Monday, March 10, 2014

ပဟေဠိဆန်နေဆဲ မလေးရှားလေယာဉ် ပျောက်ဆုံးမှုကြီး

Posted by drmyochit Monday, March 10, 2014, under | No comments


“ကံမကောင်းစွာနဲ့ပဲ ကြေညာပါရစေ။ ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား။ ခုချိန်ထိ ကျွန်တော်တို့ အနေနဲ့ လေယာဉ်က အစိတ်အပိုင်းလို့ ယူဆရတဲ့ ဘာပစ္စည်းတစ်ခုခုကိုမှ ရှာမတွေ့သေးပါဘူး”

“ကံမကောင်းစွာနဲ့ပဲ ကြေညာပါရစေ။ ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား။ ခုချိန်ထိ ကျွန်တော် တို့ အနေနဲ့ လေယာဉ်က အစိတ်အပိုင်းလို့ ယူဆရတဲ့ ဘာပစ္စည်းတစ်ခုခုကိုမှ ရှာမတွေ့သေးပါဘူး” မလေးရှား လေကြောင်းပျံသန်းမှု စီမံရေးရာဌာနမှ အထွေထွေဒါရိုက်တာ အက်ဇ်ဟာရူဒင် အက်ဘ်ဒူလ်ရာဟ်မန်က သတင်းထောက်များအား နွမ်းနယ်သော လေသံဖြင့် ပြောကြားခဲ့သည်။ တနင်္လာနေ့တွင် နိုင်ငံပေါင်း(၈)ခုမှ ကျွမ်းကျင်သူများသည် သင်္ဘောအစင်း(၄၀)၊ လေယာဉ်ပျံ (၃၄)စင်းကို အသုံးပြုကာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် (၃၇၀) လေယာဉ်ကို ပိုက်စိပ်တိုက် ရှာဖွေနေကြသည်။

သို့သော်လည်း လေယာဉ် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားရာ ပင်လယ်သမုဒ္ဒရာ ရေပြင်တစ်ဝိုက်တွင် မည်သည့် အထောက်အထား သဲလွန်စမျှ မတွေ့ရသေးချေ။ အဆိုပါလေယာဉ် ပျောက်ဆုံးနေသည်မှာ (၄၈)နာရီကျော် ကြာမြင့်လာပြီ ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၂၃၉)ဦးကို တင်ဆောင်သွားသည့် Boeing 777-200ER လေယာဉ်၏ ကံကြမ္မာကို မည်သူမျှ တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။


လေယာဉ်သည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည်ပျံသန်းရင်း ထူးခြားစွာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လေယာဉ် ပျက်ကျသွားခြင်းလော၊ အကြမ်းဖက် အနုကြမ်းစီးခံရခြင်းလောဆိုသည့် မေးခွန်းများစွာတို့သည် ယခုတိုင် အဖြေမရှိသေးချေ။ ဗီယက်နမ် ရေတပ်အာဏာပိုင်များက ပင်လယ်ထဲတွင် လေယာဉ်ပြူတင်းပေါက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိသည်ဆိုသော သတင်းများကို ရာဟ်မန်က ပယ်ချထားသည်။ “ဒီသတင်းတွေကို ဗီယက်နမ် အာဏာပိုင်တွေဘက်က တရားဝင် အတည်မပြုပါဘူး။ နောက်ပြီး လေယာဉ်အမြီးပိုင်း ရှာတွေ့ပြီဆိုတဲ့ သတင်းတွေကလည်း မမှန်ဘူး”ဟု ရာဟ်မန်က ဆိုသည်။ လတ်တလောတွင် ဗီယက်နမ် လေယာဉ်တစ်စင်းက ဗီယက်နမ်ပိုင် သိုချူကျွန်း တောင်ဘက် မိုင်(၉၀)မျှအကွာ ထိုင်းပင်လယ်ကွေ့ထဲတွင် တွေ့မြင်ရသည့် ဆီကွက်ကြီးကို အဓိက အာရုံစိုက် လေ့လာလျှက်ရှိသည်။

လေယာဉ်ပေါ် လိုက်ပါသွားသူများအနက် (၂)ဦးသည် ခိုးယူထားသည့် ပတ်စ်ပို့တ်များကို အသုံးပြုထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းတို့သည် အကြမ်းဖက်သမားများ ဟုတ်မဟုတ် သက်သေမပြနိုင်ချေ။ လေယာဉ်မှ နောက်ဆုံး အကြောင်းကြား အချက်ပြထားသည့် မည်သည့် မီးရောင်မျိုးကိုမျှလည်း ပင်လယ်ပြင်ထက်တွင် ရှာမတွေ့သေးဘဲ ဖြစ်နေသည်။ တာဝန်ရှိသူများက လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည်နှင့် ဝန်ထမ်းများ၏ ကျန်ရစ်သူ မိသားစုများကို အဆိုးဆုံးအတွက် ကြိုတင်မျှော်လင့်ထားပါရန် တိုက်တွန်းထားသည်။ “လေယာဉ်က ခုလိုမျိုး ပဟေဠိဆန်ဆန် ပျောက်ကွယ်နေတော့ ကျွန်တော်တို့ စိုးရိမ်ရတဲ့အပြင် စိတ်ရှုပ်ထွေးမှုပါ ကြုံနေရတယ်။ ဘာပဲဖြစ်ဖြစ် လေယာဉ်ကို ကျွန်တော်တို့ မဖြစ်မနေ လိုက်ရှာမှာပဲ”ဟု ရာဟ်မန်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဗီယက်နမ်၊ တရုတ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ထိုင်း၊ ဩစတြေးလျနှင့် ဖိလစ်ပိုင်တို့သည် မလေးရှားကို အလေးအနက် အကူအညီပေးကာ ဖြစ်နိုင်ခြေရှိသမျှ ရေပြင်ဧရိယာတိုင်းတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်နေသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်းပင်လယ်ကွေ့ တစ်ဝိုက်တွင် လေယာဉ်၏ အစအန တစ်ခုခုကို တွေ့မြင်ရမည်ဟူ၍ မျှော်လင့်ချက်ထား ကြိုးစားလျှက်ရှိသည်။ ထို့အပြင် ရှာဖွေရေးအဖွဲ့ အချို့၏ အာရုံသည် ယခုအခါ အန်ဒမန်ပင်လယ်ဘက်သို့ ဦးလှည့်လာနေပြီ ဖြစ်သည်။ လေယာဉ်ပျောက်ကွယ်သွားစဉ် အချိန်ပိုင်းအတွင်း လေယာဉ်မှူးထံမှ မည်သည့်အချက်ပြ အကြောင်းကြားမှုကိုမျှ မရခဲ့ခြင်းက ရှာဖွေရေးများအတွက် မျက်စိလည် လမ်းစပျောက်နေစေသည်။


“ခိုင်မာတဲ့ အထောက်အထားမျိုး ကျွန်တော်တို့ လိုတယ်။ တကယ့်ကို ခိုင်မာတဲ့ အခြေအနေမျိုးပေါ့။ ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတိုင်းကို ပိုပိုပြီး တိုးမြှင့် အကောင်အထည်ဖော်ဖို့ပဲ ကြိုးစားနေရမှာပါပဲ”ဟု ရာဟ်မန်က ဖွင့်ဟခဲ့သည်။ နိုင်ငံတကာ ရဲတပ်ဖွဲ့က လေယာဉ်ပေါ် လိုက်ပါလာသူများအနက် အနည်းဆုံး (၂)ဦးသည် ခိုးယူထားသော ပတ်စ်ပို့တ်များဖြင့် ခရီးသွားနေခြင်းဟု ဖော်ပြခဲ့ခြင်းကလည်း လေယာဉ်ပျောက်ဆုံးမှုသည် သွေးရိုးသားရိုး ဟုတ်မဟုတ် သံသယပွားစရာ ဖြစ်လာသည်။

သတင်းထောက်တစ်ဦးက “လေယာဉ်က အပိုင်စီးခံရတာ ဖြစ်နိုင်သလား”ဟု မေးမြန်းရာ ရာဟ်မန်က “ဒီမေးခွန်းကို ကျွန်တော်မဖြေနိုင်သေးဘူး။ ခုချိန်မှာ ကျွန်တော်တို့ ရှုထောင့်တိုင်း၊ အခြေအနေတိုင်း၊ အမြင်တိုင်းကို အလေးထားရမယ်။ ခုတော့ ပင်လယ်ထဲမှာ တစ်လက်မလေးမှ မကျန်အောင် ပိုက်စိပ်တိုက်ပြီး ရှာဖွေဖို့ပဲ လုပ်ဆောင်ရဦးမယ်”ဟု ဖြေကြားခဲ့သည်။ လတ်တလောတွင် လေယာဉ်ပေါ် ပါရှိသွားသူ၏ မိသားစုဝင်များသည် စိတ်နှလုံး မချမ်းမြေ့စွာဖြင့် သတင်းစောင့်နေရဆဲ ဖြစ်သည်။ လိုက်ပါသွားသူများအနက် (၁၅၄)ဦးသည် တရုတ်နှင့် ထိုင်ဝမ်တို့မှ ဖြစ်သည်။ မလေးရှားနိုင်ငံသား (၃၈)ဦး၊ အိန္ဒိယနိုင်ငံသား (၅)ဦးနှင့် အမေရိကန် (၃)ဦးတို့လည်း လေယာဉ်ပေါ်တွင် ပါသွားသည်။ ခရီးသည် (၅)ဦးမှာ (၅)နှစ်အောက် ကလေးများ ဖြစ်ကြောင်းလည်း သိရသည်။

မလေးရှား လေကြောင်းလိုင်းသည် လတ်တလောတွင် လေယာဉ်ပေါ် ပါသွားသူ အားလုံး၏ ဆွေမျိုးများအတွက် ကွာလာလမ်ပူသို့ လာရောက်နိုင်ရန် အကူအညီ ပေးလျှက်ရှိသည်။ လေယာဉ်ပေါ် လိုက်ပါသွားသူ တစ်ဦးစီလျှင် ဆွေမျိုး(၅)ဦးထိ ပတ်စ်ပို့တ်ကိစ္စ အဆင်ပြေစေရန် မလေးရှား လေကြောင်းလိုင်းက စီစဉ်ပေးနေသည်။ အခြားသော သတင်းများအရ တနင်္လာနေ့တွင် မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာတန်ဖိုးသည် (၁၀)ရာခိုင်နှုန်းထိ ထိုးကျသွားကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Netwrok

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်