Sunday, December 16, 2012

“ရပ်ထားသော ကားဂွန်ဒေါင်းအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ရာ ကလေးတစ်ဦး သေဆုံး”

Posted by drmyochit Sunday, December 16, 2012, under | No comments


ဒီဇင်ဘာလ(၁၄)ရက်နေ့ ည(၉)နာရီ ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီးဟင်္သာတမြို့နယ် လှည်းလမ်း တက်ကျေးရွာ ဟင်္သာတ- ဇလွန်ကား လမ်းမပေါ်တွင် လမ်းပေါ်၌ ရပ်ထားသော ကားအား နောက်မှ ဆိုင် ကယ်ဖြင့် ဝင်တိုက်မှု ဖြစ်ပွားရာ ဆိုင်ကယ်သည် ၈ဌ/၈၄၄၀ ကားဂွန်ဒေါင်း ယာဘက်ခြမ်းသို့ တိုက်မိပြီး အောက် သို့ ဝင်သွားကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်၌ ရှေ့မှ လိုက်ပါလာသော လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်မောင်းနှင်သူ ချမ်းမြေ့အောင် နှင့် မအေးအေးသင်း တို့နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ လသားအရွယ်ကလေးငယ်မှာ ရင်ခွင်ပိုက်ထားသဖြင့် ထိခိုက်မှု မရှိကြောင်း သိရပါသည်။

ဒဏ်ရာရရှိသော ဆိုင်ကယ်စီးနင်းလာသူများသည် ဟင်္သာတနှင့် ဇလွန် အစပ်ရှိ တဂို့ ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး မိသားစု ဖြစ်ကြောင်း၊ လမ်းမပေါ်ရှိ ရပ်ထားသော ကားဂွန်ဒေါင်းတွင် အစောင့်မရှိ မီးအလင်းရောင် မပြထားဘဲ ရဲတပ်ဖွဲ့မှ စစ်ဆေးရာ ဆီမရှိကြောင်း သိရသည်။

“အသုံးပြုနေတဲ့ ထော်လာဂျီတို့၊ ကားဂွန်ဒေါင်းတို့တွေက မီးမစုံတာ များတယ်။ လမ်းမပေါ်မှာလည်း စနစ်တကျ မောင်းနှင်မှု အားနည်းတယ်။ လုပ်ငန်းသုံး အမြဲသွားလာနေတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သိဖို့နဲ့ လိုက်နာဖို့ လိုအပ်တယ်။ ယာဉ်ထိန်းအနေနဲ့လည်း စစ်ဆေး အရေးယူတာ၊ အသိပညာပေးတာ မရှိသလောက်ပါပဲ။ အခုလို လမ်းပေါ်မှာ တစ်ခုခု ဖြစ်လို့ ရပ်မယ်ဆိုရင် ညအိပ်မီး (ဘေးမီး) ဖွင့်ထားရမယ်။ အစောင့် ထားရမယ် လေ။

 အခုလို ဆောင်းရာသီ အဝင်က မြူဆိုင်းတတ်တယ်။ အဝေးကို တော်ရုံမီးအားနဲ့ မမြင်ရဘူး။ အနားကပ်မှ တွေ့တာ များတယ်။ အခု ဘာမှ နားမလည်သေးတဲ့ ကလေး တစ်ယောက် သေပြီ။ လူကြီးတွေလည်း ဒဏ်ရာပြင်းတယ်။ ဘယ်သူ့ အပေါ် အပြစ်ပုံ မလဲ။ ငွေနဲ့ အစားထိုးလို့ မရတော့ဘူးလေ”ဟု သွားရောက် ကြည့်ရှုခဲ့သူက ပြောသည်။

“ကားဘက်က ကြည့်တော့လည်း ဆီကုန်လို့ ရပ်တာ ပြောမယ်။ ဆိုင်ကယ်ကလည်း သူ့ လမ်းကြောင်း အမှန် မောင်းတာပဲ။ ဘယ်သူကတော့ ငါတို့လည်း ဒဏ်ရာရ၊ ငါ့သားလည်း သေ ဆိုပြီး ဝင်တိုက်မှာ မဟုတ်ဘူး။ ကားက လမ်းပေါ်မှာ ယာဘက် ယာဉ်ကြောအပြည့် ရပ်ထားတာ။

 ဖင်တောင် တင်နေသေးတယ်။ ဘယ်လိုပဲ အပြစ်တွေပုံပုံ အသက်တစ်ချောင်းကတော့ ဆုံးရှုံးသွားပြီ။ ဒါဟာ ဝမ်းနည်းစရာပဲ”ဟု ဒေသခံရွာသားတို့က ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုအား ဒူးယားရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိပြီး ဒဏ်ရာရသူများကို ဒူးယားတိုက်နယ် ဆေးရုံသို့ ပို့ရာ အသက် (၄) နှစ်အရွယ် ကလေး တစ်ဦး သေဆုံးပြီး ဆိုင်ကယ်မောင်းနှင်သူ ချမ်းမြေ့အောင်နှင့် မအေးအေးသင်း၊ လသားအရွယ် ကလေးတို့အား ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သို့ လွှဲပြောင်းပို့ ခဲ့ကြောင်း သိရသည်။
____________________________________
Reference and Credit to -Hinthata HumanRight

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်