
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဦးမြင့်ဇော်၊ ဦးသိန်းအောင်၊ ဒေါက်တာပွင့်ဆန်းနှင့် ဒေါက်တာ မောင်မောင်သိမ်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောမူနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းနိုင်ငံခြား သတင်းထောက်များ၊ စာနယ်ဇင်းများနှင့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုကဲ့သို့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၁၉၈၈ ခုနှစ်မတိုင်မီက ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တွင် တင်ရှိနေသည့် ကြွေးမြီများကို ရှင်းလင်းနိုင် ရန် ဆောင်ရွက် မည့် အစီအမံများကို လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ကြွေးမြီများ ရှင်းလင်းရာတွင် မြန်မာနိုင်ငံ၏ အရန် နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ အလှူရှင်များ ၏ ထောက်ပံ့ငွေ များဖြင့် ပေးချေခြင်း၊ ပေါင်း ကူးချေးငွေဖြင့် ပေးချေခြင်း၊ ကြွေးမြီလက် ကျန်များ ရှင်းလင်းရေးအတွက် အထူးအကူအညီဖြင့် ပေးချေခြင်းဆိုသည့် နည်းလမ်းလေး သွယ် ရှိသည့်အနက် မြန်မာနိုင်ငံနှင့် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည့် ပေါင်းကူးချေးငွေ ရယူခြင်းဖြင့် ပေးဆပ်ခြင်း ကို ရွေးချယ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ပြီး ကြွေးမြီလက်ကျန်များ ရှင်းလင်းရေး ဆောင်ရွက်မည့် အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး နဝမနေ့၌ တင်ပြအတည်ပြုချက် ရယူခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၂ရက်နေ့ထုတ် Daily Eleven သတင်းစာ၏ သတင်းဆောင်းပါး တစ်ခုတွင် ဖော်ပြခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော် မပေးခဲ့ခြင်းဆိုသည့်အချက်သည် လုံးဝမှားယွင်းသည်ကို အခိုင်အမာ ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံရှိ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်ကလည်း အဆိုပါ သတင်းရေးသားချက် မှားယွင်းကြောင်းကို စာဖြင့် ရှင်းလင်း အကြောင်းကြားထားသည့် အထောက်အထားများ မိမိတွင်ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း စာနယ်ဇင်းများ အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်ပါ အရေးအကြီးဆုံး အချက်ဖြစ်သည့် ပြည်သူကို အသိပေးမည့် သတင်းတိုင်းတွင် အချက်အလက်များ တိကျမှန်ကန်စေရန် အစွမ်းကုန် စိစစ်ရမည်ဆိုသည့် အချက်ကို အလေးထားကြစေလိုပါကြောင်း၊ တိကျခိုင်မာမှု မရှိသည့် သတင်းအချက်အလက်များ ရေးသားခြင်းဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ပြည်သူများက အထင်အမြင် မှားစေနိုင်ပါကြောင်း၊ ယခုဖြစ်စဉ်တွင် စာနယ်ဇင်းများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စိစစ်အတည်ပြု မေးမြန်းခြင်း မရှိခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ တွေ့ဆုံပွဲတွင် အသေးစားချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ တွင်းထွက်သယံဇာတ အရင်းအမြစ် ဆိုင်ရာ လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) အဖွဲ့ ဝင်ဖြစ်ရေး ဆောင်ရွက်နေမှု၊ တရားမဝင် ငွေကြေးနှင့် ငွေကြေးခဝါချမှု၊ လယ်ယာမြေဆိုင်ရာ၊ စတော့အိတ်ချိန်း တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်း လင်း ဖြေကြားခဲ့ကြ သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထား ပါသည်။
From:ခေတ်လူငယ်
Sunday, September 22, 2013
မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဆိုသည့်အချက် လုံးဝမှားယွင်း
Posted by drmyochit
Sunday, September 22, 2013, under သတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment