Thursday, June 05, 2014

လာဘ်ပေးလာဘ်ယူမှုက အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားဟု သမ္မတပြော

Posted by drmyochit Thursday, June 05, 2014, under | No comments


နေပြည်တော်၊ မဇ္ဈိမ။ ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေသည့် လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ပျက်စီးစေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

၎င်းက “ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ၂ဝ၁၃ ခုနှစ်မှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်” ဟု ဆိုသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ ဇွန်လ ၅ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် တစ်ခုနှင့် တစ်ခုဆက်စပ်မှုရှိနေသည်ဟုလည်း သမ္မတက ပြောသည်။

“ဂေဟစနစ်ပျက်ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီးရေလျှံမှု၊ မိုးခေါ်ရေရှားဖြစ်မှုစသည်တို့ ဖြစ်ပေါ်လာပါက အခြားသူများထက် ဆင်းရဲသားများက ပိုမိုခံစားရလျက်ရှိပါသည်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့စီးပွားရေးနှင့် စက်မှုလုပ်ငန်းရင်းနှီးမြှပ်နှံမှုများ တိုးပွားလျက်ရှိသော်လည်း သံယံဇာတ ထိခိုက်မှု အနည်းဆုံးဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ကတိပြုလိုက်သည်။

၎င်းက “အဲဒီလိုသာမဆောင်နိုင်ခဲ့ရင် ကျွန်တော်တို့ သံယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲကြတော့မှာဖြစ်ပြီး၊ အနာဂတ်မျိုးဆက်များအနေနဲ့ အဲဒီဒဏ်ကို ခံစားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည့် အစိမ်းရောင်စီးပွားရေးမူဝါဒများကို ခိုင်မာစွာချမှတ်ထားပြီး ဖြစ်သည်ဟုလည်း ပြောသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် “ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာသူ ကမ္ဘာသားအားလုံး ကမ္ဘာမြေပူနွေးမှု လျှော့ချရေးဆိုင်ရာ လှုပ်ရှားမှုအသံများ တိုးမြှင့်”ထားရန် ဖြစ်သည်။

Mizzima Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်