Friday, June 21, 2013

မိတ္ထီလာမြို့မှ အာမခံထားသော နေအိမ်ရှစ်လုံးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေပေးအပ်

Posted by drmyochit Friday, June 21, 2013, under | No comments


ရန်ကုန်၊ ဇွန် ၂၀။

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်ပွားစဉ်က ပျက်ဆီးသွားသော နေအိမ်များထဲမှ အိမ် ရှစ်လုံးသည် မြန်မာ့အာမခံ လုပ်ငန်းတွင် အာမခံ ထားရှိထားသဖြင့် လျော်ကြေးငွေ စုစုပေါင်း ကျပ်(၇၁၆.၆၃၆၂၄၃၂)သိန်းကို မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးမင်းသိန်းက ဇွန်လ ၂၀ရက်နေ့တွင် မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်တွင် ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့ ပဋိပက္ခတွင်ပျက်ဆီးသွားသော နေအိမ် ရှစ်လုံးသည် အကြမ်းဖက်မှုကြောင့် နေအိမ်ဖျက်ဆီး ခံရသူများနှင့် မီးလောင် ဆုံးရှုံးခံရသူများ ဖြစ်ကြောင်း၊ ထိုအိမ်များသည် သဘာဝ ဘေးအန္တရာယ် အာမခံနှင့် မသမာသူမှ ဖျက်ဆီးသော ဘေးအန္တရာယ် အာမခံတို့ကို အာမခံထားထားသည့် အိမ်များဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်ချေးငွေဖြင့် အာမခံထားသူ (၂)ဦး၊ သမ၀ါယမဘဏ် ချေးငွေဖြင့် အာမခံထားသူ (၂)ဦး၊ ဧရာဝတီလီမိတက်ဘဏ် ချေးငွေဖြင့် အာမခံထားသူ (၁)ဦး၊ သမ၀ါယမ အသင်းဆိုင် (၁)ဆိုင်၊ ပုဂ္ဂလိကအနေဖြင့် ကိုယ်ပိုင်ထားရှိသူ (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

“အာမခံ တင်တယ်ဆိုတဲ့ နေရာမှာ အိမ်က ဟောင်းနွမ်းပြီး သူ့အလိုလိုပြိုကျ သွားတာမျိုး ဆိုရင်တော့ လျော်ကြေး မရဘူးပေါ့။ သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ မီးဘေး၊ လေဘေး၊ ရေဘေးလိုမျိုး ပြီးတော့ မသာမာသူက ဖျက်ဆီးလို့ ပျက်သွားတဲ့အခါမျိုး ဆိုရင်တော့ အာမခံလျော်ကြေးငွေကို ရနိုင်ပါတယ်။ အခုက မိတ္ထီလာမှာဖြစ်တဲ့ ပဋိပက္ခမှာ မသမာသူတွေက ဖျက်ဆီးလို့ ပျက်ဆီးသွားတဲ့ အိမ်တွေနဲ့ မီးလောင်သွားတဲ့ အိမ်တွေ ထဲက အာမခံထားတဲ့ အိမ်ရှစ်လုံးကို လျော်ကြေး ပေးတာပေါ့။ ရခိုင်မှာဖြစ်တုန်းကလည်း အာမခံထားတဲ့ အိမ်တွေကို လျော်ကြေးပေးခဲ့တယ်” ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဒုအထွေထွေမန်နေဂျာ ဒေါ်လှလှမွန်က ပြောကြားသည်။

၂၀၁၂ခုနှစ်ဇွန်လက ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် မီးအာမခံ ထားသော စက်ရုံစုဈေးနှင့် အိမ် လေးလုံးအတွက် ၅၇.၉၁သန်း ၊ အောက်တိုဘာလတွင် ကျောက်ဖြူ နှင့် ရမ်းဗြဲကျွန်းများတွင် ၂ ကြိမ်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် မီးအာမခံ ထားသော အိမ်သုံးလုံးအတွက် ၂၇.၉၇၈၃၈သန်း တို့ကို မြန်မာ့ အာမခံလုပ်ငန်းမှ ပေးလျော်ခဲ့ကြောင်း သိရသည်။

ဆုဝေ
@ မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်