Friday, June 21, 2013

တစ်ရက်အတွင်း အမျိုးသမီးနှစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်

Posted by drmyochit Friday, June 21, 2013, under | No comments


ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁၇ ရက် တစ်ရက်တည်းအတွင်း အမျိုးသမီးနှစ်ဦး အဆိပ်သောက် သေဆုံးမှုနှင့် ဆွဲကြိုးချ သေဆုံးမှု နှစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။

အဆိပ်သောက်သက်သေမှုမှာ လှိုင်သာယာမြို့နယ်တွင် ဇွန် ၁၇ ရက်၊ ည ၁၁ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကြိုးဆွဲ ချသေဆုံးမှုမှာ တောင်ဒဂုံမြို့နယ်တွင် ယင်း ည ၉ နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

လှိုင်သာယာတွင် အဆိပ်သောက်သေဆုံးခဲ့သည့် အမျိုးသမီးမှာ မဌေးဌေး အောင် (၂၃) နှစ်၊(ဘ)ဦးအောင်မောင်း၊ ဗမာ/ဗုဒ္ဓ၊ မှီခို၊ အမှတ်မရှိ၊ ကျူးကျော်တဲ၊ ဗိုလ်အောင် ကျော်လမ်း၊ စက်မှုဇုန် (၄) တွင် နေထိုင်သူ ဖြစ်သည်ဟုလည်း ရဲကစစ်ဆေးတွေ့ရှိထားသည်။ မဌေးဌေးအောင် အနေဖြင့် အဆိုပါ ည ၁၁ နာရီ ၂ဝ မိနစ် အချိန်တွင် စိတ်ညစ် သည်ဟု ပြောဆိုကာ ငှက်ထောင်ရာတွင် အသုံးပြုသည့် ပိုတက် အဆိပ်ခဲအား သောက်သုံးရာမှ သေဆုံးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် လှိုင်သာယာမြို့နယ် ဆေးရုံက ပီအာရ်-ဝ၁ ဖြင့် လက်ခံထားသည်။ ယင်း သေဆုံးမှုအား ဓမ္မတာတိုင်း သေဆုံးခြင်းဟုတ် မဟုတ် သိရှိနိုင်ရန် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်
သေမှုသေခင်း အမှတ်စဉ် ၄၆/ ၁၃ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

အလားတူ ဆွဲကြိုးချပြီး မိမိကိုယ်ကို သတ်သေခဲ့သူမှာ ဒေါ်သင်းသင်း (၄၁) နှစ်၊ (ဘ)ဦးသော်၊ အမွှေးတိုင် အလုပ်သမ၊ ဗမာ/ ဗုဒ္ဓ၊ အမှတ် ၁၇၉၅၊ ရွှေဥဒေါင်း (၁) လမ်း၊ (၁ဝ၄) ရပ်ကွက်၊ ဒဂုံတောင်မြို့နယ် နေသူဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

၎င်းသည် ဓနိမိုး၊ ထရံကာ နေအိမ်ခန်းအတွင်း အမြင့် (၁) ပေခွဲခန့်ရှိ သစ်သားထိုင်ခုံအား အသုံးပြုလျက် (၇) ပေခန့် အမြင့်ရှိ ဝါးလုံးမှ အဝါရောင် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ ရှိခဲ့သည်။

ထို့ကြောင့် အလောင်းအား သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့အပ်ရာ ပီအာရ်-၈၈၊ ဖြင့် လက်ခံထားသည်။ ယင်းသေဆုံး မှုကိုလည်း ပုံမှန်သေဆုံးမှုမျိုး ဟုတ်မဟုတ် စစ် ဆေးနိုင်ရန် ဒဂုံတောင် ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၈/၁၃ ဖြင့် အမှုဖွင့်စစ်ဆေး လျက် ရှိသည်။

ရန်ကုန်တိုင်းအတွင်းတွင် ရေနစ်သေဆုံးခြင်းများ၊ အာဟာရပြတ် သေဆုံးခြင်းများနှင့် အရက်အလွန်အကျွံ
သောက်ရာမှ အအေးပတ် သေဆုံးမှုများ နှစ်စဉ်ဖြစ်ပေါ် လျက်ရှိသည့်အပြင် မိမိကိုယ်ကို သက်သေမှုများမှာလည်း တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ် နီးပါးခန့် ဖြစ်ပွားနေလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများ အရသိရသည်။

မဇ္ဈိမမှ မေးမြန်းရရှိထားသော စာရင်းများအရ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ ၁၆ ရက်အထိ ရက်ပေါင်း ၁၃ဝကျော် ကာလအတွင်း မိမိကိုယ်ကို သတ်သေမှုမှာ အမှုအခင်းပေါင်း ၈ဝ ကျော်အထိ ဖြစ် ပွားထားကြောင်း သိရသည်။

ဇော်ဇော်ထွေး | မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်