Wednesday, July 25, 2012

ဥရောပသမဂ္ဂမှ ဆီးရီးယားနိုင်ငံအတွင်းသို့ လက်နက်များတင်ပို့မှုအား အရှိန်မြှင့်တင်ပိတ်ဆို့အရေးယူသွားမည်ဆိုခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments


Yonhapnews.com;July-23(Mon)

          ဥရောပသမဂ္ဂ¾(EU)သည် ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုများပိုမိုတိုးမြှင့်လာမှုများအား တုံ့ပြန် သောအားဖြင့် ဆီးရီးယားအစိုးရအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများနှင့် တရားမဝင်လက်နက်တင်ပို့မှု တားမြစ်ခြင်းများအား ဇူလိုင်လ ၂၃ ရက်နေ့က အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဆီးရီးယားနိုင်ငံအတွင်း ဖိနှိပ်မှုအတွက် လက်နက်များဖြည့်တင်းခြင်း၊ သို့မဟုတ် လက်နက်များပါရှိမည်ဟု သံသယရှိသော ဆီးရီးယားနိုင်ငံသို့သွားရောက်မည့်  သင်္ဘောများနှင့် လေယာဉ်များကို စစ်ဆေးမှုများပြုလုပ်နိုင်ရေးကို ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ သဘောတူဆုံးဖြတ်ခဲ့သော နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုတွင် ဖော်ပြထားပါသည်။၎င်းဆုံးဖြတ်ချက်အရ နိုင်ငံတကာဥပဒေနှင့်အညီ EU  အဖွဲ့ဝင်နိုင်ငံများ၏ပိုင်နက်ပင်လယ်အတွင်း၌သာမက အဖွဲ့ဝင်နိုင်ငံများအတွင်းရှိ သင်္ဘောဆိပ်နှင့် လေဆိပ်များတွင် လည်း အဆိုပါရှာဖွေရေးတာဝန်အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          ဆီးရီးယားနိုင်ငံသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများကို ဥရောပသမဂ္ဂ(EU) ဥပဒေအရ သိမ်းဆည်း သွားမည်ဖြစ်ပါသည်။ ၎င်းအပြင် ဆီးရီးယားနိုင်ငံသို့ ဦးတည်သွားရောက်မည့် လေယာဉ်နှင့် သင်္ဘောများသည် မထွက်ခွာမီနှင့် ဆီးရီးယားနိုင်ငံသို့မရောက်ရှိမီ ၎င်းတို့နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဥရောပသမဂ္ဂသို့ပေးပို့ရမည်ဖြစ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ   Catherine Ashton က ဆီးရီးယားနိုင်ငံ၏ပဋိပက္ခများသည် စစ်ပွဲအသွင်သဏ္ဌာန်ဆောင်လာခြင်းအား ဆန့်ကျင်ကြောင်း သတိပေး ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂသည် ဆီးရီးယားသို့လက်နက်တင်ပို့ခြင်းများကို ၂ဝ၁၁ ခုနှစ်မေလကတည်းက အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆီးရီးယားနိုင်ငံအတွင်း လက်နက်များဖြည့်တင်းရေးအတွက် အာမခံခြင်းများ၊ နည်းပညာအကူအညီပေးခြင်းများနှင့် ချေးငွေကိစ္စရပ်များကိုလည်း ဥရောပသမဂ္ဂမှတားမြစ်ခဲ့ ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်