Tuesday, September 09, 2014

အွန်လိုင်းစနစ်အသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် မှုခင်းကျူးလွန်မှုဖြစ်စဉ်အဖြစ်များလာ

Posted by Unknown Tuesday, September 09, 2014, under | No comments

အွန်လိုင်းအသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် အပြင်လောကတွင် မှုခင်းကျူးလွန်ခံရမှုဖြစ်စဉ်များ ယခုနှစ်အတွင်းအဖြစ်များလာကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အထူးသဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook နှင့် အင်တာနက်ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Viber တို့မှတစ်ဆင့် ခင်မင်ရင်းနှီးရာမှ ငွေကြေးလိမ်လည်ခံရမှုများ၊ လိင်ပိုင်းဆိုင်ရာငေ့်ယှက်ခံရမှုများ၊ ပစ္စည်းလုယက်ခံရမှုများနှင့် အသတ်ခံရမှုများ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အွန်လိုင်းတွင် ခင်မင်ရင်းနှီးရာမှတစ်ဆင့် အိမ်သို့ညအိပ်လက်ခံခဲ့ရာ ရွှေငွေများအပါအ၀င် တန်ဖိုးကြီးပစ္စည်းများအခိုးခံရမှုဖြစ်စဉ်တစ်ခု သြဂုတ်လအတွင်းကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်က ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည် နေအိမ်၌ရှိနေစဉ် Facebook လူမှုကွန်ရက်တွင်သိကျွမ်းခဲ့သည့် ပေါလုလွင်ဆိုသူမှာ ညအိပ်တည်းခိုရန်ရောက်ရှိလာသဖြင့် စကားပြောဆိုခဲ့ပြီး နံနက် ၁ နာရီဝန်းကျင်တွင် အိပ်ရာဝင်ခဲ့ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် နံနက် ၂ နာရီဝန်းကျင်ခန့်တွင်တရေးနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာ မတွေ့တော့ဘဲ စိန်ရွှေရတနာပစ္စည်း ၁၄ မျိုး၊ လက်ပတ်နာရီတစ်လုံး၊ ဆင်းမ်ကတ်ပါ အိုင်ဖုန်းတစ်လုံး၊ ငွေနှစ်သိန်းခွဲ၊ နိုင်ငံကူးလက်မှတ်အပါအ၀င် စုစုပေါင်းတန်ဖိုးကျပ် ၃၇၄၃၀၀၀၀ သိန်းမှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန် ဒဂုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူ ပေါလုလွင် (ခ) ရဲရင့်ထွဋ်ခေါင်(ခ) ကျော်မင်းသီဟန် (ခ) ကောင်းကောင်းဆိုသူကို သြဂုတ် ၃၀ ရက်တွင် စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်ကခိုးမှုပြစ်ချက်ဟောင်းရှိသူတစ်ဦးဖြစ်ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး မြင့်ထွေးက "ဒီလိုမျိုးအင်တာနက်လူမှုကွန်ရက်ကနေတစ်ဆင့် မှုခင်းတွေကျူးလွန်ခံရမှုတွေမဖြစ်စေဖို့ ကျွန်တော်တို့မြို့နယ်တွေ ရပ်ကွက်တွေမှာ ပညာပေးဟောပြောမှုတွေပြုလုပ်နေပါတယ်။ ပြည်သူတွေက ဥပဒေကိုသိရှိနားလည်ဖို့နဲ့ အွန်လိုင်းပေါ်မှာ ဘယ်သူ့ကိုမှမယုံဖို့လိုအပ်ပါတယ်" ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း အင်တာနက်ဆော့ဖ်ဝဲ Viber မှတစ်ဆင့် ရင်းနှီးချစ်ကြိုက်ခဲ့သည့် အမျိုးသမီးတစ်ဦးမှာ အပြင်တွင်ချိန်းတွေ့ရာမှ လူသတ် ပစ္စည်းအလုခံရသည့် ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

"ဒီလိုမျိုးတွေဖြစ်ပွားရတာက လူတစ်ဦးချင်းနဲ့ပဲဆိုင်ပါတယ်။ အယုံလွယ်တာကြောင့်လည်းပါတာပေါ့။ အွန်လိုင်းပေါ်မှာတွေ့ပြီးမှ ဖြစ်တာမဟုတ်ဘဲ အပြင်မှာဒီလိုကိစ္စတွေကရှိနေပါတယ်။ လူတွေရဲ့အသိဗဟုသုတတွေမြင့်တက်လာရင်တော့ ဒါမျိုးတွေကလျော့နည်းသွားမှာပါ။ ဒီလိုအကျူးလွန်ခံရတာတွေကို အွန်လိုင်းလူမှုကွန်ရက်ကြောင့် လူတွေသိတာ ပိုမြန်လာတာမျိုးလည်းရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။

ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ထို့နောက်သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာသေဆုံးသူမှာ တိုးချဲ့(၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့ နယ်နေ ရန်ကုန်မြို့ထဲဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂) နှစ်ဖြစ်ကြောင်းနှင့် အခင်းမဖြစ်ခင် ဇွန် ၉ ရက် နံနက်ပိုင်းတွင် အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့မှာ Viber တွင်တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး အသတ်ခံရကာ ပစ္စည်းများလုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။ ထိုသို့အွန်လိုင်းမှတစ်ဆင့် မှုခင်းကျူးလွန်သူအများစုမှာ အွန်လိုင်းအသုံးပြုမှု နုနယ်သေးသည့် မိန်းကလေး၊ အရွယ်မရောက်သေးသည့်ကလေးသူငယ်များကို အဓိကပစ်မှတ်ထား ကျူးလွန်တတ်ကြောင်း ဆိုက်ဘာလေ့လာသူတစ်ဦးကဆိုသည်။

Viber အသုံးပြုသူတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးက "ကျွန်မဖုန်းနံပါတ်ဆီကို ဟိုတလောကဆိုရင် နံပါတ်စိမ်းဖုန်းနံပါတ်တွေနဲ့ အပြင်မှာတွေ့ချင်တယ်။ ခင်ချင်တယ်ဆိုပြီး လာပြောတယ်။ ဘာမှပြန်မပြောတော့ ညစ်ညမ်းစာတွေ၊ ပုံတွေပို့လာတာတွေရှိတယ်။ ရဲတိုင်ရင် အလုပ်ရှုပ်မှာဆိုးလို့ အဲ့ဒီနံပါတ်ကို Block လိုက်တယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်" ဟု ပြောကြားသည်။

Facebook အသုံးပြုသူတစ်ဦးဖြစ်သည့် မပြည့်ပြည့်ကျော်က "အွန်လိုင်းကနေသိပြီးတော့ အပြင်မှာ ငွေအလိမ်ခံရတဲ့ဖြစ်စဉ်တွေကြားဖူးပါတယ်။ ဒီလိုမျိုးအလိမ်ခံရတာကလည်း တော်တော်ကို ဗဟုသုတနည်းပါးတယ်လို့ ဆိုရပါမယ်။ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို အပြင်မှာယုံရဖို့ခဲယဉ်းတယ်။ ဘာပဲပြောပြော မိန်းကလေးတွေအနေနဲ့က ပိုသတိထားသင့်ပါတယ်" ဟုဆိုသည်။

အွန်လိုင်းမှ ညစ်ညမ်းစာများ၊ ပုံများဖြင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုမူပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်ကဆိုသည်။

"တကယ်လို့ အွန်လိုင်းကနေ တစ်စုံတစ်ဦးက ညစ်ညမ်းစာတို့၊ ရုပ်ပုံတို့နဲ့နှောင့်ယှက်ခဲ့မယ်ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နဲ့ အမှုဖွင့်အရေးယူလို့ရတယ်" ဟု ၎င်းကပြောကြားသည်။


- Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်