Tuesday, August 13, 2013

နှိပ်စက်မှုဒဏ်မခံနိုင်၍ ကေအိုင်အေစစ်သားအဖြစ် ထွက်ဆိုခဲ့ဟု ဦးလထော်ဘရန်ရှောင် ဆို

Posted by drmyochit Tuesday, August 13, 2013, under | No comments


ကေအိုင်အေ စစ်သားအဖြစ် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဦးလထော်ဘရန်ရှောင်က ၎င်းအနေနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) တပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်၍ တရားရုံးတွင် ကေအိုင်အေစစ်သားအဖြစ် ထွက်ဆိုခဲ့ရသည်ဟု ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ပြုလုပ်သော လူထုရှင်းလင်းပွဲ၌ ဦးလထော်ဘရန်ရှောင်က ၎င်းအနေနှင့် ကေအိုင်အေစစ်သားအဖြစ် ထိန်းသိမ်းခံနေရစဉ်အတွင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားမြှောင်ကို မီးကင်ကာ ပါး၊ ဝမ်းဗိုက်နှင့် ချက်နေရာများတွင်ကပ်၍ စစ်ဆေးမေးမြန်းခြင်း၊ ပေါင်တွင် ဓားမြှောင်ဖြင့် ထိုးကာစစ်ဆေး မေးမြန်းခြင်း၊ ခြေသလုံးများအား ဝါးလုံးနှင့် ကြိတ်ကာ ကေအိုင်အေစစ်သားအဖြစ် ဝန်ခံ ခိုင်းခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း၊ တရားရုံး၌ ဖြောင့်ချက်ပေးရသော အခါတွင်လည်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်း၏ကိုယ်ပေါ်၌ အသံဖမ်းစက်ကို တပ်ဆင် ပေးထားသဖြင့် ၎င်းတို့ ထွက်ဆိုခိုင်းသည့်အတိုင်း ထွက်ဆိုခဲ့ရကြောင်း ပြောကြားခဲ့သည်။

“အစကတော့ ကျွန်တော့်ကို ကေအိုင်အေ ဗိုလ်ကြီးဆိုပြီး ဝန်ခံခိုင်းတယ်။ကျွန်တော်က မဟုတ်ကြောင်း ငြင်းတယ်။ နည်းပေါင်းစုံနဲ့ ကျွန်တော်ကို နှိပ်စက်ပြီး ဝန်ခံခိုင်းတာ၊ နောက်ဆုံးတော့ ကျွန်တော်လည်း မခံနိုင်တော့လို့ စ.ရ.ဖ များပြောခိုင်းသလို သုံးရစ်ဆိုပြီး ပြောလိုက်ရတယ်” ဟု ဦးလထော်ဘရန်ရှောင်က ဆိုသည်။

ဦးလထော်ဘရန်ရှောင်မှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်စက်စေခိုင်းမှုဒဏ်ကို မခံနိုင်၍ ကေအိုင်အေ စစ်သားအဖြစ် ထောင်ဒဏ်ကျခံခဲ့ရခြင်း ဖြစ်ကြောင်း၊ စ.ရ.ဖ များဘက်မှ အခြား မည့်သည့် အထောက်အထားမျှ မပြနိုင်ဘဲ ၎င်းတို့ဘက်မှ တင်ပြသောသက်သေ အထောက်အထားများကို လျစ်လျူရှုခဲ့ကြောင်း၊ ဦးလထော်ဘရန်ရှောင်သည် ကေအိုင်အေစစ်သား လုံးဝမဟုတ်ကြောင်း၊ ကေအိုင်အို အဖွဲ့အစည်းနှင့် မည်သို့မျှ မပတ်သက်ခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်လူကြီးများက တူညီစွာ ပြောကြားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန် အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဆမ်ဆွမ်က“ကချင် တစ်ယောက်ကိုဖမ်းပြီး နှိပ်စက်လိုက်ရင် ကေအိုင်အေစစ်သား အလိုအလျောက် ဖြစ်သွားပါတယ်။ ဒါ ကချင်လူထုတွေ အားလုံး ခံစားနေရတဲ့ အရာဖြစ်တယ်။တကယ်တော့ စစ်ဘေးဒုက္ခသည်တွေဟာ စိတ်ဓာတ်ရေးရာရော ရုပ်ပိုင်းဆိုင်ရာတွေပါ ဒဏ်ရာ ခံစားနေရသူတွေ ဖြစ်ပါတယ်။

ဒီလိုစိတ်အားငယ်နေတဲ့ချိန်မှာ လှောင်အိမ်ထဲက ငှက်လို ကိုယ်လိုချင်တဲ့ အချိန်မှာ ဖမ်းပြီး၊ ရိုက်ပြီးမှ ကေအိုင်အေ မဟုတ်တာကို ဟုတ်အောင်လုပ်ခြင်းဟာ အင်မတန်မှ ရက်စက်လွန်းပါတယ်။ အင်မတန်မှ တရားလွန်လွန်းပါတယ်။ ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ မဖြစ်သင့်တဲ့အရာပါ” ဟု ဆိုသည်။

ဦးလထော်ဘရန်ရှောင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း ၎င်းအပေါ်တွင် ချမှတ်ခဲ့သော အပြစ်ကို ပယ်ဖျက်ပေးနိုင်ရန်အတွက် အယူခံဝင်သွားမည် ဖြစ်ကြောင်း၊ ခရိုင်တရားရုံးတော်တွင် အယူခံဝင်ထားမှုမှာ ပလပ်ခံခဲ့ရသဖြင့် ကချင်ပြည်နယ် တရားလွှတ်တော်သို့ ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း ဦးလထော်ဘရန်ရှောင်၏ အကျိုးဆောင်ရှေ့နေ ဦးဂျီမာခါး ဆိုသည်။

ယနေ့ပြုလုပ်ခဲ့သော လူထုရှင်းလင်းပွဲတွင် ကာယကံရှင် ဦးလထော်ဘရန်ရှောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဇေညွယ်၊ ရှေ့နေ ဦးဂျီမားခါး၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်လူကြီးများက ရှင်းလင်း တင်ပြခဲ့ကြပြီး ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်