Friday, July 25, 2014

နိုင်ငံ့ဝန်ထမ်းများ အသက် ၆၃ နှစ်ပြည့်မှ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌပြောကြား

Posted by drmyochit Friday, July 25, 2014, under | No comments

နိုင်ငံ့ဝန်ထမ်းများအသက် ၆၃ နှစ်ပြည့်မှ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

ဥက္ကဋ္ဌဦးကျော်သူက နေပြည်တော်တွင် ဇူလိုင် ၂၄ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေ၏မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မဲဆန္ဒနယ်မှ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေက "နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူခြင်းအပိုင်းမှာ သက်ပြည့်ပင်စင်ယူရမယ့် အသက်ကန့်သတ်ချက်ကို အသက် ၆၀ လို့ ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့အခုလောလောဆယ်မှာ ဘယ်ဝန်ကြီးဌာနမှာတော့ စာရောက်ပြီး ဘယ်ဝန်ကြီးဌာနကတော့ ၆၃ မှာ ပင်စင်ပေးတယ်ဆိုတဲ့ ကောလာဟလတွေဖြစ်နေပါတယ်။ အသက် ၆၀ အစား ၆၃ နှစ်ပြည့်မှသာ သက်ပြည့်ပင်စင်သတ်မှတ်မည်မှာ မှန်ကန်မှု ရှိ၊ မရှိ" ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက "တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ လောလောဆယ်တွင် ၀န်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် အသက် ၆၀ နှစ်ပြည့်လျှင် သက်ပြည့်ပင်စင် ခံစားခွင့်ရှိမည်ဖြစ်ပါကြောင်း၊ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည့် ၀န်ထမ်း၏အသက်ကို ၆၀ ပြည့်ဟုသတ်မှတ်ခဲ့ရာမှ သုံးနှစ်တိုးပြီး အသက် ၆၃ နှစ်ပြည့်မှသာ သက်ပြည့်ပင်စင်သတ်မှတ်မည့် သတင်းစကားများသည် မှန်ကန်မှုမရှိပါကြောင်း" ဟု ပြန်လည်ရှင်းလင်းဖြေကြားသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ၂၀၁၄ ခုနှစ် မတ်လအတွင်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ နည်းဥပဒေ ၂၃၀ တွင် "၀န်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်နေ့ရက်သည် ယင်းဝန်ထမ်းအသက် ၆၀နှစ်ပြည့်သည့်နေ့ရက်ဖြစ်သည်" ဟု အတိအကျဖော်ပြထားကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ၀န်ထမ်းတစ်ဦးအနေဖြင့် ခံစားခွင့်ရှိသော ပင်စင်အမျိုးအစားခုနစ်မျိုးရှိပြီး ပုဒ်မ ၅၇ တွင် "တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး ၀န်ထမ်းသည် အငြိမ်းစားယူရမည့် အသက်ပြည့်သောအခါ အငြိမ်းစားယူရမည်။ ထိုသို့အငြိမ်းစားယူရသည့်အခါ ၀န်ထမ်းသည် သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိစေရမည်" ဟူ၍ ပြဋ္ဌာန်းထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်၌ ပင်စင်စားဦးရေမှာ ၈၁၀၂၈၅ ဦးရှိပြီး ပင်စင်စားများအတွက် လစဉ်ပင်စင်ငွေသန်းပေါင်း ၂၆၄၃၉ ဒသမ ၉၅ ကျပ် သုံးစွဲနေရကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်