Tuesday, July 23, 2013

ဘာသာတစ်ခုနှင့်တစ်ခု ယုံကြည်မှုကင်းမဲ့နိုင်ခြင်းကြောင့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဟုဆို

Posted by drmyochit Tuesday, July 23, 2013, under | No comments


ဦးဝီရသူနှင့် ပတ်သက်ပြီး ရေးသားထားသော တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးရေး သားမှုမှာ ဘာသာတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှု ကင်းမဲ့နိုင်ခြင်းကြောင့် ကန့်ကွက် ရခြင်းဖြစ် သည်ဟု ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့က ပြောဆို လိုက်သည်။

ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddihist Terror ဆောင်းပါးကို မြန်မာနိုင်ငံ ရှိ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကန့် ကွက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဇူလိုင် ၂၂ ရက်က ကြေညာခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရေးသားခြင်းကို ၀င်ရောက် စွတ်ဖက်လိုခြင်း မရှိဟုလည်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ အစ္စလာမ်ဘာသာအဖွဲ့ နာယက ဦးလှမောင် ကဆိုသည်။ ၄င်းက “အန်ကယ်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်နေတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်မရှိအောင်၊ ပြဿနာဖြစ်အောင်၊ ထင်ယောင်မြင်ယောင် ဖြစ်စေတယ်ဆိုတဲ့ သ ဘောကြောင့် (တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်း ထုတ်ပြန်ချက်) ထုတ်ပြန်တာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့ဥက္ကဌ ဦးစိန်ဝင်းအောင်ကလည်း “ဗုဒ္ဓဘာသာတွေကို အခြားဘာသာတွေက အထင်လွဲမှာစိုးလို့ လုပ်လိုက်တာပါ။ ငြိမ်းချမ်းရေးနည်းနဲ့ ဆောင်ရွက်ဖို့ လမ်းညွှန်နေတဲ့ ဗုဒ္ဓဘာသာဆရာတော်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာပါ။ ဆိုလိုတာကတော့ ဆရာတော်တွေ ဒါတွေ ဆက်ထိန်းပေးပါလို့ပြောချင်တာ” ဟု ကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။

ယင်းသို့ ကြေညာချက်ထုတ်ပြန်ခြင်းမှာ ဇူလိုင် ၂၁ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်း သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံပြီ နောက်တစ်ရက်တွင် ဖြစ်သည်။

ကြေညာချက်တွင်၂၀၁၃ခုနှစ် ဇူလိုင် ၁ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးတွင် ရေးသားဖော်ပြချက်သည် “ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားအောင် လှုံ့ဆော်ရာရောက်သည်ဟု ယူဆပါကြောင်း၊ လက်ရှိ အကောင်အထည်ဖော်နေသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး လုပ်ငန်း စဉ်များကို တစ်နည်းနည်းဖြင့် ထိခိုက်ပျက်ပြားစေနိုင်သောကြောင့် ပြည်ထောင်စု သမ္မတနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း” ဟု ရေးသားထားသည်။

အဆိုပါ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာမှ ခေါင်းဆောင်များ စုပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

မင်းမင်း | အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၅ မိနစ်
မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်