Sunday, July 07, 2013

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း

Posted by drmyochit Sunday, July 07, 2013, under | No comments



ဗုဒ္ဓဂယာ၊ ဇွန် ၇

ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီ အနီးတွင် ယနေ့ နံနက်က (အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံး ဆက်တိုက်ပေါက်ကွဲမှု များဖြစ်ပွား ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာ သာဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။

"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ ၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။

" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။

အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်း အမွေအနှစ်ဒေ သဖြစ်သော ဗုဒ္ဓဂယာဝင်းအတွင်း ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေး အမွေ အနှစ်နေရာ များကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသ တွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်းဖက်မှု တစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဆိုသည်ကို မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။

Ref: AFP ,the Trust of India
Popular Myanmar News Journal

ဆန်ဖရန်ဆစ္စကိုမှာ ဘိုးရင်း ၇၇၇ ပျက်ကျ

Posted by drmyochit Sunday, July 07, 2013, under | No comments



ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး အမေရိကန် ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံ တကာလေ ဆိပ်ကို အဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး အနည်းဆုံး သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ် ဌာန အကြီး အကဲ Joanne Hayes-White က လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ဆိုပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် ၂၁၄ ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ ထွက်လာတာဖြစ်ပြီး၊ တောင် ကိုရီးယားနိုင် ငံ ဆိုးလ်မြို့ မှာ ခရီးတထောက် ရပ်နားခဲ့ပါတယ်။ ရုပ်မြင်သံကြားသတင်းတွေမှာတော့ ဘိုးရင်း ၇၇၇ လေယာဉ် ဟာ မြေပြင်ပေါ်မှာ အမြီးပြုတ်ကျနေပြီး၊ တောင်ပံတဘက် လည်း ပြုတ်ထွက်နေတာ တွေ့ရပါ တယ်။ လေယာဉ် ကိုယ်ထည်အပေါ်ပိုင်း တခုလုံး မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။ လေ ယာဉ် အမြီး က ပြုတ်ကျတဲ့ အပိုင်းအစတွေက လည်း လေယာဉ်ပြေးလမ်းပေါ် မှာ ပြန့်ကျဲနေ တာတွေ့ ရပါတယ်။

လေယာဉ်ဟာ ပြေးလမ်းကို ထူးဆန်းတဲ့ ထောင့်ချိုးပုံစံနဲ့ ဆင်းလာပြီး၊ မြေပြင်နဲ့အထိမှာ လှုပ်ခါပြီး လေယာဉ် အမြီးပိုင်း ပြုတ်ထွက် သွားတာတွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒီလေယာဉ် ပျက်ကျ မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုပုံစံမျိုး မဟုတ်ဘူးလို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI က တွေ့ ရကြောင်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဆိုင်ကယ်စီး လာသည့် အမျိုးသားမှ ရပ်ထားသည့် ယာဉ်အား တိုက်မိ သေဆုံးခြင်း

Posted by drmyochit Sunday, July 07, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၆

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအနီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အမှတ် ၂၇ယ/------၊ လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင် ဆိုင်ကယ်အား မောင်းနှင်လာသည့် အမည်မသိ ဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊ အရပ် ၅ပေ၅လက်မခန့် ၊ အသားဖြူ၊ ခန္ဓာကိုယ် ပိန်/ပါး၊ ၀ဲလက်မောင်းနှင့် လက်ဖျံတို့တွင် ဆေးမင်ကြောင်များပါရှိ၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)သည် ရပ်ထားသည့် နောက်တွဲပါ ၁၂ဘီးယာဉ်၏ နောက်ဘက်အား ၀င်တိုက်မိ၍ ဦးခေါင်းထိပ်နှင့် နောက်စေ့ တို့တွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့် စုံစမ်းခဲ့ပါသည်။

အဆိုပါ သေဆုံးသည့် အမျိုးသား၏ အမည်နှင့် နေရပ်တို့အား ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ စုံးစမ်း ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ကိုသန်းနိုင်ဦး(ခ) အငယ်လေး၊ ၃၅ နှစ်၊(ဘ)ဦးမောင်မောင်တင်၊
(၁၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူဖြစ်သည်ကို စုံစမ်းသိရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ (Yangon Police) Facebook အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါသည်။

From: Myanmar News Now

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

Posted by drmyochit Sunday, July 07, 2013, under | No comments


အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲသည့် ဗုံးများသည် အားမပြင်းသောကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် ဗောဓိညောင်ပင်တို့ ပျက်စီးခဲ့ခြင်း မရှိကြောင်း အိန္ဒိယရဲများက သတင်းထုတ်ပြန်ခဲ့သည်။

“ဗောဓိညောင်ပင်ကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒဏ်ရာရတဲ့ လူတွေတော့ ရှိပါတယ်” ဟု ဘီဟာပြည်နယ် ရဲချုပ်အဘရာနန်က အေအက်ပီသို့ ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ရှစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူများတွင် သံဃာတော်နှစ်ပါး ပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ရဲအရာရှိများက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

နံနက် ၅ နာရီခွဲခန့်တွင် ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျန်ပေါက်ကွဲမှုများသည် နှစ်မိနစ်ခန့်ခြားကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အချိန်တွင် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဘုရားဖူး ၂၀၀ ခန့် ရှိနေခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ကို အတည်ပြုရန် အချိန်စောသေးကြောင်း အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လုံခြုံရေးများကို တိုးမြှင့်ချထားကြောင်း ခရိုင်ရဲ အရာရှိက ပြောကြားခဲ့ပြီး NDTV ရုပ်သံဌာနကလည်း မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ဗုဒ္ဓဂါယာသည် ဘီဟာပြည်နယ်၏ မြို့တော်ပတ္တနား တောင်ဘက် ၆၈ မိုင် အကွာတွင်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုက အသိအမှတ် ပြုခဲ့သည်။

ဗုဒ္ဓဂါယာတွင် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် ဗောဓိညောင်ပင်၊ မဟာဗောဓိ ရုပ်ပွားတော်နှင့် မြတ်စွာဘုရား သီတင်းသုံးခဲ့သော ကျောင်းတော်နေရာများ ရှိသည်။

Ref:AFP
From: eleven

ကနေဒါမှာ ရေနံတင် ရထား မီးလောင် ပေါက်ကွဲ

Posted by drmyochit Sunday, July 07, 2013, under | No comments

ရထားပေါက်ကွဲစဉ်
ကနေဒါနိုင်ငံ Quebec ပြည်နယ်က လက်ခ် မက်ဂန်းတစ် မြို့လေးမှာ ရေနံတင် ရထား ပေါက်ကွဲမှု ဖြစ်လို့ ကြီးကြီးများများ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာဟာ အမေရိကန် နယ်စပ် အနီးမှာလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး နာရီ အတော်ကြာထိ မီးငြိမ်း သတ်မှုတွေ ဆက်လုပ် နေရပါတယ်။

မီးလောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများ အပြားလည်း ပျောက်ဆုံး နေပါတယ်။

ပေါက်ကွဲတဲ့ ရထား အနီးအနားက အိမ်တွေလည်း မီးလောင် ကျွမ်းခဲ့ပါတယ်။

ရထား ကုမ္ပဏီ ပြောခွင့် ရသူကတော့ အခု ရထားဟာ တွဲထိန်း ဝန်ထမ်းတွေ အပြောင်းအလဲ လုပ်ဖို့ ရပ်နား ထားစဉ်မှာ ရထားက အနိမ့်ပိုင်း ဆီကို လိမ့်ဆင်း သွားခဲ့ပြီး ဘာကြောင့်ဆိုတာ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဗုဒ္ဓ ဂါယာ မဟာ ဗောဓိမှာ ပေါက်ကွဲမှုဖြစ်

Posted by drmyochit Sunday, July 07, 2013, under | No comments



အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမ သုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာ ဗောဓိကိုတော့ ထိခိုက်မှု မရှိကြောင်းနဲ့လ အသေ အပျောက် ရှိတယ်လို့ သတင်း မရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တချို့ ထဲမှာတော့ မြန်မာ သံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ

Posted by drmyochit Sunday, July 07, 2013, under | No comments


ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦး ကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။

အိန္ဒိယ လုပ်သားများသည် ယခုလို ပိုက်လုံးဆက်သည့် ရွှေဂတ်စီမံကိန်းတွင်လည်း ၀င်ရောက် လုပ်ကိုင်နေကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)

အိန္ဒိယ  PunjLloyd  ကုမ္ပဏီမှ Mr Ali Kumar သည်  နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။

“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့ အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ  MOGE ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

MOGE မှာ Myanmar Oil and Gas Enterprise ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်သို့ ပြန်ရောက်ပြီး ညနေ ၃ နာရီခန့်တွင် အာလီကူမာက နောက်ထပ် တစ်ကြိမ် အမ္မပြုကျင့်ရန်  ကြံစည် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။

“ ဒေသခံ ဂုံးရှိန် ရွာသူ ရွာသားတွေသားတွေနဲ့ ကျောက်ဖြူမြို့ ပေါ်က  ပြည်သူတွေက ဒီဖြစ်ရပ်ပေါ် မှာ ကျောက်ဖြူရဲသို့ သွားရောက် တိုင်ကြားတယ်။ သူတို့က ပိုက်ဆံ ရထားတယ် ထင်ပါတယ်။ ဘာမှ အရေး မယူဘူး။ ဒေသခံတွေကတော့ ဒေါသထွက်လျှက် ရှိနေကြပါတယ်” ဟု သူက ဆိုသည်။

အမူမှာ တရားရုံးသို့  ယခု အချိန်ထိ မရောက်ရှိသေးဘဲ ကျောက်ဖြူမြို့ ရဲစခန်းတွင်သာ ရှိနေသေးကြောင်း တရားရုံးနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောကြားသည်။

“ နိုင်ငံခြားသား အမူဆိုတော့ ရဲက တရားရုံးကို မပို့ဘဲ ထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်သိရ သလောက် အမူက တရားရုံးကို မရောက်သေးဘူး။ ဒီအပေါ်မှာ ဒေသခံတွေက မကျေ မနပ် ဖြစ်နေကြတာပါ” ဟု ဆိုသည်။

ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာ ဒီအမှုအကြောင်း မသိရှိကြောင်း ပြောကြားသည်။

ယခင်ကလည်း ဂုံးရှိန် ကျေးရွာတွင် ယခုကဲ့သို့ အလားတူ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ အမူကို ငွေပေးကာ ကျေအေးမူများ ရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံ ပြည်သူများကမူ မြေသိမ်း၊ မတော်မတရားလုပ်မူ အပါအ၀င် အနိုင်ကျင့် စော်ကားမူများကြောင့် နိုင်ငံခြား ကုမ္ပဏီများ အပေါ် အထူးမကျေမနပ် ဖြစ်နေကြဟု ဆိုသည်။ ဘင်္ဂလာ ပင်လယ်အော်၏ ကောင်းမွေကို အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက မြိန်ရှက်စွာ အကျိုးခံစားနေကြရသော်လည်း ဒေသခံများမှာမူ ကောင်းမွေကို တစ်စုံတစ်ရာ ခံစားခွင့်မရဘဲ ဆိုးမွေများကိုသာ ခံစားနေကြရသဖြင့် ရခိုင်မှ စီမံကိန်းများ အပေါ် အထူး စိတ်ပျက် နေကြသည်ဟု သိရသည်။

From: နိရဉ္စရာ

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

Posted by drmyochit Sunday, July 07, 2013, under | No comments


အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)

အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။

မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။ လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

From: Eleven

Saturday, July 06, 2013

သမ္မတဟောင်း မော်စီ ကို ထောက်ခံ ဆန္ဒပြသူတွေ ပစ်ခတ် ခံရ

Posted by drmyochit Saturday, July 06, 2013, under | No comments


 စစ်တပ် က ပစ်ခတ် လို့ ဆန္ဒ ပြသူတွေ သေဆုံးခဲ့

ကိုင်ရိုမှာ စစ်တပ်က ဖယ်ရှား လိုက်တဲ့ သမ္မတ မော်စီ ကို ထောက်ခံ ဆန္ဒ ပြသူတွေ သိန်းနဲ့ချီ ကာ လမ်းတွေ ပေါ်ထွက် လာနေပြီး တနေ ရာမှာ စစ်တပ် က ပစ်ခတ် လို့ အနည်းဆုံး လူ ၃ ဦး သေဆုံး ခဲ့ပါတယ်။

သောကြာနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ် လို့ Muslim Brotherhood အဖွဲ့က စည်းရုံး ဖိတ်ခေါ် ခဲ့ပြီးတဲ့နောက် ထောင်သောင်း များစွာသော လူစုကြီး ဟာ ကိုင်ရိုက လမ်းမ တွေပေါ် ထွက်လာ ခဲ့ကြပါတယ်။

သမ္မတ မော်စီ ကို ချုပ် နှောင်ထားတယ် လို့ ယူဆ ရတဲ့ စစ်တပ် တပ်စခန်း တခု နားမှာတော့ ဝင်းထရံ သံဆူးကြိုး မှာ ချိတ်ဆွဲ ထားတဲ့ သမ္မတ မော်စီ ရဲ့ ရုပ်ပုံ ကားချပ် ကို ပြန်ပြင်တပ်ဖို့ ဆန္ဒ ပြသူ တွေ လုပ်နေတုန်း စစ်တပ် က ပစ်ခတ် လို့ လူသေဆုံး တာတွေ ဖြစ်ခဲ့တာပါ။

စစ်တပ် ကတော့ သူတို့ ကျည်ဆံအစစ် တွေ သုံးပြီး ပစ်ခတ်တာ မလုပ်ပါဘူး လို့ ငြင်းဆို ထားပါတယ်။

ဆန္ဒ ပြသူတွေ ကတော့ စစ်တပ် က လူအုပ်ထဲ ကို ပစ်ခတ် ခဲ့တယ် လို့ ဆိုပါတယ်။

အီဂျစ် မှာ မငြိမ်သက် မှုက ဆက်ဖြစ်နေပြီး မြို့အတော်များများ မှာ ရုန်းရင်း ဆန်ခတ် တိုက်ခိုက် တာတွေ ဖြစ်နေ ပါတယ်။

From: BBC

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ

Posted by drmyochit Saturday, July 06, 2013, under | No comments



ရန်ကုန် ဇူလိုင် ၅

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ် များကို ယခုလအတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေး သွားနိုင်ဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထားတာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်းတွေက အများကြီး ကျန် နေသေးတဲ့ အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လလောက် ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်းလိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြား ခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင် အရေအတွက် သုံးသိန်းခွဲဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြား ခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

From: မြ၀တီ

ကုလားတိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ

Posted by drmyochit Saturday, July 06, 2013, under | No comments

ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာ ချသူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက် ခဲ့ကြသောကြောင့် ကျောက်တော်မြို့ ဆေးရုံ သို့ ရောက်နေကြရာ ထိုနှစ်ယောက်အနက် ဆေးရုံ တင်ခါစတွင် သတိမရသေးသည့် ကျောင်း ဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည် လာပြီဖြစ် သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)

ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက် တိုက်ခိုက်ခံ ရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန် ခြင်းခံခဲ့ ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူလာစဉ်ကလည်း အတွင်းခံဘောင်း ဘီ အပြည့်အစုံနှင့်တွေ့ရခြင်းဖြစ်သည် ဟု ဆိုသည်။

ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူ တစ်ဦးက ပြောကြားသည်။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်းစပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့်ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်း တို့ပြုခဲ့ကြ သည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက် သူများကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်းတို့ကြောင့် ဖြစ်ဖြစ် ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံ မတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။

ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ် ခံရသောကြောင့် နားရွက်များ ပဲ့နေသည်။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

From:[_ Coral Arakan News)_]
(မောင်ကျောက်ခဲ အဖွဲ့)

ချင်းတောင်ပေါ်က ပန်းရိုင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကလေး၊ ဇူလိုင် ၆။

အချိန်က မနက် သုံးနာရီ။ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဆင်း အတက်၊ အကွေ့အ၀ိုက်များလှသောတီးတိန် – ကလေး ကားလမ်း မှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။

အလင်းရောင်အားနည်းပြီးကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃ ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။ မိုင်အရှည်အားဖြင့်၂၁ မိုင်ရှည်သည်။

သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။

ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင် ထားကြသည်။ သူတို့၏မျှော်လင့်ချက်က ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ် သည်။

ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ ကလေးမြို့ ထဲတွင်လှည့်လည်ရောင်းကြခြင်းဖြစ်သည်။
သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက သူ့ကျောပေါ်ရှိ ပလိုင်း ထဲတွင် ပြည့်နေသည်။

ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။

ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကိုတစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။

သူတို့ကဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင် လှည့်လည်ရောင်းနေဆဲဖြစ်သည်။

ပန်းက နှစ်စီးကို ငါးရာပါဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။

သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။

အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။

တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။သို့သော် သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော သစ်ခွပန်းများ ကို စွန့်စားခူးယူခဲ့ကြရည်။

နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။

နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။ မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။

အခု ချိန်ထိ ထမင်းမစားရသေးဘူးဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။

သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင်သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရ လိုက်သည်။ ၉ တန်းအောင်ပြီးကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့်ရည်မှန်းချက်က ခိုင်မာနေသည်။

မန္တလေးဟု ဆိုသော မြန်မာနိုင်ငံ၏တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အား ထက်သန်နေ သည်။ မိသားစု စားဝတ်နေရေးအတွက် သူ့ပုခုံးထက်မှာ သူနိုင် သမျှထမ်းနေခြင်း လည်းဖြစ်၏။

ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသောသစ်ခွပန်းရောင်းသူလေးကဲ့သို့ ပညာရေးနှင့် မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်နေကြရသည့် လူငယ် လူရွယ်ပေါင်း ချင်းတောင်တန်းကြီးပေါ် တွင်မည်မျှ ရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။

ယခုလို မိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်း ထန်ထန်ရွာသွန်း တတ်ပေ သည်။ ထိုကဲ့သို့ မိုးရွာလျှင် ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။

သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီးနှင် ရပေဦးတော့မည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်



မီဒီယာကို စောင့်ကြည့်နေတဲ့ ဦးအောင်သောင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကိုယ်ရေးတဲ့သတင်း လူသိပ်မဖတ်ဘူး ဆိုရင် သတင်းသမားတွေ အားပျက်စရာပါပဲ။ ဖတ်တယ်၊ ပရိသတ် သိပ်များတယ် ဆိုရင်တော့ အားတက်စရာပေါ့။

စာဖတ်ပရိသတ်တွေထဲမှာ ဝန်ကြီးဟောင်း ဦးအောင်သောင်းလည်း တယောက် အပါအ၀င်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးတခုအရ သိနိုင်ပါလိမ့်မယ်။

ဇွန် ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်မှာ ဦးအောင်သောင်း ပြောထားတာက ဒီလိုပါ -

"အရင်တုန်းက အာအက်ဖ်အေတို့၊ ဒီဗွီဘီတို့၊ ဧရာဝတီတို့၊ မဇ္ဈိမတို့ ဆိုတာ ရှိတယ်။ သူတို့ အကြီး အ ကျယ်ပေါ့ တချို့နှစ်တွေဆိုရင် အများဆုံးက ကျွန်တော့ကိုဝေဖန်တိုက်ခိုက်ပြီးတော့ ရေးတာ ၂၁၆ ကြိမ် ရှိ တယ်"

ဖတ်ထားသမျှကို ကိန်းဂဏန်းနဲ့ တိတိကျကျ ရေးမှတ်ထားတယ် ဆိုတော့ တကယ့် အမှန်အကန် စာဖတ် ပရိသတ် လို့ ဆိုနိုင်တာပေါ့။

"ကျွန်တော့ကို အပုပ်ချရင် ပြည်ခိုင်ဖြိုးကို အပုပ်ချပြီးသားဖြစ်တယ် လို့ သူတို့က ယူဆတယ်။ ...
သို့သော် အဲဒီအချက်တွေ အားလုံးကို သူတို့ အဲလိုထည့်တာကို ကျွန်တော် ဝမ်းသာတယ်။ ကျေးဇူး တင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခုမှ မမှန်ဘူး။ ... ဥပမာ ဒီပဲယင်းကိစ္စဆို ကျွန်တော် လုံးဝ မသိဘူး"
လို့ ဦးအောင်သောင်းက ပြောတာကို "အချပ်ပို (ဇ)" စာမျက်နှာမှာ ဖတ်ရမှာပါ။

"အဲလိုရေးလေ ပြည်သူက အမှန်သိလေ ကျွန်တော့် နိုင်ငံရေးသြဇာအာဏာ ပိုတောင် ရှိသွားသေးတယ်" တဲ့။

ကြံ့ခိုင်ရေးပါတီမှာ နိုင်ငံရေးသြဇာအာဏာ ကြီးမားတဲ့ ဦးအောင်သောင်းကို "အဘ အသက် ဘယ်လောက် လဲ" ဆိုပြီး မေးရာမှာ အဲဒီလို ဆက်စပ် ပြောလိုက်တာ ဖြစ်ပါတယ်။

အသက်အကြောင်း ဖြေရာမှာတော့ ... "ကျွန်တော်က အခု ၇၃ တရားဝင်ပါ။ ဒါက တရားဝင် ပြောတာနော် အမှန်က ဒီ့ထက် နည်းနည်းကြီးတယ်" လို့ ဖြေပါတယ်။

ဒါကြောင့် ဦးအောင်သောင်းက အသက် ၇၅ တော့ ရှိပြီလို့ ဆိုရမယ် ထင်ပါတယ်။

Credit: ဧရာဝတီ

ရိုးမ ဘဏ်ကို အပစ်ရပ် ရှမ်းတပ် ဆက်ကြေးတောင်း

Posted by drmyochit Saturday, July 06, 2013, under | No comments



ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်တွင် ကျင်းပသော (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနား (ဓာတ်ပုံ – ဧရာဝတီ)


တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရိုးမဘဏ်ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) အမည်နဲ့ ဆက်ကြေးငွေ ကျပ် သိန်း ၁၀၀ တောင်းခံမှုတခု ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားခဲ့ပါတယ်။

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ RCSS/SSA အမည်ခံပြီး ဆက်ကြေးငွေတောင်းခံမှုကို ရိုးမဘဏ်က သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ကြား ထားတယ်လို့လည်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ပါရှိပါတယ်။

SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ အနေနဲ့ ငွေတောင်းခံရာမှာ ရိုးမဘဏ်သာမက စစ်တပ်ပိုင် မြ၀တီဘဏ် ကိုလည်း ကျပ် သိန်း ၁၀၀ တောင်းခံထားပြီး SSA စစ်ကြောင်းထံ လာရောက်အခွန်ဆောင်ဖို့ ဆင့်ခေါ်တယ် လို့ ငွေတောင်းစာမှာ ရေးသားထားပါတယ်။

RCSS/SSA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “ဗဟိုအမိန့်နဲ့ လုပ်တာမဟုတ်နိုင်ပါဘူး၊ ဒီလိုမျိုး မူလည်း မရှိပါဘူး၊ ဒါပေ မယ့် ပြန်စိစစ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်၊ အောက်ခြေ ရဲဘော်တွေလုပ်တာ ဖြစ်နိုင် မဖြစ်နိုင်ကတော့ အတိအကျပြောလို့ မရပါဘူး”လို့ ဆိုပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို မကြာသေးခင်က သွားရောက်စဉ် ဆက်ကြေးကောက်မှု၊ လူသစ် စုဆောင်းမှုတွေ များပြားနေတဲ့အကြောင်း ဒေသ ခံတွေရဲ့ တိုင်ကြားပြောဆိုတာတွေကို ဖြေရှင်းခဲ့ရ တယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။

RCSS/SSA အနေနဲ့တော့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ စစ်သားစုဆောင်းမှု၊ ဆက်ကြေးကောက် ခံမှုတွေ မလုပ်ကြောင်း၊ လုပ်ခဲ့ရင်လည်း စစ်စည်းကမ်းအရ အရေးယူမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂ လ လောက်ကတော့ မူဆယ်-နမ့်ခမ်းဒေသ အခြေစိုက်တဲ့ SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ တပ်ရင်းကို အစိုးရတပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

ရှမ်းပြည်နယ်ဟာဆိုရင် လက်နက်ကိုင်အုပ်စု အများဆုံးရှိတဲ့ ဒေသဖြစ်ပြီး အဖွဲ့အစည်း အသီးသီးရဲ့ ဆက်ကြေးငွေ တောင်းခံမှုကို ဒေသခံတွေ အနေနဲ့ ဆက်တိုက်ကြုံတွေ့ နေရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် နမ့်ခမ်းဒေသမှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၄ တို့ လှုပ်ရှားနေပါတယ်။

အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆက်ကြေးကောက်ခံမှုဟာ ကျေးလက်တောရွာများသာမက အခုဆိုရင် ကျောက်မဲ၊ သီပေါ စတဲ့ မြို့ပေါ်ဒေသများအထိ ရောက်ရှိနေပြီလို ဒေသခံတွေက ဆိုပါတယ်။

ကျောက်မဲ ဒေသခံတဦးက“မြောက်ပိုင်းမှာတော့ တော်တော်ဆိုးတယ်၊ ကျောက်မဲမှာ တပ်တွေထိုင်လို့ မြို့ထဲမ၀င်ပေမယ့်၊ ပတ်ဝန်း ကျင် ရွာတွေကတော့ အကုန်ကောက်တယ်၊ သီပေါကတော့ မြို့ပေါ်မှာကို ၀င်ကောက်တာ၊ ဒေသခံတွေ အရမ်းစိတ်ညစ်နေတယ်” လို့ ပြောဆိုပါတယ်။

ပွဲရုံ၊ ဈေးဆိုင်၊ လမ်းဘေးဓာတ်ဆီဆိုင်၊ ကားပိုင်ရှင်၊ ထော်လာဂျီပိုင်ရှင်၊ လယ်ယာမြေပိုင်ဆိုင်သူများကို ကောက်ခံပြီး ဆက်ကြေး နှုန်း ထားမှာလည်း သိန်းဂဏန်းအထိ ပေးရတယ်လို့ ကျောက်မဲ ဒေသခံ က ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြည်သူ့စစ် အသွင်ပြောင်းထားတဲ့ လက်နက်ကိုင် အုပ်စုတွေသာ များပြီး ဆက်ကြေးထက် ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းနဲ့ ငွေကြေးရှာဖွေကြတယ်လို့ သိရပါ တယ်။

ဧရာဝတီ

နန်းစုရတီစိုး ရဲ့ခပ်ဟော့ဟော့စတိုင်နဲ့ Sexy ဖက်ရှင်ဓာတ်ပုံတွေပါ...

Posted by drmyochit Saturday, July 06, 2013, under | No comments


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်