Thursday, September 12, 2013

အောင်မြင်ကျော်ကြားမှုသည် ခက်ခဲကြမ်းတမ်းဟု ရိုစီဟတ်တင်ဂမ် သုံးသပ်

Posted by drmyochit Thursday, September 12, 2013, under | No comments

ဗြိတိသျှ နာမည်ကျော် အလှမယ်က သူမအနေဖြင့် အောင်မြင်ကျော်ကြား လူသိများလာလေလေ၊ ယင်း၏ ဘေးထွက်ဆိုးကျိုးများနှင့် ကြုံရလေလေ ဖြစ်လာကြောင်း ဖွင့်ဟခဲ့သည်။

အောင်မြင် ကျော်ကြားမှု ဆိုသည်မှာ ခက်ခဲကြမ်းတမ်းသည့် အရာတစ်ခုဖြစ်ကြောင်း ရိုစီ ဟတ်တင်ဂမ် ဝှစ်တလီက ဖွင့်ဟ ပြောကြားလိုက်သည်။ ဗြိတိသျှ နာမည်ကျော် အလှမယ်က သူမအနေဖြင့် အောင်မြင်ကျော်ကြား လူ သိများလာလေလေ၊ ယင်း၏ ဘေးထွက်ဆိုးကျိုးများနှင့် ကြုံရလေလေ ဖြစ်လာကြောင်း ဖွင့်ဟခဲ့သည်။ ရိုစီသည် မော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်လာသလို Transformers: Dark of the Moon ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် မင်းသမီး တစ်လက်အဖြစ်ပါ ပရိသတ် လက်ခံမှု ရရှိလာသည်။ ထို့အပြင် နာမည်ကျော် အက်ရှင်မင်းသား ဂျေဆန်စတက်ဟမ်းနှင့် ချစ်သူများ ဖြစ်ခဲ့ခြင်းကလည်း သူမအပေါ် လူအများ အာရုံစိုက်မှုကို ပိုမို ရရှိခဲ့သည်။

အသက်(၂၆)နှစ်ရှိ ရိုစီက သူမအနေဖြင့် အောင်မြင်မှုများအတွက် ကျေနပ်ကြောင်း ဝန်ခံခဲ့သော်လည်း ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်များ ဆုံးရှုံးသွားသည်ကို ရုန်းကန်ရကြောင်း ဆိုသည်။ ဗြိတိန်ထုတ် Grazia မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ရိုစီက "ကျွန်မရဲ့ မော်ဒယ်လ်ဘဝ ပထမဆုံး နှစ်တွေမှာ အလုပ်ရဲ့ စိန်ခေါ်မှုတွေက ခက်ခဲခဲ့ပါတယ်။ ခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားတယ်။ အလုပ်မှာ ကျွန်မက ပိုပြီး လိုက်လျောညီထွေ သက်တောင့်သက်သာ ရှိလာတယ်။ ဒါပေမဲ့ အောင်မြင်ကျော်ကြားမှုဟာ တခြားအနေအထား တစ်ခုကနေ ကျွန်မကို အခက်အခဲတွေ ကြုံလာစေခဲ့ပါတယ်။ ကျွန်မ မလိုလားတဲ့ အခြေအနေမျိုး ဆိုပါတော့"ဟု ဖွင့်ဟခဲ့သည်။

သူမက "ကျွန်မရဲ့ အသက်မွေးအလုပ် အစပိုင်းမှာ လူတွေဆီက အာရုံကို သိပ်မရခဲ့ပါဘူး။ ဒီတော့ ကျွန်မမှာ ဖိအားလည်း နည်းခဲ့တယ်။ ခုတော့ ကျွန်မဘာလုပ်လုပ် လိုက်ကြည့်မယ့် မျက်လုံးတွေ အများကြီးပဲ။ အရာရာကို ထိန်းသိမ်းနေရတယ်။ ကျွန်မ ဆယ်ကျော်သက် ဘဝတုန်းက ခပ်ရမ်းရမ်း ခပ်ဆိုးဆိုး ကောင်မလေးပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒါမျိုးဖြစ်နေလို့ မရတော့ဘူးလေ။ အောင်မြင်လာသူ တစ်ယောက်ရဲ့ ဘဝဟာ အခက်အခဲတွေ ရှိပါတယ်။ အထိန်းအကွပ်တွေကလည်း ကျပ်တည်းလွန်းပါတယ်"ဟု ပြောကြားသွားခဲ့သည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်