည်။ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း "ကျွန်တော့် သူငယ်ချင်း မန်ဒဲလားကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး"ဟု Twitterတွင် ရေးသားခဲ့သည်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားခဲ့သည်။ ထို့အပြင် အားကစားနှင့် အနုပညာ နယ်ပယ်မှ နာမည်ကျော် များစွာတို့ကလည်း မန်ဒဲလားအတွက် ဝမ်းနည်းစကားများ အသီးသီး မျှဝေခဲ့ကြသည်။
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန်က "သူဟာ စည်းကမ်းကျနသူ၊ သတ္တိရှိသူ၊ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းတို့ကို လမ်းပြပေးသူ ဖြစ်ပါတယ်"ဟု ညွှန်းဆိုခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း "မန်ဒဲလားဟာ တရားမျှတမှုကို စောင့်ကြပ်တဲ့ ဘီလူးကြီးပါ။ လူသားတွေရဲ့ အယုံကြည် အလေးစားဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ မန်ဒဲလား၏ ဈာပန အခမ်းအနားအတွက် တောင်အာဖရိက အစိုးရက နိုင်ငံတော်အဆင့် ဂုဏ်ပြုမှုဖြင့် ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် နေ့ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း (၁၀)ရက်အတွင်း မြေချသင်္ဂြိုဟ်မည်ဟုမူ သတင်းများက ဖော်ပြသွားသည်။
From: Planet Myanmar Network
Time in Rangoon





2 comments:
မန်ဒဲလား..အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ၀မ်းနည်းပါကြောင်း...တရားမျှတတဲ့ ..တောင်အာဖရိကပြည်သူ/သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ..ခေါင်းဆောင်ကောင်း တစ်ယောက်ဆုံးရှုံးရတဲ့အတွက်..အရမ်းဝမ်းနည်းနေကြမှာပါ....တို့နိုင်ငံ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း..ရဲ့ နိုင်ငံတော်စာပနကိုမမှီလိုက်ပေမယ်..ကျန်တဲ့ခေါင်းဆောင်တွေ.ဆုံးရှုံးရတဲ့အခါ..ပြည်သူပြည်သားတွေအားလုံး..၀မ်းနည်းကျေကွဲရမယ်..စာပနအခမ်းအနား မတွေ့ရသေးပါဘူ..
You might be intrest in this app : download musixmatch apk
Post a Comment