Tuesday, July 23, 2013

ကေအိုင်အို နယ်မြေအတွင်းရှိ ဒုက္ခသည်များကို ဆေးကုမည်

Posted by drmyochit Tuesday, July 23, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၂

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ၂ နှစ်ကျော် နေရပ် စွန့်ခွာနေရသော ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သော ဒုက္ခသည်များကို ဇူလိုင်လ နောက်ဆုံး အပတ်၌ ဆေးဝါး ကုသမှု ပြုလုပ်ပေးမည်ဖြစ်ကြောင်း The Action Time Fountation မှ ဦးထင်အောင်က ပြောကြားသည်။

“အရင်တစ်ခါ သွားတုန်းက ဒုက္ခသည် စခန်းမှာ ဝမ်းရောဂါ ဖြစ်နေတဲ့ ကလေးတွေ ဆေးဝါး ကုသမှု လိုအပ်နေတာ တွေ့လို့ စီစဉ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများတွင် ဆေးဝါး ကုသမှုအပြင် စာသင်ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဒုက္ခသည်များကို စိတ်ခွန်အား ဖြစ်စေရန် တေးသံရှင် ၁၅ ဦးတို့က ဂီတ ဖျော်ဖြေပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့ ဆေးရုံတွင် ကလေး အထူးကု ဆရာဝန် နှစ်ဦးဖြင့် ကုသပေးသော် လည်း ဒုက္ခသည် စခန်းများတွင် ဆရာဝန် မရှိ၍ သူနာပြုများက ကုသပေးနေရကြောင်း ယင်းဒေသသို့ သွားရောက် အကူအညီ ပေးနေသော အဖွဲ့အစည်းများထံမှ သိရသည်။

“ရာသီဥတု ပြောင်းတော့ ဖျားတာလောက်တော့ ရှိတယ်။ ဝမ်းရောဂါဖြစ် တာတော့ မတွေ့ဘူး” ဟု ဇူလိုင် ဒုတိယ အပတ်တွင် လိုင်ဇာမြို့အနီးရှိ ဂျဲယန်း ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့သူ အမျိုးသမီး တစ်ဦးက ပြော ကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တွင် နေရပ် စွန့်ခွာသူများ နေထိုင်ရာ ဒုက္ခသည် စခန်း ၁၂၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်း ဝန်းကျင်ရှိကြောင်း တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်တွင် ဒုက္ခသည် နှစ်သောင်းကျော် ရှိကြောင်း ကေအိုင်အို က ကောက်ယူ ထားသော စာရင်းများအရ သိရသည်။

The Action Time Fountation သည် ပြီးခဲ့သည် ဇွန်လလယ်ပိုင်း က ကေအိုင်အို ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများကို အစားအသောက်နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့သည်။

From: The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်