သြဂုတ်လ(၂၆)ရက်နေ့က တောင်ဥက္ကလာတွင် သားအား ကျောင်းကြိုရန် ဆိုက်ကားဖြင့်သွားသည့် အမျိုးသမီးအား ဆိုက်ကားတားပြီး သံပြားဝိုင်းဖြင့် အမျိုးသမီး၏ပါးလှီးခဲ့သော ဖြစ်ရပ်အား အခင်းဖြစ်ပြီး သုံးရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သည့် လှဌေး ၊ လှတိုး ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်၊ မိုးသူ နှင့် ဇော်ကြီးတို့ ငါးဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ်ဖြစ်ကာ ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက် ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း မပြုဘဲ မိုး သူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှ ပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက် သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှာ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သိရသည်။
From: ပုံရိပ်
Friday, August 30, 2013
တောင်ဥက္ကလာက အမျိုးသမီး၏ပါး လှီးခဲ့သူများမှာ ငွေပေးခိုင်းခြင်းခံရသော ထောင်ထွက်များဖြစ်
Posted by drmyochit
Friday, August 30, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment