Tuesday, August 05, 2014

လှည်းကူးမြို့နယ် ရေကြီးမှု နှစ်ပတ်ကြာသည်အထိ လူမှုရေးအဖွဲ့များ၏ ထောက်ပံ့မှုကိုသာ မှီခိုနေရဆဲ

Posted by drmyochit Tuesday, August 05, 2014, under | No comments

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ဘာလားကျေးရွာနှင့်ငွေနံ့သာစံပြကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လူမှုကူညီရေးအသင်းများ၏ အထောက်အ ပံ့ကိုသာ မှီခိုနေရဆဲဖြစ်ကြောင်း အဆိုပါကျေးရွာများမှ ရေဘေးဒုက္ခသည်များက ပြောသည်။

“အာဇာနည်နေ့ ကတည်းက မိုးတွေရွာတယ်။ အဲဒီနောက်ကတည်းက ရေတွေကြီးပြီး ပြန်မကျဘူး။ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြလို့ ထောက်ကြံ့က လူမှုကူညီရေးအသင်းတွေ၊ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတနာရှင်တွေ စုပြီး ထမင်းထုတ်တွေ ဝေတယ်။ အစိုးရပိုင်းက ဘာမှ လာလုပ်ပေး တာ မရှိသေးဘူး။ စာသင်ကျောင်းတွေထဲလည်း ရေ၀င်တဲ့အတွက် ကျောင်းတွေ ပိတ်ထား ရတယ်”ဟု ငွေနံ့သာကျေးရွာမှ ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိတွင် ငွေနံ့သာကျေးရွာမှ အိမ်ခြေများထဲမှ ၂၀၀ ကျော်နှင့် လူဦးရေ ၁,၅၀၀ ကျော်တို့မှာ ရေကြီးမှု ဒဏ်ကို ခံစားနေရကြောင်း ငွေနံ့သာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောသည်။

“အကူအညီက ဒီအချိန်အထိတော့ အလှူရှင်တွေ လာဝေတာနဲ့ လောက်ပါတယ်။ ရေကျသွားတဲ့အချိန်တော့ သောက်ရေပြဿနာ၊  ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံရနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဘားလားကျေးရွာမှ အိမ်ခြေ ၃၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော်အပါအ၀င် ဘားလားကျေးရွာသို့ သွား သည့် အမှတ်(၇)လမ်းမကြီးဘေးတစ်လျှောက်တွင် နေထိုင်သော နေအိမ်ပေါင်း ၃၀၀ ကျော်မှာလည်း ရေနစ်မြှုပ်မှုအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အဆိုပါကျေးရွာနှစ်ရွာတွင် လယ်ဧကပေါင်း ၅,၃၀၀ကျော် ရှိရာ ၎င်းတို့အနက်မှ ၁၀၀၀ ခန့်မှာ ရေနစ်မြုပ်လျက်ရှိသည်။

“ရေနက်ကွင်းဆိုတော့ မနှစ်ကလည်း ရေမြုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်က ပိုဆိုးတယ်။ မိုးကလည်း မရပ်မနား ရွာတယ်။ဆက်သွယ်ရေးလမ်းတွေပေါ်လည်း ရေတွေ ကျော်တယ်။ အစားအသောက် အတွက်တော့ လူမှု ကူညီရေး အသင်းတွေက ထမင်းထုပ်တွေ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လာပို့ပေးကြလို့ အဆင်ပြေပါ တယ်။ ထောက်ကြံ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်အိမ်ကို ဆန်နို့ဆီဘူးလေးလုံးကနေ တစ်ပြည် အထိလာဝေပါတယ်”ဟု ဘားလားကျေးရွာမှ ဦးမောင်တိုးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ထောက်ကြံ့မြို့နယ်နှင့် လှည်းကူးမြို့နယ်အကြားရှိ အဝေးပြေး လမ်းမကြီးပေါ်တွင် ရေလျှံမှုများဖြစ် ပေါ်လျက်ရှိသည်မှာ ခုနစ်ရက်ခန့်ရှိနေပြီဖြစ်ပြီး အဝေးပြေးကားများ၊ ကုန်တင် ကားများ သွားလာရေး ခက်ခဲလျက်ရှိသည်။

“ဒီနေရာမှာ ရေလျှံတာက တော်တော်ဆိုးတယ်။ ပြီးခဲ့တဲ့ရက်က ကိုယ်ပိုင်ကားသမားတွေဆိုရင် ကားဝမ်းထဲ ကိုတောင် ရေတွေ ၀င်တယ်။ ရေလျှံတဲ့နေရာက တစ်မိုင်လောက်တော့ရှိတယ်။ ကားတွေ ခရီးကြန့်ကြာမှု ဖြစ်တာပေါ့” ဟု လှည်းကူးမြို့မှ ဦးသောင်းတင်က ဆိုသည်။

ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသော တိုင်းဒေသကြီးအလိုက်တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ကယ်ဆယ် ရေး လုပ်ငန်းများကို လုပ်ကိုင်ရန် စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိအခြေအနေများသည် တိုင်းဒေသ ကြီးအဆင့်ဖြင့် ပြေလည်မှုရရှိနေကြောင်း၊ အောက်ခြေအဆင့် မည်သည့် အကူအ ညီတောင်း ခံမှု မှ မရှိသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောသည်။

Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်