Friday, December 06, 2013

ယာဉ်မတော်တဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသော Fast and Furious မင်းသား စီးနင်းခဲ့သည့် ပေါ်ရှေးကားမှာ ကျွမ်းကျင်သူများပင် မောင်းနှင်ရန်ခက်သည့်ကားဟုဆို

Posted by drmyochit Friday, December 06, 2013, under | No comments



ပြိုင်ကားမောင်းနှင်မှုများဖြင့် ရုပ်ရှင်ကြည့် ပရိသတ်အကြား ရေပန်းစားခဲ့သော Fast and Furious ဇာတ်ကား များမှ အဓိက သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်သည့် အသက်လေးဆယ်အရွယ် မင်းသား Paul Walker မှာ နိုဝင်ဘာ ၃၀ ရက်က ကယ်လီဖိုးနီးယား ပြည်နယ်၌ ယာဉ်မတော်တဆမှုဖြင့် ကား မီးလောင် ပေါက်ကွဲကာ အသက် ဆုံးပါးသွားခဲ့ရပြီး သူလိုက်ပါ စီးနင်းခဲ့သည့် ၂၀၀၅ ခုနှစ်မိုဒယ် Porsche Carerra GT ပြိုင်ကားမှာ ပရော်ဖက်ရှင်နယ် ကားမောင်းသမားများပင် ထိန်းချုပ်မောင်းနှင်ရ ခက်ခဲသော ကားဖြစ်သည်ဟု နိုင်ငံတကာ ကားသတင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် 'Autoweek' က ဖော်ပြခဲ့သည်။
အနီရောင် ကိုယ်ထည်၊ အနက်ရောင်ဘီးများဖြင့် မှတ်မိလွယ်သည့် ၂၀၀၅ ခုနှစ်မိုဒယ် Carerra GT ကားအသစ် ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ လေးသိန်းခွဲ ရှိသည်ဟု ဆိုပြီး Paul Walker စီးနင်းလာသည့် ကားမှာ ပိုင်ရှင် ခြောက်ဆက် ပြောင်းခဲ့သည့် ကား ဖြစ်သည်ဟု သိရသည်။ ယာဉ် တိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါ ကားကို မင်းသား၏ သူငယ်ချင်း၊ ပြိုင်ကားမောင်းသမား၊ စီးပွားဖက် နှင့် ဘဏ္ဍာရေး အတိုင်ပင်ခံဖြစ်သူ Roger Rodas က မောင်းနှင်ခဲ့ခြင်း ဖြစ်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ သစ်ပင်ကို ၀င်တိုက်မှုကြောင့် နှစ်ဦးစလုံး အသက် ဆုံးရှုံးခဲ့ကြရသည်။

ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင် ပေါက်ကွဲခဲ့သည့် ကားမှာ မိုင်ပေါင်း သုံးထောင်ကျော် မောင်းနှင်ထားပြီး ဖြစ်ကာ Rodas ပိုင် Always Evolvoing ကားလုပ်ငန်းမှ ရောင်းချရန် ဈေးခေါ်ထားသည့် ကား ၃၈ စီးအနက်မှ တစ်စီးဖြစ်သည်။ အဆိုပါကားကို ၂၀၀၅ ခုနှစ်တွင် ပထမဆုံးပိုင်ရှင်ဖြစ်သူက ၀ယ်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဒုတိယ ပိုင်ရှင်ဖြစ်သူက ၀ယ်ယူခဲ့ကာ ပိုင်ရှင်နှစ်ဦးစလုံးမှာ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဖြစ်သည်။ တတိယပိုင်ရှင်မှာမူ တက္ကဆက်ပြည်နယ်မှ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ၀ယ်ယူခဲ့ ခြင်းဖြစ်ကာ ပဉ္စမမြောက် ပိုင်ရှင်မှာ IndyCar ပြိုင်ပွဲဝင် ယာဉ်မောင်း Graham Rahal ဆိုသူ ဖြစ်၍ ၎င်းကိုယ်တိုင်ကလည်း မောင်းနှင်ရန်ခက်သည့်ကားဟု မှတ်ချက်ပြုခဲ့သည်။ Carerra GT ကားမှာ မြင်းကောင်ရေ ၆၁၀ အား V10 အင်ဂျင်ကို တပ်ဆင်ထားသည်။

ကားချစ်မြတ်နိုးသူ Paul Walker မှာ သူတည်ထောင်ထားသည့် Reach Out Worldwide ပရဟိတအဖွဲ့အစည်း၏ ရန်ပုံငွေ ပွဲအခမ်းအနား တက်ရောက်ရန် လာရောက်စဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားကာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပြီး သူ၏ အနုပညာမောင်နှမများက သူတို့၏ လူမှုကွန်ရက် စာမျက်နှာများပေါ်၌ ၀မ်းနည်းစကားများ ဖော်ပြခဲ့ကြသည်။

Automobile Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်