မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်သို့ တက်ရောက်လာသူများ
မြန်မာ့အင်တာနက်ဖိုရမ်ကို ဇွန် ၁ ရက်က MICTDC ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပြီး ပြည်တွင်း အင် တာနက် ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
''ဒီနေ့ခေတ် မှာ အင်တာနက်ဆိုတာ အရေးကြီးတဲ့ မရှိမဖြစ် Tool တစ်ခုဖြစ်ပါတယ်။ ကဏ္ဍအားလုံးမှာ အင်တာနက် က အရေးပါလာတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက်က အင်တာနက် သုံးနေတယ် လို့ သိရ ပါတယ်။ အင်တာနက်ကြောင့် အကျိုးကျေးဇူးတွေ ရတာရှိသလို ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနိုင် ပါတယ်။ ရလာမယ့် အကျိုးကျေးဇူးကတော့ ပိုများပါတယ်။ အင်တာနက် လွတ်လပ်ခွင့် လာတဲ့အခါမှာ လွတ်လပ် ခွင့်နဲ့ အတူ သူတစ်ပါး အကျိုးစီးပွား ပျက်စီးစေလိုတာမျိုးတွေလည်း တွေ့လာရတယ်။ ဆက်သွယ်ရေး ဥပဒေ ကိုလည်း မကြာခင် ပြဋ္ဌာန်းနိုင်မယ်လို့ ထင်ပါတယ်။ Commerce Law မူကြမ်းကို ရေးဆွဲဖို့ လည်း ရှိနေပါတယ်'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
''အာဖရိကမှာတောင် အင်တာနက်က အရေးပါနေပါပြီ။ အင်တာနက် ဖွံ့ဖြိုးလာဖို့ အခြေခံ အဆောက် အအုံပိုင်း အရေး ကြီးပြီး ဥပဒေတွေလည်း အရေးကြီးပါတယ်။ အစိုးရ ဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အိုင်စီ တီကို များများသုံးဖို့ လိုပါတယ်။ ရုံးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ စာရွက်သုံးလေးရွက် လျှောက်ဖြည့်နေ ရတာက အချိန်ကုန် အလုပ်ရှုပ်စေတယ်။ နောက်ပြီးစက်တွေက လာဘ်မစားတတ်ဘူး။ အိုင်စီတီ ကို သေချာအသုံးပြုမယ်ဆိုရင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေလည်း နည်းလာနိုင်တယ်။ အားလုံး ၀ိုင်းတွန်း မှ ရွေ့မှာပါ။ အင်တာနက်ကလည်း လွတ်လပ်လာပြီ ဆိုပေမယ့် လုံခြုံစိတ်ချရမှု မရှိသေးပါဘူး'' ဟု MIDO မှ ကိုနေဘုန်းလတ်က ပြောကြားသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်ကလည်း ''ပြည်တွင်း အညွှန်း ကိန်းများ မြင့်မားလာအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ဟာ့ဒ်ဝဲ ပိုင်း (မြင်ရပြီး လက်တွေ့လုပ်ဆောင် ရမည့်အပိုင်း) နှင့် ဆော့ဖ်ဝဲပိုင်း (ထိတွေ့၍ မရသောအပိုင်း) ဟူ၍ ရှိ ရာ ယင်းနှစ်ခုစလုံးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့်ကို မြှင့်တင်နိုင်ရေးအတွက် MIDO အဖွဲ့သည် Freedom House အဖွဲ့မှ ကျင်းပသော IGF Incubator Project ပြိုင်ပွဲကြီးတွင် Myanmar Internet Freedom Forum ပြုလုပ်နိုင် ရန် ပရောဂျက် ရေးသား၍ ပြိုင်ပွဲဝင်ခဲ့ရာ ပြိုင်ပွဲဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပရောဂျက်များနှင့် ယှဉ်ပြိုင် ကာ ပရောဂျက်ကို ရရှိခဲ့ပြီး မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ် ၂၀၁၃ ကို ကျင်းပခွင့် ရရှိခဲ့သည်။
From: Eleven
Time in Rangoon


0 comments:
Post a Comment