Friday, June 13, 2014

ဇွန် ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြောပိတ်ဆို့ကာ သွားလာမှုများ ရပ်ဆိုင်း

Posted by drmyochit Friday, June 13, 2014, under | 1 comment

တာမွေအ၀ိုင်းထိပ်မီးပွိုင့်အနီး အရှေ့ရွှေဂုံတိုင်လမ်းပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေသည်ကို ဇွန် ၁၂ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဇွန် ၁၂ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြော များ ပိတ်ဆို့ကာ ရန်ကုန်မြို့တွင်း သွားလာနေသည့် ရုံးဝန်ထမ်းများ၊ ခရီးသွားပြည်သူများလည်း အချိန် အတန်ကြာသည်အ ထိ သွားလာမှုရပ်ဆိုင်းခဲ့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပွားနေသော မုန်တိုင်းကြောင့် မုတ်သုံလေအားကောင်းနေကာ ယင်း၏အ ရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နောက်လေးရက် အထိလည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“မုတ်သုံလေက တနင်္သာရီမှာဆိုအား အလွန်ကောင်းတဲ့အခြေနေမှာ ရှိတယ်။ ရခိုင်မှာတော့ အားအသင့်အ တင့်ကနေ အားကောင်းတဲ့အခြေနေမှာရှိတဲ့အတွက် အောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေ တာ၊ အလယ်ပိုင်းမှာက ခုချိန်ထိတော့ ပျံ့ပျံ့ နှံ့နှံ့ ရွာသွန်းတာ မရှိသေးဘူး။ အခုရက်ပိုင်း မုတ်သုံ အားကောင်းလာ တာက အာရေဗျပင်လယ်မှာ မုန်တိုင်းဖြစ်ပွားမှုကြောင့် ဖြစ်တယ်။ နောက်သုံး၊လေးရက်လောက် ထိလည်း မုတ်သုံက အားကောင်းနိုင်သေးတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရန်ကုန်၊ တနသာင်္ရီ တို့မှာ ခုရွာသွန်းနေတာထက်ပိုတဲ့ မိုးရေချိန်ထက် မိုးရွာသွန်းနိုင်သေးတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။


အရှေ့ရွှေဂုံတိုင်လမ်းပေါ်တွင် ရေကြီးနေမှုကို တွေ့ရစဉ်  (ဓာတ်ပုံ-အောင်မျိုးသန့်)

 ရန်ကုန်မြို့တွင်မူ ဇွန် ၁၂ ရက်နံနက်ပိုင်းက သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် ပြည်လမ်း၊ အင်းစိန် လမ်း၊ ပါရမီလမ်း၊ လေးထောင့်ကန်လမ်း၊ ဝေဇယန္တာလမ်း၊ ဗညားဒလလမ်း၊ အရှေ့ရွှေဂုံတိုင်လမ်း စသည့်လမ်း များတွင် ယာဉ်ကြောများ ဆိုးရွားစွာပိတ်ဆို့ခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီမနက်ကားမောင်းတာ ၂၅ဝဝ ပဲ ရသေးတယ်။ ပါရမီလမ်းကနေ ဝေဇယန္တာလမ်း အတိုင်း လာတာ တာမွေကို သုံးနာရီလောက် ကြာတယ်။ ဒီကြားထဲ လမ်းတွေက ရေတင်တော့ ကားအင်ဂျင်ထဲကို ရေဝင် သွားလို့ ထိုးရပ်သွားသေးတယ်။ ဒီနေ့အတွက်တော့ ကားဆက်ဆွဲလို့ မရတော့ဘူး။ အုံးနာခ အကြွေး မှတ်ပြီး ကားသွားပြင်မှာပဲ ရမယ်။ ဒီလိုသာ မိုးရွာပြီးရေတွေကြီး ကားတွေသွားမရဖြစ်နေရင်တော့ ဘာအ လုပ်မှ လုပ်လို့ရမှာမဟုတ်တော့ဘူး”ဟု အသက် ၃ဝ ခန့်ရှိ တက္ကစီဒရိုင်ဘာတစ်ဦးက ၎င်း၏အဖြစ်အပျက်ကို ပြောကြား ခဲ့သည်။

“မိုးက မနက် ၆ နာရီလောက်ကစပြီး မိုးက သည်းကြီးမည်းကြီး ရွာတယ်။ မြောက်ဒဂုံနဲ့ မြို့ထဲကိုဆွဲတဲ့ မီနီဘတ်စ်ကားတွေ ဆို လမ်းတွေပေါ် ရေတွေအရမ်းရောက်နေလို့ ခရီးသည်တွေကို ဆင်းခိုင်းပြီးတော့ ကားကို လမ်းဘေး ထိုးရပ်လိုက်ရတယ်။ လမ်းတွေက အရမ်းပိတ်ပြီးတော့ နာရီဝက်နဲ့သွားလို့ရတဲ့ ခရီးကို နှစ်နာရီလောက် ကြာသွားတယ်”ဟု ဆူးလေသို့ ရုံးတက်လာသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

“တာမွေအဝိုင်းထိပ်က မီးပွိုင့်မှာဆိုရင် လိုင်းကားတွေနဲ့ အိမ်စီးကားတွေ ရေမြုပ်ပြီး ကားပျက်နေတာများတယ်။ လမ်းက ဘယ်လိုမှ သွားလို့လာလို့မရတော့ဘူး။ အချို့ဆိုရင် ရမယ်ထင်ပြီးမောင်းတဲ့ကားတွေက လမ်းလယ်ကောင်မှာ ကားပျက်သွားတော့ ခရီးသည်တွေ လမ်းဆင်းလျှောက်လိုက်ရတယ်။ ကားပေါ်က ရုံးဝန်ထမ်းတွေက ရုံးချိန်နောက်ကျပြီဆိုပြီး တက္ကစီငှားပြန်တော့လည်း တက္ကစီအများစုက မလိုက်ကြဘူး။ ငှားရတဲ့ကားကျပြန်တော့လည်း ဈေးက မတန်တဆများနေတယ်”ဟု ဦးချစ်မောင်အိမ်ရာရှိ ကုမ္ပဏီတစ်ခုသို့ လာရောက်လုပ်ကိုင်သူ မချောစုက ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ရေကြီးမှုမြင်ကွင်း(ဓာတ်ပုံ-အောင်ကျော်ထက်)

အလားတူ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ နေအိမ်များအတွင်း ရေဝင်ခြင်းများကြောင့် နေအိမ်ရေနစ်မြုပ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နှစ်စဉ်မိုးရာသီကာလရောက်တိုင်း မိုးအနည်းငယ်ရွာသည်နှင့် ရေကြီးမှုများဖြစ်ပွားနေရာ အဆိုပါမြင်ကွင်း မြို့တော်၏ပုံရိပ်ကို ထိခိုက်လာကြောင်း၊ ထို့အတွက် မိုးရာသီမတိုင်မီကတည်းက ကြိုတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း ယင်းကိစ္စမှာ ပြေလည်မှုမရှိသေးဘဲ နှစ်စဉ်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

ယင်းအတွက် မိုးရာသီကာလမတိုင်မီကတည်းက ရေမြောင်းများအား ရှင်းလင်းခြင်း၊ ခရိုင်အလိုက် ရေမြောင်းရှင်းလင်းခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း၊  ဇွန် ၁၂ ရက် နံနက်ပိုင်း ရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့ နေရာအနှံ့ ရေကြီးမှုများဖြစ်ပွားခဲ့ခြင်းအတွက်ကြောင့် နောင်အလားတူကိစ္စရပ်များ လျော့နည်းသွားစေရန် စီမံချက်များရေးဆွဲနေကြောင်း၊ မိုးရွာသွန်းသည့် မိုးရေချိန် အချက်အလက်များ၊ ရေထွက်ပေါက်စသည့် အချက်အလက်များ စုဆောင်းခြင်းတို့ ပြုလုပ်ကာ စီမံချက်ချမှတ်သွားမည်ဖြစ်ကြောင်းနှင့် မြစ်ထွက်ပေါက် ၃ဝ ကျော်ကို  ရှင်းလင်းနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ တည်ဆောက်ရေးအတွက် ကျပ် ၂ ဘီလျံကျော် (ကျပ်သန်းပေါင်း ၂ဝဝဝ ကျော်) သုံးစွဲမည်ဟု ထုတ်ပြန်ထားသည်။

မရမ်းကုန်းမြို့နယ် (၄) ရပ်ကွက်တွင် နေထိုင်သူ ဦးကျော်သန်းဦးက “မနက် ၆ နာရီလောက်ကတည်းက ရွာတဲ့မိုးက မရပ်တော့ အိမ်တွေထဲအထိ ရေတွေဝင်ပြီး ထိုင်စရာနေရာတောင် မရှိဘူး။ အပေါ်ထပ် တက်နေရတယ်။ အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တိုင်းနီးပါးရေဝင်တာ တချို့နေရာမှာဆိုရင် ငါးပေကျော်လောက်အထိ ရှိတယ်။ အဓိကကတော့ လှိုင်မြစ်ထဲကို စီးဝင်တဲ့ သဘာဝမြောင်းကို  ဆည်မြောင်းရုံးက သံဆန်ခါတွေနဲ့ ပိတ်ထားတော့ အမှိုက်တွေဆို့ပြီး မိုးများတာနဲ့ ရေဝင်တော့တာပဲ။ အိမ်ခြေတစ်ရာကျော်လောက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ရတယ်။ နံနက် ၁၁ နာရီလောက်ကျမှ ရေပြန်ကျသွားတယ်”ဟု   ဇွန် ၁၂ ရက် မနက်ပိုင်း မိုးရွာသွန်းမှုအခြေအနေများနှင့်စပ်လျဉ်းပြီး ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အဓိကရေစီးဆင်းရာ ရေမြောင်းကြီးအများစုမှာ အင်္ဂလိပ်ခေတ်လက်ထက်ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး ယခုနောက်ပိုင်း ယင်းရေမြောင်းများကို ပြန်လည်မွမ်းမံ အသုံးပြုခဲ့ကြကြောင်း၊ အသစ် ထပ်မံတည်ဆောက်သည့် ရေမြောင်းများတွင်လည်း အမှိုက်စွန့်ပစ်မှု စနစ်တကျမရှိခြင်းကြောင့် အမှိုက်များဖြင့် ရေမြောင်းများပိတ်ဆို့ခြင်း၊ ရေမြောင်းစနစ်များတွင် လိုအပ်ချက်များကြောင်း ရေမြောင်းများပိတ်ဆို့ကာ မိုးအနည်းငယ်ရွာသည်နှင့် ရေကြီးမှုများဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းသည့်နည်းလမ်းများမှာလည်း ထိရောက်မှုအားနည်းနေကြောင်း ရန်ကုန်မြို့ပြပညာရှင်အချို့က ထောက်ပြကြသည်။

သမိုင်းလမ်းဆုံတွင် ရေကြီးနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)

“ပြည်လမ်း ၆ မိုင်ခွဲဘက်ကလာတဲ့ ရေက ငါးမိုင်ခွဲ တံတားဖြူကအနိမ့်ပိုင်းဆိုတော့ ရေက တောက်လျှောက်စီးလာတာ၊ ခြံထဲမှာရေချည်းပဲ ဒူးလောက်ရှိတယ်။ အိမ်ဘေးမှာ မြောင်းရှိပေမယ့် ခြံထဲအထိရေက ဒူးလောက်ကို လာထောက်နေတယ်။ မိုးနည်းနည်းစဲပြီး တစ်နာရီလောက်ကြာသည်အထိ ရေက မကျသေးဘူး”ဟု ပြည်လမ်းတွင် နေထိုင်သူတစ်ဦးကလည်း ပြောကြားသည်။

မုတ်သုံလေအားကောင်းပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးများတွင် ရေကြီးမှုအလားအလာများ မြင့်တက်လာကြောင်းကိုလည်း Myanmar Climate Change Watch မှ ဒေါက်တာဦးထွန်းလွင်က ပြောကြားခဲ့သည်။

“မိုးနည်းနည်းကောင်းလိုက်တာနဲ့ ရေကြီးရေလျှံမှုတွေက ဖြစ်ပွားလာတယ်။ NASA ဂြိုဟ်တု တိုင်းတာချက်တွေအရ ရေကြီးမှုအလားအလာ မြင့်မားလာတဲ့နေရာတွေကို မနှစ်ကအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ စတင်တွေ့ရှိလာတယ်။ ရေကြီးနစ်မြုပ်နိုင်တဲ့ နေရာက ၁၁ နေရာလောက် ရှိတယ်။ အဓိကကတော့ မြေနိမ့်ပိုင်းနေရာတွေနဲ့ လယ်စိုက်ကွင်းတွေအပေါ် ရေဖုံးလွှမ်းနိုင်တဲ့အလားအလာတွေကို တွေ့နေရတယ်”ဟု ဒေါက်တာ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့ဝန်းကျင်၌ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံအချို့ဒေသများတွင်မူ မိုးရွာသွန်းမှု မရှိခဲ့ကြောင်း သိရသည်။

“ဒီမနက် ၈ နာရီလောက်မှာ သမိုင်းလမ်းဆုံကနေ တာမွေကို အင်းစိန်လမ်းမကြီးအတိုင်းသွားတာ သုခမှတ်တိုင်ကနေစပြီး မြေနီကုန်းအထိကို ကားကျပ်တာ အချိန် နှစ်နာရီနီးပါး ဖြစ်သွားတယ်။ ကားပေါ်ခရီးသည်တွေထဲက ရုံးဝန်ထမ်းတွေလည်း ရေကြီးပြီး ကားကျပ်နေလို့ အလုပ်ကို ဖုန်းဆက်ပြောတာတွေ့ရတယ်။ တာမွေအဝိုင်းနားမှာ ရေတွေကြီးပြီး လိုင်းကားတွေပျက်နေတယ်ဆိုတဲ့အသံကြောင့် စီးလာတဲ့ ၄၈ ကားကလည်း ခြောက်ထပ်ကြီးဘုရားရှေ့ကနေ ပြန်လှည့်တော့ တာမွေအဝိုင်းရောက်ဖို့ ရေထဲကနေ လမ်းလျှောက်ခဲ့ရတယ်”ဟု ရုံးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့၏ လမ်းစနစ်လိုအပ်ချက်များ၊ လမ်းခင်းကျင်းရာတွင် နည်းစနစ်မကျနမှုများကြောင့် မိုးရွာသည်နှင့် လမ်းများပေါ်တွင် ရေတင်ကာ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အချို့နေရာများတွင် လမ်းသားများကို မြှင့်တင်ကာ ခင်းကျင်းမှုများကြောင့် မိုးရွာသည်နှင့် လမ်းထက်နိမ့်သည့် အနိမ့်ပိုင်းလူနေအိမ်များသို့ ရေများဝင်ရောက်ကာ ရေကြီးမှုများကို ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့နေပြည်သူများက ပြောကြားသည်။

ရေကြီးမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ယာဉ်များသွားလာ၍ မရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု နေရာအနှံ့ပိုမိုဖြစ်ပေါ်ခဲ့ရပြီး ယခင် ကားအစီးရေ နည်းပါးစဉ်ကပင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုနှင့် နောက်ဆက်တွဲ ယာဉ်ကြောပိတ်ဆို့မှုမှာ ယခု ယာဉ်အစီးရေ ၅ဝဝဝဝဝ ကျော်အထိ ဖြစ်လာသည့်အတွက် ပိုမိုစိုးရိမ်ရသည့် အနေအထားဖြစ်လာသည်။

ဝေဇယန္တာလမ်းပေါ်တွင် အချိန်တန်ကြာ ရေလျှံမှုကြောင့် မော်တော်ယာဉ်အချို့  စက်ချို့ယွင်း၍ လမ်းမပေါ်တွင် အခက်တွေ့ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်ထဲမှာ မိုးရွာလာပြီဆိုတာနဲ့ အိမ်ထဲအထိပါ ရေတွေဝင်လာတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ဆိုင်ခန်းတွေလည်း လမ်းပေါ်မှာရေတွေလျှံပြီး အခန်းတွေထဲထိ ဝင်လို့ ပိတ်ထားရတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိတ်ဆို့နေတဲ့ ရေမြောင်းတွေကို ရှင်းထုတ်နေရပါတယ်။ ကစားကွင်းလည်း ရေမြုပ်၊ လက်ဖက်ရည်ဆိုင်တွေလည်း ရေမြုပ်တယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုမျိုးဖြစ်တာတွေကို တာဝန်ယူဖြေရှင်းပေးသင့်ပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ် ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

Eleven

1 comments:

၇န်ကုန်မြို့ တော်ဝန်ဘာလုပ်နေလဲတဆိတ်မေးပါ၇စေ..

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်