ရန်ကုန်၊ ဇူလိုင် ၁၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ် တဲ တွင် ‘ယောက်ဖ... ယောက်ဖ’ ဟုခေါ်ပြီး ဆဲဆိုရာမှ လူသတ် မှု ဖြစ်ပွား ခဲ့ပြီး ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ တစ်ဦး ကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီး ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
သဗြုချိုင် တောင်ပေါ်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးဝင်းမြင့် သည် ၎င်း၏ လယ်တဲအနီးမှ အသက် ၂၉ နှစ် အရွယ် ဦးစိုးမင်းသူနှင့် အခင်း မဖြစ်ပွားမီ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်း က အရက်အတူ သောက်ခဲ့ ကြကြောင်း၊ အရက်သောက်နေကြ စဉ် ဦဝင်းမြင့်က ‘ယောက်ဖ... ယောက်ဖ’ ဟုခေါ်ကာ အော်ဆဲသောကြောင့် ဦးစိုးမင်းသူက အနီးရှိ ဓားကိုဆွဲ၍ ခုတ်သဖြင့် ဦးဝင်းမြင့် လည်ပင်း ပြတ်ရှ ဒဏ်ရာရကာ သေဆုံး ခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုးမင်းသူက ထွက်ဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
သေဆုံးခဲ့သူနှင့် ဦးစိုးမင်းသူတို့သည် လွန်ခဲ့သော သုံးလခန့် ကလည်း ကောက်ရိုးပုံ ပုံသည့်ကိစ္စနှင့် ပတ်သက်၍ အချင်းများခဲ့ကြကြောင်း သံတွဲမြို့နယ် ရွှေလှေ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။
သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ညိုက ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မျိုးစပါးယူရန် ဦးဝင်းမြင့်၏ လယ်တဲသို့ လာရောက်စဉ် လယ်တဲ ကွပ်ပျစ်ပေါ်တွင် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် တစ်လလျှင် လူသတ်မှု ၁၀ မှုနှုန်းခန့် ဖြစ်ပွားနေပြီး မြို့နယ် ၁၇ ခုတွင် တစ်နှစ်လျှင် လူ ၁၂၀ ခန့် သတ်ဖြတ်ခံနေရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
The Voice Weekly
Time in Rangoon


0 comments:
Post a Comment