Friday, July 25, 2014

RCSS/SSA အဖွဲ့အတွက် SNDP ပါတီဝင်မှ ဒေသခံရွာသား(၅)ဦးအား လိမ်လည်၍ လူသစ်စုဆောင်းခြင်း

Posted by drmyochit Friday, July 25, 2014, under | No comments


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပါတီဝင် တစ်ဦး သည် ဇူလိုင် ၂၀ ရက်နေ့က ဒေသခံရှမ်းအမျိုးသား(၅)ဦးအား လူသစ်အဖြစ် လိမ်လည်စုဆောင်းသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ကျိုင်းလပ်မြို့နယ်ခွဲ၊ အမှတ်(၁)ရပ်ကွက်၊ ၀မ်လုံရွာနေ ဦးအိုက်ပန်းနှင့် မောင်အိုက်ကျန် တို့ (၂)ဦးအား တစ်ရွာတည်းနေ SNDP ပါတီဝင်တစ်ဦးဖြစ်သူ ဦးမိုင်ခမ်းမှ အလုပ်လုပ်ရန်ဟု လိမ်လည်ပြောဆိုကာ ဇူလိုင်(၂၀)ရက် ည ၈ နာရီခန့်က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“ ကျွန်တော့်သားကို အလုပ် လုပ်ချင်ရင် လိုက်ခဲ့၊ ဟိုရောက်လို့ မလုပ်ချင်ရင် ပြန်လို့ရတယ်ဆိုပြီး ဦးမိုင်ခမ်း က ခေါ်သွားတာ၊ ဒီနေ့အထိ ပြန်မလာသေးဘူး၊ ဦးမိုင်ခမ်းလည်း ပြန်မလာဘူး၊ သူက အရင်တုန်းက ရွက်ဆစ် အဖွဲ့ရဲ့ အမာခံသတင်းပေးလုပ်ဖူးတော့ သားအတွက် စိုးရိမ်နေတယ် ” ဟု မောင်အိုက်ကျန်၏ ဖခင်ဖြစ်သူက ပြောကြားသည်။

အလားတူ ယင်းပါတီဝင်သည် မိုင်းပါလျှိုးအုပ်စု၊ နမ့်ဖျန်ကျေးရွာမှ ရွာသား(၃)ဦးကိုလည်း အလုပ်ရှာပေးမည်ဟု ခေါ်ဆောင်သွားရာ ယနေ့အချိန်အထိ ပြန်ရောက်မလာ၊ သတင်းလည်း မကြားရသဖြင့် မိဘများက စိုးရိမ်ပူပန် နေကြကြောင်း သိရသည်။

“ ခေါ်သွားတာ ၅ ရက်ရှိပြီ၊ ဘာမှ ဆက်သွယ်မလာဘူး၊ အလုပ်ရ မရ ဖုန်းဆက်ဖို့ ပြောထားပေမယ့် တစ်ယောက်မှ ဖုန်းမဆက်ဘူး၊ စိတ်ပူလို့ ၀မ်လုံရွာကို ဦးမိုင်ခမ်း ပြန်ရောက်ပြီလား သွားကြည့်တော့လဲ မရောက်သေးဘူး၊ ရှမ်းစစ်တပ်ထဲ သွင်းလိုက်ပြီလား မသိဘူး ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ကျိုင်းလပ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက “ ရွာသားငါးယောက်ကို SNDP ပါတီဝင် ဦးမိုင်ခမ်း အလုပ်လုပ်ဖို့ ခေါ်သွားတယ်လို့ သိရပါတယ်၊ သူပြန်လာမှ အဖြစ်မှန် သိရမှာပါ၊ မိဘတွေက စိတ်ပူပြီး RCSS/SSA အဖွဲ့ထဲ သွင်းလိုက်ပြီလို့ ထင်နေကြတယ်၊ ဦးမိုင်ခမ်းဟာ အရင် အဲဒီအဖွဲ့နဲ့ပတ်သက်ခဲ့ဖူးတာ မှန်ပါတယ်၊ ဒါပေမယ့် အခု သူက SNDP ပါတီဝင် ဖြစ်နေပါပြီ၊ တကယ်လို့ ရွာသားငါးယောက်ကို လိမ်ညာ ခေါ်ဆောင်ပြီး အဲဒီအဖွဲ့ထဲ ထည့်တယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူတွေရဲ့ ဆန္ဒအရ တရားဥပဒေအတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု ပြောကြားသွားသည်။

စိုင်းရွှေအောင်
Shan News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်