Friday, August 02, 2013

အင်ကာတို့၏ ယာဇ်ပူဇော်ခြင်း ဓလေ့ထုံးစံကို သုတေသီများ ဖော်ထုတ်တွေ့ရှိ

Posted by drmyochit Friday, August 02, 2013, under | No comments


အင်ကာမျိုးနွယ်များ၏ ယုံကြည်မှု ဓလေ့ထုံးစံအရ ယာဇ်ပူဇော်ခြင်း ခံရသော ကလေးများသည် အရက်ကို စိတ်ငြိမ်ဆေးအဖြစ် လွန်လွန်ကျွံကျွံ တိုက်ကျွေး ခံရလေ့ရှိကြောင်း သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။ အာဂျင်တီးနား နိုင်ငံတွင် တွေ့ရှိခဲ့သည့် ရုပ်အလောင်း (၃)ခုကို စမ်းသပ်ချက်အရ ရှေးဟောင်း တောင်အမေရိက အင်ကာ မျိုးနွယ်စုများ၏ ဓလေ့ထုံးစံ တစ်ခုကို ခြေရာခံ ဖော်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ ကလေး(၃)ဦး၏ ကျပ်စည်းထားသော ရုပ်အလောင်းများအနက် အသက်အကြီးဆုံးဖြစ်သည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို စမ်းသပ်ခဲ့ရာ သူမသည် မသေဆုံးမီတွင် အရက်ပမာဏ အမြောက်အမြား သောက်သုံးခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

တောင်အမေရိကတွင် အင်ပါယာကြီးတစ်ခု ဖြန့်ကျက်ခဲ့သည့် အင်ကာတို့သည် စစ်ပွဲ၊ ရာသီဥတု ဖောက်ပြန်မှုစသည့် အမျိုးမျိုးသော အကြောင်းအရာတို့အပြင် သတ်မှတ် အချိန်ကာလအလိုက် သတ်ဖြတ် ယာဇ်ပူဇော်မှုများပါ ပြုလုပ်လေ့ရှိသည်။ ယခု ရုပ်အလောင်း (၃)ခုကို (၁၉၉၉)ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အကြီးဆုံး ကလေးမလေးမှာ အသက်(၁၃)နှစ်ဝန်းကျင်ဖြစ်ကာ အငယ်နှစ်ဦးမှာ (၄)နှစ်၊ (၅)နှစ်မျှသာ ရှိဦးမည်ဟု သုတေသီများက ကောက်ချက်ချထားသည်။ အာဂျင်တီးနားနိုင်ငံ၊ လူလိုင်အာဗို မီးတောင်အနီး တူးဖော် တွေ့ရှိခဲ့သည့် အလောင်းများသည် ရှေးခေတ် အင်ကာ အင်ပါယာ၏ ရက်စက်ကြမ်းတမ်းသော ဓလေ့တစ်ခုကိုလည်း ထင်ဟပ်စေသည်။

အင်ကာတို့သည် (၁၅)ရာစု အကုန်မျှထိ တောင်အမေရိကကို ကြီးစိုးခဲ့သော်လည်း ထို့နောက်တွင်မူ ဥရောပသားများ ခြေချလာခဲ့ပြီးနောက် ယင်းတို့၏ လွှမ်းမိုးမှု ပျက်သုဉ်းပျောက်ကွယ်သွားသည်။ "အင်ကာ လူမျိုးတွေဟာ ယာဇ်ပူဇော်ခံရမယ့် သားကောင်ကို စိတ်ငြိမ်ဆေး သဘောမျိုး အရက်တွေ တိုက်ခဲ့ကြတယ် ဆိုတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သူတို့က အမျိုးမျိုးသော အကြောင်းတွေကြောင့် ယာဇ်ပူဇော်တတ်ကြတယ်။ ခုကျွန်မတို့ တွေ့ထားတဲ့ အလောင်း(၃)ခုကတော့ အင်ကာခေတ်ရဲ့ အပြည့်စုံဆုံး အကြွင်းအကျန်တွေပါပဲ။ ပြောရရင် တစ်ကမ္ဘာလုံးမှာ အခြေအနေ အကောင်းဆုံး ကျန်ရှိတဲ့ မံမီအလောင်းတွေထဲမှာ ပါတယ်"ဟု ဗြိတိန်နိုင်ငံ၊ ဘရတ်ဖို့ဒ် တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင် ဒေါက်တာ အမ်မာ ဘရောင်းက ရှင်းပြခဲ့သည်။


သူမက "စတေးခံရချိန်မှာ ဒီကလေးတွေဟာ မူးပြီး အိပ်ပျော်နေတယ်လို့ ယူဆရတယ်"ဟုလည်း ဆိုသည်။ နိုင်ငံတကာ သုတေသီများသည် အဆိုပါ ကလေးငယ်များ၏ ဆံပင်ကို အသုံးပြုကာ မှုခင်းဆေးပညာ နည်းလမ်းများဖြင့် လေ့လာခဲ့ကြသည်။ ကလေးများသည် မသေမီတွင် အရက်တိုက်ပြီး ကိုကာရွက်များ ကျွေးခံခဲ့ရသည်ဟု ပညာရှင်များက ဆိုသည်။ အင်ကာတို့သည် မူးယစ်ယီဝေစေသည့် ကိုကာရွက်များကို အသုံးပြုခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရှိထားပြီး ဖြစ်သည်။ ကလေး(၃)ဦးအနက် အသက်အကြီးဆုံး မိန်းကလေး၏ ဆံပင်သည် အခြားနှစ်ယောက်ထက် ပိုရှည်သလို မနုဿဗေဒ ပညာရှင်များ သိလိုသည့် အချက်များကိုလည်း ပိုမို အဖြေထုတ် ပြောပြနိုင်ခဲ့သည်။

ဒေါက်တာဘရောင်းက "အင်ကာတွေနဲ့ ထိတွေ့ခဲ့တဲ့ စပိန်တွေရဲ့ မှတ်တမ်းတွေအရ ဆိုရင်တော့ ကျွန်မတို့ သိထားတာက ယာဇ်ပူဇော်ဖို့ အတွက်ဆိုရင် ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေကို ရွေးချယ်တတ်ပါတယ်။ အင်ကာတွေမှာ ဒီလို မိန်းကလေးတွေကို လိုက်ရှာဖို့ သီးသန့် တာဝန်ပေးထားတဲ့ သူတွေရှိတယ်။ သူတို့က မိသားစုတွေဆီက မိန်းကလေးတွေကို အတင်းခေါ်သွားတတ်ကြတယ်"ဟုလည်း ပြောကြားခဲ့သည်။ သုတေသီများ လေ့လာနေဆဲဖြစ်သည့် အဆိုပါ အင်ကာ ရုပ်အလောင်း (၃)ခုကို အာဂျင်တီးနားနိုင်ငံ၊ ဆယ်လ်တာမြို့ရှိ မနုဿဗေဒ ပြတိုက်တွင် ထိန်းသိမ်းထားကြောင်းလည်း သိရှိရသည်။

From: Planet Myamar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်