Wednesday, June 18, 2014

ပြင်သစ်စစ်သုံး ရိုဘော့ယာဉ်ငယ်ကို အရပ်သုံးစာချုပ်ဖြင့် မြန်မာသို့ရောင်းချ

Posted by drmyochit Wednesday, June 18, 2014, under | No comments

ပြင်သစ်စစ်သုံးယာဉ်ငယ် Nerva LG ကို စမ်းသပ်မောင်းနှင်နေသော တပ်ဖွဲ့ဝင်တစ်ဦး (Nexter ESSC)

စစ်သုံးပစ္စည်း ထုတ်လုပ်သော ပြင်သစ်အခြေစိုက် Nexter Robotics ကုမ္ပဏီက လူစီးမဟုတ်သည့် Nerva Mini (UGVs) ယာဉ် အသေးစား နှစ်စီးကို မြန်မာနိုင်ငံသို့ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပနေသည့် Eurosatory 2014 အခမ်းအနား၌ ယင်းကုမ္ပဏီက အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

လေးကီလိုဂရမ်ရှိသည့် နယ်ဗာ (Nerva) ရိုဘော့အသေးစား ယာဉ်ငယ်ကို မြန်မာနိုင်ငံတွင် စမ်းသပ်မည်ဖြစ်ပြီး စုစုပေါင်း ရိုဘော့ ၅၀ ခန့် လိုအပ်သည်ဟု ဆိုသည်။ ယင်းရိုဘော့ကို မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မှာယူခဲ့ကြောင်း သတင်းရရှိသည်။

စစ်သုံးအတွက် တီထွင်ထားသော်လည်း နယ်ဗာကို မြန်မာ နိုင်ငံအား အရပ်သုံးပစ္စည်းစာချုပ် နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ပြင်သစ်အစိုးရ ပြည်ပပို့ကုန်ကော်မရှင်၏ တားဆီးပိတ်ပင်မှုမှ ကင်းလွတ်ရန်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသို့ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချသည်ဆိုသည့် သတ်မှတ်ချက်အတွင်း မကျရောက်ရန် electro-optic infrared (EOIR) sensor ကို အဆင့်နှိမ့်လိုက်သည်ဟု ဆိုသည်။ သို့ရာတွင် ယင်းစက်ကို ၂၄ နာရီ ဆက်လက်အသုံးပြုနိုင်ရန် ဘက်ထရီအား အပိုထည့်ထားကြောင်း သိရသည်။

နယ်ဗာကို စစ်သုံးလိုအပ်ချက် ပြည့်မီအောင် တီထွင်ထားခြင်းဖြစ်ပြီး ရာသီတိုင်း၊ လမ်းတိုင်းတွင် အသုံးပြုနိုင်ပြီး ခိုင်ခံ့ကာ ကျောပိုးအိတ်တွင်ထည့်၍ သယ်ယူနိုင်သောပုံစံ တီထွင်ထားသည်ဟု သိရသည်။

နက်စ်တာ ရိုဘော့တစ်ကိုဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အား ၁၀ စီး ရောင်းချပေးရန် ညှိနှိုင်းနေသည်ဟု ကုမ္ပဏီဒါရိုက်တာ ဂျိုးမော်ရီလွန်က IHS Jane's Defense သို့ ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်က ပါရီမြို့တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် Eurosatory ပြပွဲတွင် နယ်ဗာအတွက် ပထမဆုံးစာချုပ် ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းစက်ကို ပြင်သစ်စစ်တပ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုမှုအတွက် အားလုံးက ကျေနပ်အားရဖြစ်ကြကြောင်း မစ္စတာ မော်ရီလွန်က ပြောဆိုသည်။ ပြင်သစ်အထူးတပ်က နယ်ဗာတွင် တပ်ဆင်နိုင်သည့် သေစေနိုင်သော လက်နက်မဟုတ်သည့် ပစ္စည်းဖြင့် မကြာမီစမ်းသပ်မည်ဟု သိရသည်။

နယ်ဗာကို Sensor အမျိုးမျိုး တပ်ဆင်အသုံးပြုနိုင်ရာတွင် နေ့သုံး EOIR ကင်မရာနှင့် ပေါက်ကွဲစေသည့် ပစ္စည်းကို ဖယ်ရှားနိုင်သည့် စနစ်ကိုလည်း တပ်ဆင်အသုံးပြုနိုင်သည်ဟု ဆိုသည်။

နယ်ဗာကို စစ်တပ်အသုံးပြု ရန် လက်နက်တပ်ဆင်အသုံးပြု နိုင်သလို ယင်းယာဉ် ရွေ့လျားနေချိန်တွင် တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်သည်ဟု နက်စ်တာဝက်ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

—Ref: IHS Jane's Defense Weekly, Nexter Robotics
7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်