Monday, June 10, 2013

မြန်မာသံတော်ဆင့် ဂျာနယ်ပါ တအာင်းပလောင် သတင်းနှင့် ပတ်သက်၍ သတင်းမှန် ပြန်ကြားခြင်း(ခ)

Posted by drmyochit Monday, June 10, 2013, under | No comments

နိုင်ငံတော် အစိုးရ စတင် တာဝန် ယူသည့် အချိန်မှ စ၍ ဒီမိုကရေစီ ရှင်သန်ရေး အတွက် တည်ငြိမ် အေးချမ်းမှု ရရှိရေးနှင့် လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို အဓိက ရည်မှန်း ချက်ထား ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော် တည်ငြိမ် အေးချမ်း မှုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များကြား ထာဝရ ငြိမ်းချမ်းမှု တည်ဆောက် နိုင်ရေးသည် အရေးကြီးသော ကိစ္စရပ် တစ်ခု ဖြစ်သဖြင့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ဗဟို ကော်မတီ ဥက္ကဌ အဖြစ် နိုင်ငံတော် သမ္မတမှ လည်းကောင်း၊  လုပ်ငန်း ကော်မတီ ဥက္ကဌ အဖြစ် ဒုတိယ သမ္မတ တို့ဦးစီး ဆောင်ရွက်လျက် ရှိပါသည်။ ထို လုပ်ငန်း စဉ်များ ဆောင်ရွက် ရာတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်း မီဒီယာများ၏ အခန်း ကဏ္ဍသည် အရေးကြီး သော်လည်း ငြိမ်းချမ်းရေးကို ရှေးရှုကာ ရေးသား ဖော်ပြမှုများ ရှိသလို၊ အချို့မှာမူ မိမိ ဂျာနယ် ရောင်းအား ကောင်းရန် တစ်ဖက်သတ် နိုင်ငံရေး အမြင်ဖြင့်  ပုဂ္ဂလိက ဆန်စွာ ဝါဒဖြန့်ကာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပြည်သူ လူထု အကြား အထင် လွဲမှား မှုများ ဖြစ်ပေါ် လာစေရန် ရေးသား ဖော်ပြလျက် ရှိပါသည်။ 
မြန်မာ သံတော်ဆင့် ဂျာနယ်၏  မေလ ၁၁ ရက်နေ့ထုတ် ဂျာနယ် အတွဲ-၂၊ အမှတ်(၉)၊ စာမျက်နှာ ၁၇ တွင် ပလောင် အမျိုးသမီး အစည်း အရုံး၊ တအာင်း ကျောင်းသား များနှင့် လူငယ်များ အစည်း အရုံး၏ မေလ ၆ ရက်နေ့ ကြော်ငြာချက်ကို  ဖော်ပြ ထားသည်မှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် ပြည်သူ လူထု ထိခိုက် ရကြောင်း အစိုးရ တပ်များသည် အမျိုး သမီး များအား အဓမ္မပြုကျင့် ခြင်း၊ လမ်းပြ ပေါ်တာ အဖြစ် ခေါ်ယူခြင်း၊ ရွာသားများကို သောင်းကျန်း သူနှင့် ဆက်သွယ်မှု ရှိသည်ဟု ခေါ်ယူ စစ်ဆေး ညှဉ်းပန်း နှိပ်စက်ခြင်း၊ လမ်းပြ ခေါ်ဆောင် သွားသူ ရွာသားများ မိုင်းထိခြင်းစသည့် တပ်မတော် အနေဖြင့် လူ့ အခွင့် အရေး ချိုးဖောက် မှုများ ရှိနေကြောင်း ရက်စွဲ၊ နေရာ၊ တပ်ရင်း အမှတ် များဖြင့် အတိ အကျ စွပ်စွဲ ရေးသား ဖော်ပြ ထားပါသည်။ အဆိုပါ ရေးသားမှု များကြောင့် တပ်မတော် အပေါ် ပြည်သူ လူထုနှင့် ငြိမ်းချမ်းရေး ရယူ ထားသော အခြား တိုင်းရင်းသား အဖွဲ့ အစည်းများ အထင် အမြင် လွဲမှား မှုများ ဖြစ်ပေါ် စေနိုင်သည့် အပြင် ဒီမိုကရေစီကို ဦးတည် လျှောက်လှမ်း နေသည့် အချိန် ကမ္ဘာ့ အလယ်တွင် မြန်မာ့ တပ်မတော်နှင့် မြန်မာ နိုင်ငံ အတွက်ပါ ဂုဏ်သိက္ခာ ကျဆင်း စေသဖြင့် ဂျာနယ်ပါ ဖြစ်စဉ် များနှင့် ပတ်သက်ပြီး တာဝန် ရှိသူ များမှ အခြေ အနေ မှန်ကို ထုတ်ဖော် ခဲ့ပါသည်။
မြန်မာ စစ် အစိုးရတပ် ခလရ (၅၀၂)မှ ဒေသခံ အိမ်ထောင်သည် အမျိုးသမီး၂ ဦးအား အဓမ္မ ပြုကျင့်ခြင်း ဖော်ပြ ချက်နှင့် ပတ်သက်၍  ဖြစ်စဉ် အမှန်မှာ ၎င်း တပ် အခြေပြုသည့် နေရာနှင့် ဖြစ်စဉ်တွင် ဖော်ပြသည့် ရေပုံး ကျေးရွာသည် ၅၁ မိုင်ခန့် ကွာဝေးပြီး ဂျာနယ်တွင် စွပ်စွဲ ထားသည့် အမျိုးသမီး  ၂ ဦးမှာ ကျေးရွာတွင် အမည်(နာမ) တူပင် မရှိကြောင်းနှင့် ထို ဖြစ်ရပ်မျိုး မရှိ ခဲ့ကြောင်း ကျေးရွာ အတွင်း ရေးမှူးနှင့် ရပ်မိ ရပ်ဖ များက သက်သေတည် ဖြေကြား ခဲ့ပါသည်။ 
အသက် မပြည့် သေးသော အမျိုးသမီး ၃ ဦးကို ခမရ(၄၁)မှ လမ်းပြ ပေါ်တာ အဖြစ် ခေါ်ဆောင်ခြင်း၊ ပေါ်တာများ မိုင်းနင်း မိ၍ သေဆုံးသည့် အပြင်  ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြ ချက်နှင့် ပတ်သက်၍ လမ်းပြ ခေါ်ဆောင်၍ မိုင်းနင်း မိခြင်း မဟုတ်ဘဲ ဒေသခံများ အသုံးပြုသော လမ်းကြောင်းကို ရွာသားများနှင့် အတူ လိုက်ပါစဉ်   ရှေ့ထွက်မိုင်း တိုက်မိ ပေါက်ကွဲခြင်း ဖြစ်ပါသည်။ အဆိုပါ နယ်မြေ အတွင်း သက်ဆိုင်ရာ စစ်ကြောင်းများ အနေဖြင့် မည်သူ တစ်ဦး တစ်ယောက် ကိုမျှ လမ်းပြ အဖြစ် ခေါ်ဆောင် ခဲ့ခြင်း မရှိကြောင်း ရပ်မိ ရပ်ဖ များနှင့် ဒေသခံ များမှ အတည်ပြု ပြောကြား ခဲ့ပါသည်။
 မြန်မာ စစ် အစိုးရ တပ်သည် အရပ်သား အဖြစ် ပြန်သွားသော ပလောင် ရဲဘော် ၃ ဦးအား အေပြီလ ဒုတိယ ပတ်တွင် မြန်မာ စစ်အစိုးရ တပ် အမှတ်(၅၀၄)မှ ရက်ရက် စက်စက် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းဟု ဂျာနယ်ပါ ဖော်ပြချက်နှင့် ပတ်သက်၍ ဖြစ်စဉ် အမှန်မှာ ၎င်းတို့ ၃ ဦးမှ ကင်းစောင့် စစ်သည် များအား တိုက်ခိုက်ပြီး လက်နက်များ လုယူ ထွက်ပြေးရန် ကြိုးစားခဲ့ သဖြင့်  ပစ်ခတ် ဖမ်းဆီး ခဲ့ရာမှ ၃ ဦး စလုံး သေဆုံး ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတို့ ၃ ဦးမှာ သောင်းကျန်းသူများ ဖြစ်ပြီး ပြည်သူ့စစ် အသွင် ဆောင်ကာ ကျေးရွာ များတွင် ဆက်ကြေး ကောက်၍ လူသစ် စုဆောင်း နေသူများ ဖြစ်ကြောင်း စိစစ် သိရှိ ရပါသည်။
မြန်မာ စစ် အစိုးရတပ် အမှတ်(၅၀၁)မှ တပ်စခန်း တိုးချဲ့ တည်ဆောက် ရာတွင် ကျောက်မဲ မြို့နယ်၊ ခွန်ခကျေးရွာရှိ ရွာသူ ရွာသားများ ဘုံပိုင် သစ်ပင်များ ယူသုံးခြင်းနှင့် အဓမ္မ စေ ခိုင်းခြင်းများ ပြုလုပ်ခြင်း၊ မြန်မာ အစိုးရ စစ်တပ်သည် ရွာသား ၅ ဦးကို TNLA နှင့် ဆက်စပ်မှု ရှိသည်ဟု သံသယ ရှိသဖြင့် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် မေးမြန်းခြင်း၊ မြန်မာ စစ်တပ် များသည် ပိုင်ရှင်များ ခွင့်ပြုချက် မရဘဲ နေအိမ်သို့ ဖောက်ထွင်းပြီး အိပ်စက် အနား ယူသည့် အပြင် သူတို့လိုအပ်သော ပစ္စည်း များကိုလည်း ယူဆောင် သွားခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အမှန်မှာ အဆိုပါ နယ်မြေ အတွင်းရှိ တပ်များသည် နယ်မြေ ရှင်းလင်းရန် အတွက် လှုပ်ရှား ဆောင်ရွက်လျက် ရှိပြီး ကျေးရွာ များတွင် အခြေပြု နေထိုင် ခဲ့ခြင်း မရှိဘဲ အခြား နေရာ များတွင် နယ်မြေ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကာ ရွာသား များအား ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် မေးမြန်းခြင်း မပြုလုပ် ခဲ့ကြောင်း၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ဦးစီး အဖွဲ့၏  စိစစ်ချက် အရ ဖြစ်စဉ် ဖြစ်ပွား ခဲ့ခြင်း မရှိသည့် အပြင် မည်သည့် တိုင်ကြား မှုမျှ မရှိ ခဲ့ကြောင်း စိစစ် သိရှိရ ပါသည်။
၂၀၁၃ ခုနှစ်၊ ပလောင် ဒေသ အတွင်း မြန်မာ အစိုးရ စစ်တပ်များ ပိုမို တိုးချဲ့လာပြီး ထိုးစစ် ဆင်နေကြောင်း ဂျာနယ်ပါ ဖော်ပြခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အမှန်မှာ ပလောင် ဒေသအတွင်း TNLA သောင်းကျန်းသူ အဖွဲ့များသည် ရွာသား ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားခြင်း၊ တိုင်းရင်းသား ၇ ဦးအား လူသစ် စုဆောင်း ဖမ်းဆီးခြင်း၊ PSLA တပ်ဖွဲ့ဝင် ဟောင်းအား ဖမ်းဆီး ခေါ်ဆောင် သွားခြင်း၊  လူသစ် ၉၄ ဦး အဓမ္မ စုဆောင်းခြင်း၊ မိုင်းမောမြို့နယ်၊ ပန်လုံ ရပ်ကွက် အတွင်းသို့ ၄၀ မမ လက်နက် ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ် ခဲ့ခြင်း၊ ကျေးရွာ များ အတွင်း လူသစ် စုဆောင်းခြင်းနှင့် ဆက်ကြေး/ ရိက္ခာများ အား အတင်းအဓမ်မ တောင်းခံခဲ့ခြင်းများဖြစ်ပေါ်မှုကြောင့် တပ်မတော်မှ ပြည်သူလူထု၏ အကျိုး စီးပွား အလို့ငှာ နယ်မြေ ထိန်းသိမ်းခြင်း၊ ရှင်းလင်းခြင်းများ ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
အထက်ပါ ဖြစ်စဉ် များအား တပ်မတော် သားများ အနေဖြင့် အမှန်တကယ် ကျူးလွန်ပါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့နှင့် သက်ဆိုင်ရာ တာဝန် ရှိသူ အဆင့်ဆင့်အား တိုင်ကြား မှုများ ပြုလုပ်၍ တရား ဥပဒေ အတိုင်း ဆောင်ရွက် ရမည် ဖြစ်ပါသည်။  သို့သော်လည်း လုပ်ကြံဇာတ်လမ်းများ ဖြစ်သောကြောင့် ဒေသ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ အစည်း များနှင့် တပ်မတော် တာဝန် ရှိသူများ အနေဖြင့် သံတော်ဆင့် ဂျာနယ် ဖော်ပြချက် အရသာ ပြန်လည် စိစစ်ရသည့် အခြေ အနေ ဖြစ်ခဲ့ ရသည်။ ဖြစ်စဉ်များ မှန်ကန်ပါက ပြစ်မှု ကျူးလွန်သည့် တပ်မတော် သားများအား ထိရောက်စွာ အရေးယူ သွားရန် စီစဉ်ထားရှိ ခဲ့ပြီး ယခု အခြေ အနေ အရ တရား မဝင် အဖွဲ့ငယ် တစ်ခု၏ ကြေညာချက်ကို အကြောင်းပြကာ တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်း စေမည့် လုပ်ကြံ ဇာတ်လမ်း များကို အသားပေး ရေးသား ဖော်ပြသည့် သက်ဆိုင်ရာ ဂျာနယ်မှ တာဝန် ရှိသူ များအား လိုအပ်သလို အမှုဖွင့် အရေးယူ သွားရမည် ဖြစ်ပါသည်။
တပ်မတော် သားများသည် စစ်ဘက် ဥပဒေများ အပြင် နယ်ဘက် ဥပဒေ များကိုပါ လိုက်နာ စောင့်ထိန်း ရသူများ ဖြစ်ပြီး စစ်စည်းကမ်း ဖောက်ဖျက် ကျူးလွန်သူ များအား စစ်တရားရုံး များမှ လည်းကောင်း၊ နယ်ဘက် တရားရုံး များသို့ လွှဲအပ်၍ လည်းကောင်း  စီရင်၍ ပြစ်ဒဏ် ကျခံ စေမှု သာဓကများ ရှိပြီး ဖြစ်ပါသည်။
တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် ပြည်သူများ အကြား အထင် အမြင် လွဲမှား စေသည့် ဆောင်ရွက်ချက် များသည် နိုင်ငံတော် အစိုးရ၏ ရည်မှန်း ချက်နှင့် ဆန့်ကျင်နေပြီး စတုတ်ထမဏ္ဍိုင် ဖြစ်သော မီဒီယာများ အနေဖြင့် ကျင့်ဝတ်နှင့် အညီ အပြု သဘော ရှေးရှုပြီး ဖြစ်စဉ် ဖြစ်ရပ် များကို လေ့လာ ဝေဖန် သုံးသပ်ပြီး ပြည်သူ လူထု အနေဖြင့် သတင်း မှန်များ သိရှိ နိုင်ရေးကို ဆောင်ရွက် သင့်ပါကြောင်း ဖော်ပြအပ် ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်