Saturday, July 13, 2013

စောစီးစွာ လက်ထပ်ခြင်းနှင့် မဖြစ်မနေ လက်ထပ်ရန် လိုအပ်သည်ဟု ယူဆခြင်းသည် မြန်မာနိုင်ငံ၏ လက်ထပ်မှု ပုံသဏ္ဌာန် မဟုတ်ကြောင်း ဒုတိယသမ္မတ ပြောကြား

Posted by drmyochit Saturday, July 13, 2013, under | No comments


ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်း က ပြောကြားနေသည်ကို တွေ့ရစဉ်

မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးစစ်တမ်း တွေ့ရှိချက်များအရ စောစီးစွာ လက်ထပ်ခြင်းနှင့် မဖြစ်မနေ လက်ထပ်ရန် လိုအပ်သည်ဟု ယူဆခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်ထပ်မှု ပုံသဏ္ဌာန် မဟုတ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံမှာ လက်မထပ်ဘဲ အပျို၊ လူပျိုဘ၀နဲ့ နေထိုင်တဲ့ အချိုးအစားမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါတယ်။ မွေးဖွားနှုန်း ကျဆင်းခဲ့ခြင်းနှင့် မျှော်မှန်းသက်တမ်းများ မြင့်မားလာခဲ့တာကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ဖွဲ့စည်းမှုပုံစံဟာ ပြောင်းလဲလျက်ရှိပြီး ရှေ့ဆက်လည်း ပြောင်းလဲနေဦးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလများဆီက မွေးဖွားနှုန်း မြင့်မားခဲ့မှုကြောင့် ယနေ့ မြန်မာနိုင်ငံတော်ဟာ လူဦးရေ ဆုလာဘ်လို့ခေါ်တဲ့ လူ့စွမ်းအား အရင်းအမြစ် ပေါများသည့် ကာလကို ရောက်ရှိနေချိန် ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်သူ အရေအတွက်ဟာ မှီခိုသူအရေအတွက်ထက် နှစ်ဆနီးပါး များပြားနေချိန် ဖြစ်ပါတယ်''ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ ခန့် ရှိတဲ့အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် တွင်းမှာရှိတဲ့ အမျိုးသမီး ဦးရေဟာ ၂ ဒသမ ၉သန်းရှိပြီး၂၀၀၇ ခုနှစ် မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းအရ အသက် ၁၅ နှစ် နှင့် ၁၉ နှစ်ကြား ဆယ်ကျော်သက်ရွယ် အမျိုးသမီး ၁၀၀၀ မှာ ၁၇ ယောက် ကလေးမွေးဖွား ခဲ့ကြောင်း တွေ့ရသည်။ ငယ်ရွယ် ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်နိုင်ရန် အတွက် အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်း၊ အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်တဲ့ ကိုယ်ဝန် ဆောင်ရခြင်းတို့ကို လျော့ချသွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံတွင် တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း လျော့ကျနိုင်ရန် မျိုးဆက်ပွား ကျန်းမာရေးကို ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ''တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ အနေနဲ့ သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာတာကြောင့် ကြုံတွေ့လာနိုင်တဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခက်အခဲ များကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေတွင် သက်ကြီးရွယ်အို ပါဝင်နှုန်းဟာ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းခန့် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မျော်မှန်းသက်တမ်းများ မြင့်မားလာခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်းဟာ မိသားစုများနှင့် လူမှုအဖွဲ့အစည်း တစ်ခုလုံးအတွက် ပျော်ရွှင်စရာ ၀မ်းမြောက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်