Wednesday, July 24, 2013

ကွမ်းခြံအတွင်း အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု ငွေပေး စေခိုင်းခဲ့ခြင်းဖြစ်

Posted by drmyochit Wednesday, July 24, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၃

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ် အရွယ် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရမှုသည် လူ နှစ်ဦး ကို ငွေပေး၍ စေခိုင်းခဲ့ခြင်းဖြစ်ပြီး စေခိုင်းသူကပါ ယင်းသို့ ပြုလုပ် စဉ်တွင် ပါဝင်ခဲ့ကြောင်း ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူ သုံးဦးက ဝန်ခံ ထွက်ဆိုခဲ့ သည်ဟု ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဖမ်းဆီးရမိသည့် သူများထဲတွင် အသတ်ခံရသူနှင့် ယခင်က လယ်မြေကိစ္စ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အသက် ၂၉ နှစ်အရွယ် ထူးနိုင် ပါဝင်ကြောင်း၊ ၎င်းက တွံတေးမြို့နယ် ဘုရားငုတ္တို ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ဦးဇော် (ခ) အရှည်ကြီးနှင့် ဦးထွန်းမင်းလတ် (ခ) မောင်ထွန်း (ခ) ထော်ကြီး တို့ နှစ်ဦးကို ငွေပေး၍ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အသုံးပြုခဲ့သည့် သက်သေခံ ဓားနှင့် ကြိုတင် ပေးအပ်ထားသည့် ငွေများပါ သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ပသီနှင့် လယ်မြေ ကိစ္စဖြင့် အငြင်းပွား လျက် ရှိသော်လည်း လက်ရှိ ဖမ်းဆီး ရမိသူများနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ဖူးကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက မိမိ ပိုင်ဆိုင်သည့် လယ်မြေ ၁၀ ဧကခန့်ကို ဦးစိုးမြင့်ထံတွင် တစ်ဧကလျှင် ၈ သိန်းခွဲနှုန်းဖြင့် ပေါင်နှံခဲ့သော် လည်း ယခု ယင်းလယ်များကို ပြန်လည် ရွေးယူမည်ဟု ဆိုရာတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ ယခု ကာလပေါက်ဈေးမှာ ၁ ဧကလျှင် ကျပ်သိန်း ၄၀ မှ ၅၀ ထိ ရှိသဖြင့် လယ်မြေကို ရယူ၍ ငွေ အနည်းငယ် ထပ်ဆောင်း ပေးစေလိုသည်ဟု ဦးစိုးမြင့်ထံတွင် သေဆုံး သူ ဒေါ်သန်းမြင့်က တစ်ကြိမ် သွားရောက် တောင်းခံခဲ့ပြီး မိမိ ကိုယ်တိုင် လည်း တစ်ကြိမ် သွားရောက် တောင်းခံခဲ့ဖူးကြောင်း၊ သို့သော် ငွေမရခဲ့သည့် အတွက် ဆက်လက် တောင်းဆိုခြင်း မပြုတော့ကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးကြီးမောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လယ်များကို ဦးကြီးမောင် အကျဉ်းကျခံနေဆဲ ကာလတွင် ၎င်း၏ ဇနီးဖြစ်သူမှာ စိုက်ပျိုးစရိတ် ချေးငွေ၊ ဓာတ်မြေသြဇာဖိုး ငွေများ ပေးဆပ် ရန် ငွေ မလုံလောက်သဖြင့် ဦးကြီးမောင်၏ ခွင့်ပြုချက်ဖြင့် လယ်မြေ လုပ်ပိုင်ခွင့်ကို ဦးစိုးမြင့်၏ ဇနီး ဒေါ်မြင့်သိန်း နာမည်ဖြင့် လယ် လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ဒေါ်မြင့်သိန်းထံတွင် ရောင်းချသည်ဟု သိရှိခဲ့သော်လည်း ၎င်းတို့ မည်မျှ တန်ဖိုးနှင့် ရောင်းဝယ်ခဲ့သည်ကို မသိရှိ ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် လယ်မြေ တစ်ဧက ဈေးနှုန်းမှာ ၈ သိန်း ၉ သိန်း ခန့်သာ ပေါက်ဈေး ရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၏ ပြောကြားချက် အရ သိရသည်။

အခင်း မဖြစ်မီ လပိုင်းခန့်က ထင်းစုကျေးရွာမှ လယ်ယာမြေ အငြင်းပွားမှု များတွင် ပါဝင် ဆောင်ရွက် ဖြေရှင်းပေးသူ ဦးစံလင်းက ၎င်းလယ်မြေ ကိစ္စကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးပါက မိမိအတွက် အကျိုးများစွာ ရှိနိုင်သည် ဟု ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ဖူးကြောင်း၊ ဦးကြီးမောင်က မိမိထံသို့ မြေယာ ကိစ္စများကို အမှန်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် စာတစ်စောင် ပေးပိုခဲ့ပြီး ဦးစိုးမြင့်ထံသို့ ၃ ရက်အတွင်း လယ် ပြန်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ သို့သော် အခင်း ဖြစ်ပွားမှုမှာ ၎င်းတို့ချင်း မည်ကဲ့သို့ မကျေမနပ်ဖြစ်၍ လူသတ်သည်လောက်ထိ ဖြစ်သွားသည်ကို မသိရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

 အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီး ရမိသည့် တရားခံ သုံးဦးကို ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ (ပ) ၆၃/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် စုံစမ်း စစ်ဆေးမည်ဖြစ်ပြီး ငွေ မည်မျှပေး၍ ခိုင်းစေသည် နှင့် အခြား ပါဝင် ပတ်သက်သူ ရှိ မရှိကို စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ဒေါ်သန်းစိန် (ခ) ဒေါ်သန်းမြင့်မှာ နေအိမ်အနီး ကွမ်းခြံတွင်းသို့ အလုပ် သွားရောက် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာပြီး ဒေါ်စိန်သန်း ကို မတွေ့သဖြင့် မေးမြန်းရာ သားဖြစ်သူက ကွမ်းခြံ အတွင်းသို့ သွားသည် ဟု ပြောပြခဲ့ ကြောင်း၊ မတင်တင်မိုးမှာ ကွမ်းခြံသို့ သွားရောက်ခဲ့ ရာ ဒေါ်စိန်သန်းကို ဦးခေါင်း ပြတ်လျက်နှင့် တွေ့ရှိ ခဲ့ပြီး ၎င်း၏ ဦးခေါင်းကို ၁၀ ပေခန့်အကွာ ရေထဲတွင် တွေ့ရှိခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်